သောတာပန်

သောတာပန်ဟူသော ပုဒ်သည် သောတာပန္န-ဟူသော ပါဠိပုဒ်ကို မြန်မာမှုပြုထားသော ပါဠိသက်ဝေါဟာရဖြစ်၏။ သောတာပန္န-ဟူသော ပုဒ်သည် သဒ္ဒါနည်းအရ သောတနှင့် အာပန္န-ဟူသော ပုဒ်နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်၏။ ဤတွင် သောတ-အရ သမ္မာဒိဋ္ဌိ-စသော မဂ္ဂင်ရှစ်ပါးကို ရ၏။ ထိုမဂ္ဂင်ရှစ်ပါးသို့ ရှေးဦးစွာ ရောက်သောသူသည် သောတာပန္န-မည်၏။

အနည်းငယ်ထပ်၍ ရှင်းရလျှင် `သ၀တိ သန္ဒတီတိ သောတော= မဆုတ်နစ်ဘဲ တစ်စီးတည်း စီးသွားတတ်သောကြောင့် သောတ-မည်၏။ ဤအလို ရေအလျဉ်ကို ရ၏။ သောတော ၀ိယာတိ သောတော= ရေအလျဉ်နှင့်တူသောကြောင့် သောတမည်၏။

ဤအလို အဋ္ဌင်္ဂိကအရိယမဂ်-ဟူသော မဂ္ဂင်ရှစ်ပါး မြတ်တရားကို ရ၏။ ဟိမ၀န္တာတောင်မှ စ၍ စီးဆင်းလာသော ဂင်္ဂါမြစ်ရေသည် နောက်ပြန် ဆုတ်နစ်ခြင်း မရှိဘဲ သမုဒ္ဒရာအထိ ရောက်အောင် ဆက်လက်စီးဆင်း သွားသကဲ့သို့ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါး မြတ်တရားသည်လည်း ရှေးဦးစွာ ဖြစ်ပေါ်လာရာ သောတာပတ္တိမဂ် ခဏမှစ၍ သတ္တိအင်းအား နည်းပါးဆုတ်နစ်ခြင်းမရှိ တဆင့်ထက်တဆင့် ရင့်သထက်ရင့်ကာ နိဗ္ဗာန်တည်းဟူသော သမုဒ္ဒရာသို့ ၀င်ရောက်လေတော့၏။

``ဗုဒ္ဓ ဓမ္မ၊ သံဃကိုယုံ၊ မတုန်လှုပ်ဘိ၊ အရိယကန္တ၊ သီလငါးဖြာ၊ စုံညီညာ၊ သောတာပတ္တိယင်။´´ဟူသည်နှင့်အညီ သောတာပတ္တိမဂ်၏ အင်္ဂါအစိတ်အပိုင်း သောတာပတ္တိယင်္ဂ၊ ၀ါ- တရားမှန်တော်ကြီး =ဓမ္မာဒါသ အမည်ရသော

သောတာပန် ဖြစ်ကြောင်း အင်္ဂါလေးချက်

(၁) ဘုရားရှင်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
(၂) တရားတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
(၃) သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
(၄) အရိယာတို့ နှစ်သက်အပ်သော ငါးပါးသီလ မကျိုးမပေါက် မပြောက်မကြားခြင်းတို့ ဖြစ်၏။
သောတာပန်ဖြစ်လျှင် ဤတရားလေးပါးနှင့် ပြည်စုံမြဲဖြစ်၏။
`
`သဟာဝဿ ဒဿနသမ္ပဒါယ၊
တယဿု ဓမ္မာ ဇဟိတာ ဘ၀န္တိ။
သက္ကာယဒိဋ္ဌိ ၀ိစိကိစ္ဆိတဉ္စ၊
သီလဗ္ဗတံ ၀ါပိ ယဒတ္ထိ ကိဉ္စိ။´´ ဟူသည်နှင့်အညီ သောတာပန်ဖြစ်သည်နှင့် တပြိုင်နက် `သက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ´ တရားသုံးပါးနှင့် ကိလေသာအချို့ကို ပယ်ရှားအပ်ပြီး ဖြစ်၏။

ထိုသောတာပန်ပုဂ္ဂိုလ်သည် ကိလေသာများ ကြွင်းကျန်သေး သော်လည်း အပါယ်လားကြောင်း မကောင်းမှုတို့ကို ပြုလုပ်ခြင်း မရှိသောကြောင့် အ၀ိနိပါတဓမ္မော= အပါယ်သို့ လားရခြင်း သဘော မရှိတော့။ နိယတော= မဂ်ဟူသော နိယာမဖြင့် မြဲသော သဘောရှိ၏။ သမ္ဗောဓိပရာယဏော= အထက်မဂ်သုံးပါးလျှင် လည်းလျောင်းရာရှိ၏။ အထက်မဂ်ကိုသာ ရဖို့ရှိ၏။ အောက်သို့ (လောကီဈာန်များကဲ့သို့ ) လျောကျရိုး ထုံးစံ မရှိ။

သို့ရကား ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူများသည် ယခုဘ၀၌ မဂ်ဖိုလ်ရမည်မှန်လျှင် သကဒါဂါမိ မဂ်ဖိုလ်ကိုသာ ရဖို့ အကြောင်းရှိ၏။ သောတာပတ္တိမဂ်ဖိုလ်ကို တဖန်ထပ်၍ ရဖွယ်မရှိ။ အကြောင်းကား ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူသည် မဂ်၏ နိယာမသဘောအရ မွေးကတည်းက သောတာပန်အဖြစ် မွေးလာသောကြောင့်တည်း။

ထို့ကြောင့် မြတ်စွာဘုရား လက်ထက်က တရားတစ်ပုဒ် ဟောပြီးတိုင်း သောတာပန်ဖြစ်ကြသော ပုဂ္ဂိုလ်တို့တွင် ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူများ မပါပါ။ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ကြသော ပုဂ္ဂိုလ်တို့တွင်ကား ပါနိုင်ပါသည်။

ဘ၀တစ်ခုမှ သောတာပန်ဖြစ်ပြီးသူများ လက်ရှိဘ၀တွင် မည်သို့ ထူးခြားမှု ရှိနိုင်ပါသနည်းဟူရာ၌ `ဆစ္စာဘိဌာနာနိ အဘဗ္ဗကာတုံ´ ဟူသော ရတနသုတ် ပါဠိတော်နှင့်အညီ

၁။ မာတုဃာတ= အမိ သတ်ခြင်း။
၂။ ပိတုဃာတ=အဘသတ်ခြင်း။
၃။ အရဟန္တဃာတ= ရဟန္တာသတ်ခြင်း။
၎။ လောဟိတုပ္ပါဒ= ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခြင်း။
၅။ သံဃဘေဒ = သံဃာကို ကွဲပြားအောင်ပြုခြင်း။
၆။ အညသတ္ထာရုဒ္ဒေသ =ဘုရားမှတပါး အခြားဆရာကို ကိုးကွယ်ရာဟု ညွှန်းခြင်း ( ဘာသာပြောင်းခြင်း ) ဟူသော အဘိဋ္ဌာနခြောက်မျိုးကို ယခင်ဘ၀က သောတာပန်ဖြစ်ပြီး သူသည် ယခုဘ၀၌ မိမိ၏ သောတာပန်အဖြစ်ကို မသိသော်လည်း မဂ်၏ မပြောင်းမလဲတည်မြဲသော နိယာမသဘောအရ မပြုလုပ်တော့။

ယခုဘ၀၌ ဘုရား တရား သံဃာဟု ရတနာသုံးပါး ထင်ရှားရှိလျှင် ဘာသာခြား၌ မွေးသော်လည်း အရွယ်ရောက်သော အခါ ရတနာသုံးပါးကိုသာ ယုံကြည်ကိုးကွယ်ရာ၏။
မိမိ၏ သဘောဆန္ဒအရသော်လည်းကောင်း၊ သူတစ်ပါး၏ တိုက်တွန်းချက်ကြောင့်သော်လည်းကောင်း ပါဏာတိပါတစသော အမှုတို့ကို မပြုလုပ်တော့။ (အထက်တွင် သောတာပန်သည် အမိသတ်ခြင်း စသည်တို့ကို မပြုတော့ဟု ဟောတော်မူခြင်းသည် ပုထုဇဉ်အဖြစ်ကို ကဲ့ရဲ့လို၍သာဖြစ်သည်။

အမှန်မှာ မည်သည်သတ္တ၀ါမျှ မသတ်တော့။ ပုထုဇဉ်တို့ကား သတ္တ၀ါသာမညကို ထားဘိဦး မိခင်အရင်းကိုပင် သတ်ဖြစ်ဖို့ အလားအလားရှိလေ၏။) ငါးပါးသီလကို အသက်ဟူသော အကြောင်းကြောင့်ပင် ဖောက်ဖျက်ကျူးလွန်မှု မပြုတော့။

တပါးသော သူတို့က အတင်းအကျပ် ရေနှင့်အရက်ကို ရောယှက်၍ တိုက်လျှင်ပင် ရေသာဝင်၍ အရက်မ၀င်ဟု ဖွင့်ပြကြ၏။ (မဂ်၏ အစွမ်းသတ္တိကြောင့် မမူးခြင်း၊ သို့မဟုတ် သောက်သမျှ ဓာတ်မတဲ့သကဲ့သို့ ဖြစ်ကာ အန်ထွက်ခြင်း၊ သို့မဟုတ် Alcohol ဓါတ်ပျက်ကာ H2 O ဟူသော ရေဓာတ်သာ ၀င်ရောက်သွားခြင်းကို ဆိုလို၏ ဟု ယူဆရပါသည်။)

ထိုသို့ ငါးပါးသီလမြဲခြင်း၊ အယူမမှားခြင်းတို့အပြင် သောတာပန်အဖြစ် မွေးဖွားလာသော ပုဂ္ဂိုလ်၌ အခြားသိသာသော အချက်များမှာ သမ္မာအာဇီဝနည်းဖြင့်သာ စီးပွားရှာခြင်း၊ သူတစ်ပါး ကြီးပွားချမ်းသာသည်ကို မနာလိုငြူစူသော ဣဿာ၊ မိမိစီးပွား မိမိ ရပိုင်ခွင့်များကို နှမြောတွန့်တိုသော မစ္ဆရိယများ မရှိခြင်း၊ အဂတိလေးပါး မလိုက်စားခြင်း၊ ဘုရားရှင်ကို အကြောင်းပြု၍ ဒေါမနဿမဖြစ်ခြင်း၊ လွန်ကျူးမိသော အပြစ်များကို ဖုံးကွယ်ထားမှု မရှိခြင်း စသည်တို့ ဖြစ်၏။

(ယခုခေတ် ရိပ်သာအမည်ခံ ဌာနအချို့မှ အလွယ်တကူ သောတာပန်ဖြစ်လာသူများကိုလည်း အထက်ပါ အချက်များဖြင့် တိုက်ဆိုင်ကြည့်နိုင်ပါသည်။)
အဋ္ဌကထာတွင် `ဒဿနသမ္ပန္နောတိ သောတာပန္နော။ = ဒဿနသမ္ပန္န- ဉာဏ်အမြင်နှင့် ပြည့်စုံသူဟူသည် သောတာပန် ပင်တည်း။ -ဟု ဖွင့်ပြ၏။ (အံ။ဋ္ဌ၊၃၊ ၁၇)

ကိုးကား
အရှင်ကောဝိဒ (ယော)(သောတာပန် ပြဿနာ ရှင်းတမ်း)
Comments