သျှင်ဥတ္တမကျော်

သျှင်ဥတ္တမကျော်သည် ရဟန်းစာဆိုဖြစ်၍ အင်းဝခေတ်၌ ထွန်းကားသည်။ ပေလေးပင် သျှင်လေးပါးတွင် တပါးအပါအ၀င် ဖြစ်သည်။ သျှင်ဥတ္တမကျော်သည် သျှင်မဟာသီလ၀ံသ သျှင်မဟာရဋ္ဌသာရ စသူတို့နှင့် တခေတ်တည်း ထွန်းကားသည်။ သျှင်မဟာသီလ၀ံသနှင့် ကျောင်းနေဖက် သူငယ်ချင်းပင် ဖြစ်ခဲ့ဖူးသည်။ သို့ရာတွင် သျှင်မဟာသီလ၀ံသ၊ သျှင်မဟာရဋ္ဌသာရတို့ကဲ့သို့ မင်းနေပြည်ဝယ် သီတင်းသုံးခြင်း မပြုခဲ့။ မင်းဆရာ မလုပ်ခဲ့။ ဆရာတော်ကို အင်းဝဘုရင် ဒုတိယမင်းခေါင်နှင့် သားတော် ရွှေနန်းကြော့ ရှင်ဘုရင် နရပတိတို့က မင်းနေပြည်တော်မှာပင် သီတင်းသုံးလျက် မင်းဆရာလုပ်ရန် အကြိမ်ကြိမ်တောင်းပန် လျှောက်ထားဖူးသည်။ ဆရာတော်သည် လက်မခံခဲ့။ 

လူအများစုနှင့် အလှမ်းဝေးရာ ဖြစ်သည့် တောတောင်အရပ်ဒေသ၌ တကိုယ်တည်း လှည့်လည်သီတင်းသုံး နေထိုင်ခဲ့သည်။ ၀ါးကျောင်းငယ်၌ သီတင်းသုံးလျက် တရားအားထုတ်ခဲ့ခြင်း၊ ကဗျာဖွဲ့ဆိုခြင်း တို့ကို ပြုခဲ့လေသည်။

ဆရာတော် ရေးဖွဲ့ခဲ့သော စာတို့အနက် နှောင်းသူတို့ အခိုင်အမာ ရှာဖွေတွေ့ရှိသမျှမှာ တောလား ၉-ပုဒ်သာ ရှိသည်။ နှောင်းသူတို့ ရှာဖွေမတွေ့ရှိဘဲ တိမ်မြုပ်နေသော ဆရာတော်၏ စာများ ရှိလိမ့်ဦးမည်ဟု ပညာရှင်အချို့က ခန့်မှန်းကြသည်။ မည်သို့ပင်ဖြစ်စေ ထိုတောလား ၉-ပုဒ်ဖြင့်ပင် ဆရာတော်သည် မြန်မာစာပေလောက၌ ထင်ရှားနေပေသည်။ ဆရာတော်၏ တောလား ၉-ပုဒ်ကို ဒေါက်တာဘဟန်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။

ဆရာတော်သည် တောလား ၉-ပုဒ်အနက် နောက်ဆုံးအပိုဒ်တွင် မိမိ ဘုရားဆုကို ပန်ကြောင်းဖွဲ့ဆိုသည်။ အခြား ၈-ပုဒ်တွင်ကား ဗုဒ္ဓမြတ်စွာ ဘုရားသခင် ကပ္ပိလ၀တ်ပြည်ကို ၀င်တော်မူရာတွင် တောခြေစုံတခွင်ကို ဖြတ်သန်းကြွချီပုံ ဖွဲ့ဆိုသည်။ သို့ဖွဲ့ဆိုရာ၌ ဘုရားသခင်အား လောကဓာတ်အလုံး ညွှတ်ပျောင်းပူဇော်ဟန်ကို ပြဆိုလိုသဖြင့် တော၊ တောင်၊ ရေ၊ မြေ၊ သစ်ပင်၊ ပန်းမန် စသော သဘာဝအလှတို့ကို အသားပေး ဖွဲ့ဆိုလေသည်။

ဆရာတော်သည် တောတောင်ဒေသတခွင်တွင် လှည့်လည်သီတင်းသုံးသူဖြစ်ရာ သဘာဝအလှကို ကောင်းစွာခံစားသိရှိသူ ဖြစ်သည်။ ထို့ပြင် ကဗျာဉာဏ်ခံလည်း ကြီးမားသူဖြစ်ရာ သဘာဝအလှကို ဖွဲ့ဆိုရာ၌ လွန်စွာပိုင်နိုင် ထိမိလှသည်။ ထို့ကြောင့် ပညာရှင်များက ဆရာတော်ကို သဘာဝ စာဆို-ဟူ၍ပင် ခေါ်ဝေးသမုတ်ကြသည်။

ဆရာတော်သည် ကောင်းကင်၌ အရောင်အမျိုးမျိုး၊ အသွင်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းနေသော တိမ်တို့၏ တင့်တယ်ဟန်ကို-
တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်
တိမ်ပြာရောယှက်၊ မရန်းဖက်၍
တိမ်သက်တန့်ရောင်၊ အ၀ါပေါင်ဝယ်
မှောင်ခဲ့တခါ၊ ပြာခဲ့တချို့
ညိုခဲ့တလီ၊ ရီခဲ့တဖုံ
မှုန်ခဲ့တချက်၊ ယုဂန်ထက်က 
လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း
နဂါးရုံကြွေ့၊ ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့---

ဟူ၍ ဖွဲ့ဆိုထားရာ လွန်စွာထိမိပိုင်နိုင်လှပေသည်။ ပန်းချီဆရာများပင် နည်းမှီ အတုယူခဲ့ရပေသည်။

ဆရာတော်သည် သဘာဝအလှကို ရေးဖွဲ့ခဲ့ငြားလည်း လူသားတို့ကို မပစ်ပယ်ခဲ့။ အထူးသဖြင့် လယ်သမား၊ ယာသမားများကို မပစ်ပယ်ခဲ့။ သူ့ကဗျာတွင် တောတောင်အရပ်ဒေသ၌ သူ့နည်းတူ မထင်မရှားနေကြသော တောင်ပေါ်သား၊ တောင်ယာသမားများ၏ အမူအရာကို --

ဝသန်ကာလ၊ ရာသီစ၀ယ်
ထွန်ချမင်္ဂလာ၊ တောင်သူမှာလည်း
ဘာသာဓလေ့၊ 
ပျော်မွေ့စိုက်ပျိုး၊ ကောက်ပဲမျိုးကို 
အားကြိုးလုံ့လ၊ ဂုဏ်စွမ်းပြလျက်

စသည်ဖြင့် ဖွဲ့ဆိုခဲ့ပေသည်။

သျှင်ဥတ္တမကျော်သည် သက္ကရာဇ် ၈၁၅-ခုနှစ်၌ ဖွားမြင်၍ သက်တော် ၈၉-နှစ်အရွယ် သက္ကရာဇ် ၉၀၄-ခုနှစ်တွင် ပျံလွန်တော်မူသည်ဟု ဆိုလေသည်။

ကိုးကား

ဝင်းစုထက်
(မင်္ဂလာမောင်မယ် ၂၀၁၁-ခု ဧပြီလ)
Comments