တာရာမင်းဝေ၏ကဗျာများ

တာရာမင်းဝေ ၏ ကိုယ်ရေး ရာဇ၀င် ကိုဖတ်ရန် ဒီမှာနှိပ်ပါ ။

ရစ်သမ်လေးတစ်ခု

(၁)
ကိုယ်မြင်းကိုယ်စိုင်းတာပဲ
စစ်ကိုင်းဟာ
စကြဝဠာအပြင်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်
(၂)
ကိုယ့်လှေကိုယ်ထိုးတာပဲ
ပဲခူးဟာ
သမုဒ္ဒရာရဲ့ အခြားတစ်ဖက်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်
(၃)
ကိုယ့်ဘဝကိုယ်ဆောက်တာပဲ
ပါးနွဲ့တဲ့ဆပ်ပြာပူဖောင်းကလေး ဖြစ်ခဲ့ရင်တောင်
နောက်ဆုံးအချိန်ကျမှ
ထစ်ချုန်းသံလှလှနဲ့
ပေါက်ကွဲပြသွားမယ်။

တာရာမင်းဝေ



တစ်ဝက်တစ်ပျက်မှတ်တမ်း

ပထမမြောက် ရဲရင့်ခြင်းအဖြစ်
အမေက ငါ့ကိုဆွဲဖွင့်တယ်
ယမမင်းရဲ့ သြဝါဒက ပြက္ခဒိန်တွေကို ဟောင်းမြစေရဲ့ ..

ငါ့ရင်ဘတ်ထဲမှာက မီးပွင့်ဖဲချပ်တွေတစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓားသွားတစ်ခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီတဲ့

ငယ်ငယ်ဝံ့ဝံ့လောကဓံနဲ့
ဆောင်းဦးလေပြေကိုပန်ချင်တဲ့ကောင်
မရေးရသေးတဲ့ အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့ ဝှက်ထားတဲ့ ဗြတ်စောင်းပဲ

သေနတ်တစ်လက်ရဲ့ ပြောင်းထဲမှာ
ကျည်ဆံလို ငါဂူအောင်းဖူးတယ်
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့အသံများ
နက္ခတ်ဦးလို ပျံစေသား …။

တာရာမင်းဝေ



ထီးကလေး

ကျွန်တော့်ကောင်းကင်သည်မို့ပြာအုံ့မှိုင်းလျက်ရှိ၏
ကျွန်တော့်တောင်ကုန်မှာခတ္တာရနံ့တို့ ထစ်ခြုန်းပြီ။

ကျွန်တော် မိုးရွာတော့မည်လော ဟု ငြိမ်သက်တွေးတောရင်း
တစ်ခါတုန်းက ထီးကလေးကို သတိရနေမိတော့၏ ..

တာရာမင်းဝေ



ပြုစားခဲ့တဲ့သူ

မနေ့ကမှ ကိုယ့်ကိုယ်ကိုငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော့်ရဲ့ ဝင်သက်ထွက်သက်ကလေးတောင် အရပ်အတော်မြင့်ခဲ့ပြီ။

လမ်းထိပ်က သွေးနွေးသတ္တဝါတွေအတိုင်းပါပဲ
လောကဓံခွန်းကြီးခွန်းငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ဝူးဝူးဝါးဝါး နဲ့ လူအဖြစ် ပွင့်ခဲ့ရတာပါ။

တကယ်ဆို ကဗျာဟာ အချစ်ဦးမသိအောင် ရေးရတဲ့အရာပေါ့
ကံ့ကော်နဲ့ အဖူးရောအပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ
အဲဒီလို မာယာအမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ ။

တစ်ရံတစ်ခါလေပူအဝေ့တွေမှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ တုန်ခါယိမ်းသွေ့ဖူးတယ်
အဲဒါကလွဲရင် သူလိုကိုယ်လို လောက်တောင် ကျွန်တော်မကွေ့ကောက်ခဲ့ပါဘူး ။

ကျွန်တော်နဲ့သိုးထိန်းတို့ ခုလိုမျိုး စကားစိမ်းဆိုကြ
အော် .. တစ်ခုတော့ရှိတယ်
ကျွန်တော်မပါပဲလည်း ဧရာဝတီဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကိုပြောဖို့ ကျန်ခဲ့တယ်။

တာရာမင်းဝေ



မုန့်ကြိတ်ဆုံလုပွဲ

ဆီမထည့်နိုင်တဲ့ တံခါးကြောင့် ခြေထောက်တွေ တအီအီ ဝင်လာကြ
သူတို့မှုတ်ထားတဲ့ စကားလုံးတွေနဲ့ပဲ ငါ့ကို ဖောင်းကဲ ဖောက်ကြ…။

အဲဒီလိုနဲ့ပဲ နတ်တွေကတောင် ကစားရမလို နားရမလို
(ငါလိုကောင်အတွက်ကတော့ ပြောမနေနဲ့တော့..)

သေချာတာက ငါဟာ နွေတွေလို ဆောင်းစား သတ္တဝါမဟုတ်ဘူး
ဖြေဆေးကိုင်ပြီး ပွင့်ပေးမယ့် ပဒိုင်းပန်းလည်းမဟုတ်ဘူး
ဒါပေမယ့် ထားလိုက်ပါတယ် မေ့ထားလိုက်ပါတယ်…


ရှိသမျှ လင်းစရာဝေစရာလေးတွေကို သေခိုင်းလိုက်ပြီ
ဘယ်တောအုပ်မှာမှ သစ်ပင်နံပါတ်ပြောပြီး အမြစ်မချချင်ဘူး
သောကြာနေ့အချင်းချင်း အပျင်းခံရရင် … နာတယ်.

လှံတံက ခေါ်လို့မလိုက်ရင်လည်း ပင်အပ်ယူပြီး လာမစိုက်နဲ့
မင်းတို့ ကျေနပ်ရင် ငါလိုမြေက နိမ့်မြဲ နိမ့်ပေးလိုက်မယ်
လပြည့်ဝန်းကို ပိန်ချွန်းချွန်းထိုင်ကြည့်နေရရင်ပဲ .. ငါ့အတွက် ဖြစ်ပါတယ်။

တာရာမင်းဝေ


သိဟ်ရာသီဝတ်ရုံ

အမုံအဖူးတွေဖြစ်ခဲ့ပြီးမှတော့ အပွင့်ဆက်ဖြစ်ရတော့မှာပေါ့
ဒါပေမယ့် ..
အဲဒီနေ့ကို ကျွန်တော့်ရဲ့ သစ်ပင်ကလေးတွေ ပြန်ရောက်မလာကြတော့ဘူး။

မျက်နှာပေါ် ဖိနပ်မချွတ်ပဲ တက်လာတဲ့အပြုံးကို
မုန်းတယ် …
သုညဝင်စားသလိုလိုနဲ့ ကိုယ်ကပဲ ကွေ့လျားဝိုင်းစက်
ပြီးဆုံးသည်ထိ တိုင်အောင် အိမ်ထရံမှီပြီး ရှက်ရတယ်။

ခုတော့လည်း မဆင်မခြင် လိမ္မာလိုက်ပါပြီ
ဂီတတွေကို ပိုပိုလိုလို တီးမှုတ်ယူမသွားတော့ဘူး
မုယောအပွင့်ကလေးကိုလည်း မြေပြင်ဆီ ပြန်ပစ်ပေးလိုက်ပြီ။

၁၈း၀၀ နာရီ
ရထားဟာ လှလှပပကြီး တံခါးဖွင့် ဝင်ရောက်လာပါရဲ့
ဒါပေမယ့်
အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ ကြာပြီ။ ။

တာရာမင်းဝေ



တစ်နေ့တာ

တွေ့ကြတော့လည်း အဲဒီသီချင်းကြီးဟာ မျက်နှာမသာမယာနဲ့
ဝို့ဝို့ဝေးဝေး အသံပြုလို့ ကျွန်တော့်ကို တံတျာတေရှင်တယ်
စိတ်ရှည် လက်ရှည် နောက်ဆုတ်ပေးပြီး နားချဉ်ခဲ့တယ် ။

မရဲပဲ ရင့်တဲ့ အတင်းပြောသူတွေနဲ့လည်း ဆုံတယ်
စာမျက်နှာကို သေနေတဲ့ ဗုံလို တီးခတ်ပြီး လက်ရုံးရေးပြတယ်
အဲဒီအချိန်မှာပဲ .. တော်တော့ .. တော်တော့ လို့
ကုလားအုတ်ကြီး တစ်ကောင်က အောက်အီးအီးဝင် “ အွတ်” တယ်
ပြီးမှ သူတို့ချင်း မိတ်ဖြစ် ဆွေဖြစ် စကားဆက်များတယ်။

ကိုယ့်ကြောင့်ပဲ သူ့ကိုယ်သူ သီးခံထားရသလို ဘတ်စကားက ပြောတယ်
ဝါသနာပါတိုင်း ရွှေမန်းတင်မောင် လုပ်လို့မရမှန်း သူမသိဘူး
စာရေးကြီးကလည်း ဒဿန ဟပြဲနဲ့ တစ်ခရီးစာနေထိုင်တယ်
ကျွန်တော်ကလည်း လူပဲ နည်းနည်းနဲ့ကြဲကြဲတော့ စိတ်ညစ်တယ် .။

အိမ်ရောက်ပြီ
ကိုယ့်ကိုဖွင့်တဲ့သော့ကလေး ကိုယ်ပြန်ကောက်ရလိုက်ပြီ
၁ ၁/၂ လ ရှိတဲ့သားကလေးက ‘ အေး … အေး ” လို့ လှမ်းခေါင်းညိတ်တယ်
ချမ်းမြေ့လိုက်တာကွယ် ခုမှပဲ အမောတွေ တဗောက်ဗောက် ကွာကျတယ် ..

စိတ်ချသား
အဖေ အိမ်ကိုပြန်လာခဲ့ပြီပဲ .. တခြား ဘယ်ကိုမှ မပြန်တော့ဘူး ….။ ။

တာရာမင်းဝေ



ပူဖောင်းကွဲသူ

ဟိုတုန်းကတော့ ပူဖောင်းကလေးတွေလို ဖြူမွေ့ပါးလျား
အဲဒီနွေရာသီလေးကို ဘယ်သူမှ ခိုးမစားခဲ့ကြဘူး ။

မြို့ကလေးရဲ့ ရင်ဘတ်ကို ကြယ်သီးဖွင့်ပြီး ကြည့်လိုက်ရင်
တိမ်တွေကို ဘယ်တော့မှ တွန်းမလှဲတတ်တဲ့ ကောင်းကင်..
…… မြင်ရတယ်။

နောက်တော့လည်း ကျွန်တော်တို့တတွေ ကျွတ်ကျွတ်ရွရွ ဝေးကွာသွား
ဘဝသံသရာ သီချင်းထဲကလို ရထားကြီး မဟုတ်တော့ဘူး
အကိုင်းချင်း မတူပေမယ့် ဒီအတိုင်းပွင့်ကြလိမ့်မယ် လို့
…. ကျွန်တော် ထင်မှတ်မှား …

မြို့ကလေးကို သတိရမိတဲ့တစ်နေ့
ကိုယ့်ကိုယ်ကို သတိမရတဲ့ နယ်လွန်သားတွေပြန်လည် ဆုံတွေ့ကြ
မေမေရယ် ..
ပူဖောင်းကို မန်းမှုတ်သလို မှုတ်ခဲ့မိတဲ့အတွက်
ကျွန်တော်ဟာ ဝလုံးတစ်လုံးစာ စိမ့်ပြီး ရှက်ခဲ့ရပေါ့ ..။

အဲဒီမှာ ..
တချို့ဟာ ရယ်သလိုမောသလို အမှောင်ပွက်ပွက်ထ
တချို့ကျတော့လည်း
လိမ္မာပါးနပ်လွန်းတဲ့ အလင်းတန်းကြီး အမြီးနှစ်ခွနဲ့ …။

မေမေ…
အားလုံးက မမှားရအောင် ကျွန်တော်ကပဲ မှားပေးလိုက်ပါတယ်
ဘာပဲဖြစ်ဖြစ် ..အဲဒီပူဖောင်းလေးကို အသစ်ပြန်မှုတ်ဖို့
နက်ဖြန်ခါမှာ .. မြို့ကလေးဆီ ကျွန်တော်ဆက်ဆက်ပြန်လာမယ်။ ။

တာရာမင်းဝေ



ငါ့ရဲ့ သဲကန္တာရမှတ်စု

ဓမ္မတေးသံတွေကို တဝီးဝီး ကြားနေရတယ်
တနလာင်္အဖြူကလည်း နွေတလူလူမှာ ဆုတွေတောင်းလို့
ကိုယ်ပိုင် သက္ကရာဇ် (၃၀) ကျော်ချိန်မှာ တစ်ကိုယ်ရည်ဖွဲဖွဲရွာတယ်
ကောင်မလေးရယ် ..
ဘယ်လို နှင်းရာသီမျိုးကျမှ .. မြို့တံခါးက ပွင့်မှာလဲ
နက်ဖြန်ခါမဟုတ်ရင်တောင် နက်ဖြန်ခါမှာ ပြန်လာပါ
နင့်နာမည်လေး ရနံ့ တဝူးဝူးကို
သင်းကွဲ ဘီလူးကြီးလို ငါ .. အော်ခေါ်နေမိတယ်။

တချို့အလွမ်းတွေက တော်ရုံတန်ရုံ ဒိုရေမီဖာ နဲ့ မရဘူး
တခြားကဗျာဆရာတွေလိုလည်း ပင်လယ်ကို ပွတ်သီးပွတ်သပ် မလုပ်ချင်ဘူး
ကိုယ့်ကိုကိုယ် မိုးကလေးညိုလိုက်ပြီး ပြန်ဆင်ခြင်တယ် ..
သေချာတယ် ကောင်မလေးရယ် ..ခိုက်ခိုက်တုန်အောင် လွမ်းတယ် ..။

အုတ်နဲ့ စီထားတဲ့ နတ်ဆိုးနီနီများကလည်း
တို့နှစ်ယောက်ကြားမှာ ပြားလျားပြီး လာရပ်မနေဘူး
တကယ်တော့ ဘာမှမရှိဘူး .. ဘာမှမရှိလို့ ဘာမှကို မရှိဘူး
နောက်ဆုံးမှာ .. ဥက္ကာပျံ တစ်ခဲလို စုန်းဝုန်း နစ်မြုပ်ဖို့
(မှတ်မှတ်ရရကြီး ..) ဖေဖော်ဝါရီ ၂၉ ကို ငါ့ ဓားကောက်နဲ့ ထစ်လိုက်တယ်. ..။ ။

တာရာမင်းဝေ



ရည်းစားစာ

စာရွက်ပေါ်မှာ နင့်ကိုချစ်ရုံနဲ့တော့
ငါ့ဘဝ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။

မပျံသန်းနိုင်တဲ့ ငှက်လို့ပြောတိုင်း
ပင်ကွင်းငှက်ကို ပြေးမြင်ရင်
နင့်ကို ငါ မခေါ်ချင်ဘူး

ကျောင်းအုပ်ကြီး ဖတ်ဖို့ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ ..။

နင့်နှလုံးသားကို ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကို စာပြန်ပါ …။

တာရာမင်းဝေ



ကြာခဲ့ပြီ

တစ်နေ့ပြီး တစ်နေ့ ဆိုနေရတဲ့ သီချင်းပေမယ့်
မပျင်းပါဘူး
ဘဝက ခြေဆင်းထိုင်နေရုံလေးနဲ့တော့
အဲဒီလို မပြောကြပါနဲ့ ..။

တောင်စွယ်မှာ နေကွယ်တာကို မြင်သားပဲ
ဘာဖြစ်လဲ
အဲဒီ ဓားက မလွဲခဲ့ဘူးဆိုရင်တောင်
ငါကလည်း မပြိုလဲ ခဲ့ပါဘူးကွယ်။

ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာ ကြာပြီ
တစ်ယောက်တစ်လမ်းစီ မသွားရတာလည်း ကြာပြီ
ကိုယ်ကတခြား သူကတခြား ဖြစ်ခဲ့ကြပေမယ့်
ဘယ်သူကမှ မလွဲမှားခဲ့ကြတာလည်း ကြာပြီ …

ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့
ဘယ်သူတွေ ဘယ်လို ပြောပြော
ငါ့အတွက်တော့
နေသံ လသံ ရောနေခဲ့တာလည်း … ကြာပြီ ။

တာရာမင်းဝေ


စုန်းတိုက်ခံရတဲ့နေ့

သူများ ဝတ်ထားပြီးသား
မျက်နှာအဟောင်းကြီးနဲ့တော့
ဘဝမှာ လူမလုပ်ချင်ဘူး
လံကွတ်တီစော် နံတယ် ..။

ကဆုန်ပေါက် ပြေးနေတဲ့ အုန်းခွံရောင် တိမ်တစ်စင်းရယ်
မန်းမှုတ်ပြီး ငါပစ်ဖမ်းလိုက်တဲ့ ကြိုးကွင်းတန်းလန်းရယ်
လောကဟာ နေရတာ မလျော့မတင်းကြီးပါပဲကွယ် ..။ ။

တာရာမင်းဝေ
၂၇.၅.၂၀၀၂



ကိုယ်ရေးကိုယ်တာ စာမေးပွဲ

အဲဒီစာအုပ်က
သူ့ကိုယ်သူကဒ်ထူအကျီ င်္နဲ့ပြန်ချုပ်တယ်
အဘိဓာန် နည်းနည်းလုပ်မလို့ ..တဲ့။

စီးကရက်ကပြောတယ်
သူ့ကို နှုတ်ခမ်းဖျားမှာ တပ်ရင်တပ်ပါ
တံတွေးနဲ့ လာမကပ်ပါနဲ့ ..တဲ့
(ဟုတ်တော့လည်း ဟုတ်ပါတယ်လေ)

ဖိနပ်က
လှေကားခြေရင်းမှာ ရပ်တယ်
သူ့အမေက
အလှူအိမ်တွေဖက် မသွားဖို့ မှာလိုက်တယ်။

တီ … တီ …တီ
နာရီက သူ့ကိုယ်သူ နှိုးစက်ပေးချင်လှပြီ
မျက်မှန်က နိုးပြီး မျက်လုံးက မနိုးဘူး
ဆိုးလိုက်တာ။

ဂေါက်သီးရိုက်တံကလည်း
မြေကြီး ထရံမှာ သူ့ကိုချိတ်ထားလိုက်ပါ တဲ့
“ ကျင်း” တွေကို နာခံရတာ “ကျဉ်း ” တယ်ဆိုပဲ ..

ဆေးပုလင်းကို စားပွဲပေါ်တင်ထားလိုက်တော့
ဖော့ဆို့လို
ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ

အဲဒီမှာ
ခင်ဗျားအတွက် ခြေကြွခ
လျှောက်ပြလိုက်စမ်းပါ
ဆင်မ ယဉ်သာ ..

တာရာမင်းဝေ
(ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် မဂ္ဂဇင်း)



သံဝေဂ

ရုပ်နဲ့နာမ်က လက်ခုပ်တီးလိုက်လို့
ကျွန်တော်ဟာ လူအဖြစ် မြည်ဟည်းလာသလား
ကိုယ့်အသံကို တစ်ပါးသူကြားသွားမှာ
… အားနာလိုက်တာ..။

စီးကရက်ကို တဟွတ်ဟွတ် သောက်မိတာလား
ချောင်းကို မီးညှိပြီး ဆိုးနေတာလား
ကျွန်တော့်မှာဖြင့် စွတ်စို ဖျားနာခဲ့ရပြီ။

မေမေရေ ..
ကြွေရင်လည်း မြေမှုန်တွေနဲ့ ဓာတ်ပြုရတာပေါ့
ကျွန်တော်ဟာ ကိုက်ခဲညောင်းညာနေတဲ့ လောကအဝါတစ်ပွင့်ပါပဲ
ခုတော့..
လေအလာကို မျှော်လင့်ရင်း ရနံ့ချိုချိုတွေ ပွင့်ရပါဦးမယ်။ ။

တာရာမင်းဝေ
၂၀၀၂၊ ဇူလိုင်၊ ကလျာ



သေနေတဲ့ကဗျာ

လွမ်းတယ်
သက်တံရဲ့ အဲဒီဘက်အခြမ်းလေးကို လွမ်းတယ်
မပြယ့်တပြယ်နဲ့ လူနံ့သင်းရတာကိုလည်း မုန်းတယ်။

စိတ်ထဲမှာ မီးစုန်းတွေ အခါခါပွက်ထခဲ့
ကျဉ်းကျဉ်းကလေး ဆိုပေမယ့် ကိုယ့်တွင်းကို ကိုယ်တူးခဲ့တယ်။

ဘယ်တုန်းကမှ မဖူးပွင့်ခဲ့သလို
နှစ်တွေဟာ ပွတ်ကာသီကာ ကြာခဲ့ပြီ။

ဝေးရမှာကို စပယ်တစ်ပွင့်စာလောက် ကြိုသိပါရဲ့
ဒါပေမယ့်
ပူအိုက်စွတ်စိုတဲ့ အဲဒီလမ်းကလေးမှာ
ကျွန်တော်တို့ အတူတူမိုးခိုခဲ့ကြပါတယ်။

အရှုံးကို ဘယ်လို သဲကန္တာရတွေနဲ့ ခြယ်မှုန်းရမှာလဲ ပြောပါ။

ဝန်ခံပါတယ်
ဆောင်းမြ အမှုန်တွေကို တွေ့တိုင်း တလဲ့လဲ့ ပြေးကောက်
“ တစ်ခွက်တည်းပါ ” လို့ ပြောဆိုခွင့်တောင်းပြီး
ကျွန်တော်က ပင်လယ်အဟောင်းကို ခပ်သောက်ချင်နေတုန်းပဲ။ ။

တာရာမင်းဝေ
၂၀၀၂၊ဇူလိုင်၊တေးကဗျာ



သေလူ

ငါဟာ … မြားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ့် .. ဘယ်ဝါးကျည်တောက်ကိုမှ ဒူးမထောက်ခဲ့ဖူးဘူး။

ငါဟာ.. ဓားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ့် .. ဘယ်ဓားအိမ်ထဲမှာမှ အိပ်မက်မက်မနေခဲ့ဖူးဘူး။

နောက်တော့
ငါဟာ .. အက္ခရာတစ်လုံးဖြစ်သွားတယ်
ငါ့ကိုယ်ငါ ပြန်ဖတ်လို့မရတော့ဘူး။

အဲဒီလိုနဲ့
ငါဟာ .. အရက်တစ်ပုလင်း ဖြစ်သွားတယ်
ငါ့ကို ဘယ်သူက ဝင်ပလုတ်ကျင်းမလဲဆိုတာကို
….. စောင့်နေတယ်။ ။

တာရာမင်းဝေ
၂၀၀၂ အိုင်ဒီယာ



အိမ်လည်ထွက်တဲ့နေ့

နတ်သမီးပုံပြင်လေးပြောပြပါ
ဘာပဲပြောပြော ကြားချင်လို့ပါ …

နတ်သမီးပုံပြင်လေးပြောပြပါ
ဘာပဲပြောပြော.. မြင်ချင်လို့ပါ …

နတ်သမီးပုံပြင်လေး ပြောပြပါ
ဘာမှမရှိဘူး ဆိုပေမယ့် .. တစ်ခုခုများ ရှိမလားလို့ပါ ..။ ။

တာရာမင်းဝေ



အလကားလူတစ်ယောက်ရဲ့ စကား


တစ်ဘဝလုံး အရက်စော်နံသွားရတဲ့ အကြောင်းကတော့
ရိုးရိုးလေးပါပဲ ..
ကိုယ့်ကိုကိုယ် ပုလင်းကွဲနဲ့ ခွဲကြည့်တာပါ။

ဟိုနေ့က ဘုံဆိုင်ထဲ ငုံ့အဝင် ..ခရေပင်ကြီးနဲ့ ပက်ပင်းတိုးပြီး
၁၉၉၆ .. မိုးစက်တွေ ..တနင့်နင့် .. ဝေတယ် ..

အမြည်းမရှိဘူး တွဲသောက်ရတဲ့လူကြီးက တူးစော်နံတယ်
ခုနှစ်စင်ကြယ်ပြောင် ဂျွမ်းတစ်ဝက်ထောင်တာတောင်မှ
ငါလို (၁၂)နာရီကောင်ကို ဘယ်သူကမှ အပေါင်မခံဘူး …

မကြာခင် အိမ်ပြန်တော့မှာပါ
တစ်ခွန်း နှစ်ခွန်း အနစ်မွန်းခံပြီးရင် ခြူသံပေးလိုက်ရုံပါ
သူ့လမင်းကို .. ကိုယ် လက်လှမ်း မမီကြောင်း ပြောရတာ
ပုလင်းနံပါတ် မမှတ်မိလောက်အောင်ကို ခါးတယ် ..။

ကိုယ်ထင်တယ်
ကျမ်းစာထဲမှာ မပါတာတွေ ရှိကောင်းရှိနိုင်ရဲ့
အာဒမ်က …
ဧဝ ကိုပေးခဲ့တာ …
နံရိုးတစ်ချောင်းထဲ မဟုတ်လောက်ဘူး။ ။

တာရာမင်းဝေ



ဒြပ်မဲ့လူ

အလင်းအလျဉ်နဲ့ ငါ ပျံသန်းသွားနေရဲ့
ဒါပေမယ့် ..
စကြဝဠာကြီးက ကျယ်လွန်းတော့
ဘယ်ကိုသွားသွားဘယ်ကိုမှ မရောက်ခဲ့သလိုပဲ …
တစ်ယောက်ယောက်က ငါ့ကို ခူးယူနေသလိုလည်း ..
.. …. …… ခံစားရတယ်
အရွေ့သုညမှာ … ငါ … ကြွေကျပေးခဲ့ပါ့မယ်။ ။

တာရာမင်းဝေ



နှစ်ချို့ကော်ဖီ

နှစ်တွေကြာခဲ့ပေါ့
ဒီလောက် လောင်မီးကျခဲ့တာတောင်
အဲဒီ မျက်နှာလေးက
ငါ့အတွက် တသွင်သွင် လှပနေတုန်းပဲ။

အနမ်းတွေ ..
ငါ့အတွက်မို့ ရွာသူ ဖမ်းစားတာ ခံရလေတယ်
မြင်းတစ်ကောင်မှ မက တဲ့ ရထားလုံးအိမ်ထဲမှာ
ငါ .. ဘယ်ကိုပြေးမလဲ ..

ကိုယ့်ကိုကိုယ် တစ်ပွင့်ချင်း ပြန်ခူးကြည့်တော့လည်း
ဆူး … စူးတာပါပဲ
စားပွဲစွန်းက ဖန်ခွက်လို
ထောင်းလမောင်းကြေကျကွဲပြန်တယ် နှင်းဆီစော်နံတယ်

အချစ်ဟောင်းရေ
ကိုယ်လှေစီးကြောင်းတွေလည်း ပြောင်းပြန်စီးမျောခဲ့ပေါ့
လွန်လေပြီးသော စနေနံနက်တစ်ခုကို လွမ်းမြ ရီဝေရင်း
………………. ……………… ……………
(ဒီကဗျာကို ကိုယ်ဆက်မရေးချင်တော့ဘူး)

မင်း… ချမ်းမြေ့ပါစေ ..။ ။

တာရာမင်းဝေ



ဘက်ချင်းပြောင်းပြန်ရန်ပွဲ

ဒင်္ဂါးပြားကိုတောင် လက်နဲ့ မလှည့်နိုင်ပဲ
ဘီယာဆိုင်ထိုင်သောက်သူလို
ဘဝက တစ်ခွက်တည်းနဲ့ ငိုတယ်။

သူ့မှာဖြင့် လူညွန့်တုံးရုံတင်မဟုတ်ပဲ
လူပန်း လူပွင့်ပါ ဘုန်းဘုန်းလဲပြီ တဲ့။

အပွဲပွဲ ရှုံးခဲ့သမျှ သည်ပွဲမှာလည်း မနိုင်ဘူး
ဖရဲသီးတန်မယ့်
သကြားဖြူးခံထားရသလိုမျိုး … နာတယ်။

ကွာ…
မင်းကိုငါ .. ဘယ်နှစ်ခါ မီးဖွင့်ပေးရမလဲ
ငါလည်း အခုမှ သံချပ်ကာအကျီ င်္ ချွတ်ပြီးကာစ …

တံခါးကို ပိုဟလိုက်ရင် အလင်းရောင် ပိုရမှာပေါ့
မင်းမယုံရင် ငါ ဘယ်သူ့ကို မေးပေးရမလဲ …

အဲဒီလိုနဲ့
ကျွန်တော်နဲ့ ကျွန်တော့်ဘဝလေး
ဓမ္မသီချင်းတစ်ပုဒ်စာ ဝေးသွားတယ်။ ။

တာရာမင်းဝေ


ကျွန်တော်နှင့် ကိုသောကြာ

လူခိုးလူငွေ့တွေကို ဝပ်ချောင်းပြီး သူ့ကိုယ်သူ စောင်းသံထွက်အောင် ညှစ်ချတယ်
စကားစမြည် လေးငါးလှမ်း လောက်နဲ့တင် ဘုရားသခင်ရဲ့ ထမ်းစင်ပေါ် ပါသွားလေရဲ့

ကြောင်သိုးလို အော်ဟစ်တတ်ရုံနဲ့ ပြာသိုပင်ပေါက်တွေ မတ်တတ်ရပ်ကြပါ့မလား
ခုထက်ထိ သူ့မှာက ကျမ်းကြီး စကား ကျမ်းငယ်ကြားပြီး .. ပြားတုန်း …

ကျွန်တော်စဉ်းစားတယ် …
တိတ်တဆိတ် ကခုန်လိုသူအတွက် တကယ်ဆို ဘာ “ဗုံ ”မှမလိုအပ်ပါဘူး
တချို့ ညောင်ပင်တွေလို နံရံမှာ တစ်လစ်ကြီး ချိတ်နေရတာကသာ … စိတ်ပိန်စရာ ..။

တာရာမင်းဝေ


ငါ့ဖယောင်းတိုင်ကို … ဘယ်သူမီးမှုတ်သွားသလဲ


သူတို့အယားပြေဖို့အတွက် ငါ့ကိုလာကုတ်ခြစ်ကြတာလား
ငါ့မှာသာ ခိုးခိုးခစ်ခစ်တွေ တစ်ခုပြီး တစ်ခု ဖြစ်နေရ …

ဒီနေ့အထိရောက်နေပြီးတာတောင်မှ
မနက်ဖြန်ကို လှမ်းကြည့်လို့မရနိုင်တဲ့ ဘဝမှာ
ငါ .. ဘာလုပ်ပေးရမလဲ

ဓနိမိုး ထရံကာ အလွမ်းကလေးနဲ့
လမ်းဘေးမှာ လဲရင်ကောင်းမလား …

အစတည်းက
မြန်မာပြည်ရဲ့ အောက်ဆုံးထပ်မှာ နေခဲ့တဲ့ ကောင်ပဲ
သေချာတာက
ဧရာဝတီ တစ်စက်နှစ်စက်လောက်နဲ့တော့
သူတို့ ငါ့ကို ပက်ခွင့်ရမှာ မဟုတ်ဘူး။

မူးတယ်
တံဆိပ်ဆွဲအခွာခံလိုက်ရတဲ့ ပုလင်းလိုပဲ
ငါ့ဘဝဟာ ဝတ်လစ်စလစ်နဲ့ စားပွဲပေါ်မှာ ငြိမ်လို့ …။ ။

တာရာမင်းဝေ
ကျမ်းကိုး .. Who moved my cheese by Dr Spencer Johnson



လျော်ကြေး


အသင်၌
ပျိုးမကြဲသော လက်တို့သည်
ရှိကြကုန်၏ .

ငါတို့၏ ကောက်ရိတ်သိမ်းပွဲသို့
အိပ်မက်ထဲ၌ပင်
သင် … လာရန်မလို ….။ ။

တာရာမင်းဝေ



မြေမှုန်တောလား


အူဝေ လွင့်လူးနေတဲ့ မြူမိုးတွေ အောက်မှာပဲ
သူပြန်ခွင့်ရခဲ့တယ်။

အို ဘုရားသခင် ..
မြေဆီသို့ တိုးဝင်လာပြီဖြစ်သော
သူ့ကို မြင်ပါ။

သူဟာ
လူသားအရည်ပြားနဲ့ တည်ဆောက်ထားတဲ့
နေမြင်လမြင် လူသားတစ်ယောက်ပါပဲ။

သူ့ကို
ကုလားအုတ်တွေ မိုးဝင်ခိုလိုက်ကြတယ်လေ။ ။

တာရာမင်းဝေ



သံဆူးကြိုး


အခုလို … တိမ်ခိုးရာသီ တစ်ခုပြီးတစ်ခုတိုင်အောင်
ကြာ ….. ခဲ့ ……. တယ်။

သီချင်းတွေနဲ့ ကိုယ့်ကိုယ်ကို ကုတ်ခြစ်
ဂစ်တာပျော့တစ်လက်လိုလည်း ဆန့်မော့ညွတ်ကွေး
သူ့နာမည်ကို
ခွေးရေ ပုရပိုဒ် မှာမရေးဘူးလို့လည်း
ငြင်း …….. ခဲ့ ……….. တယ်။

နားလည်ပါရဲ့ကွယ်
နှင်းဆီဖြူဆွတ်လေးတစ်ပွင့်အတွက်
ဒီလောက်တော့ ရင်နင့်ပေးရမှာပေါ့ ။

ရိုးရိုးစင်းစင်း ခလုတ်တိုက်လဲ ခဲ့တာပါ
အစိပ်စိပ်အမြွှာမြွှာ ကွဲပြီးကာမှ လမင်းပြန်လုပ်ရမှာမို့
နည်းနည်းတော့ ကြာမယ် … ကြာ..လိမ့်..ဦးမယ်။

အဲဒီလိုနဲ့
သံဆူးကြိုးရသကို စိုက်ပျိုးခံစား
ငါ့တောင်ယာလေး စကားနည်းနေတုန်းပဲကွယ် ။ ။

တာရာမင်းဝေ



တေးသွားအမှတ် ၆ နာရီ


ချောက်ကမ်းပါး အရင့်အမာကြီးထိပ်မှာ
သူ့ကိုယ်သူ ချောင်ပိတ်ပြီး တင်ထားလိုက်တယ်။
ပြီးတော့
ရုပ်ကို ပါးပါးမတ်မတ် “ တန်း” ပစ်လိုက်ပြီး
စိတ်ကို ချောက်ကမ်းပါးထဲ တွန်းချလိုက်တယ်။

“ အား ” လို့
လေးရိလေးတွဲ သံရှည်ဆွဲပြီး အော်ဖို့ရာ
စကားလုံးတွေမှာ ပါးစပ်ရှိပါသလား ။

(နေလောင်ဂစ်တာ ထဲကတော့
“ ဆိပ်ကမ်းဟွန်းသံ” တွေ ပွင့်ပေါက် ကျလာပြီ။

လူအ တစ်ယောက်ရဲ့ ပေါ့တီးပေါ့ဆ ညနေပေါ့
ပြန်မလာတဲ့ ဖိနပ်လေးအကြောင်းတွေးပြီး
ခုထက်ထိ သူ့ခြေထောက်ကို ရေဆေးနေတုန်း။ ။

တာရာမင်းဝေ



ဆက်ထုံး


“ အဝေးကြီး ဝေးရစေမယ် ” တဲ့
ပင်လယ်က
သူ့တစ်ကိုယ်လုံးကို ဖွင့်ပြီးပြေးတယ်

မီးပြတိုက်က
ကဆုန်ပေါက်ပြီး ပြေးမလိုက်ပါဘူး ။

သူ့ရဲ့ အလင်းလဲ့မှုန်နဲ့
ပင်လယ်သားပေါက်ကလေးရဲ့ ဖွင့်ပွဲကို
….. ပြည့်စုံစေလိုက်တယ်။ ။

တာရာမင်းဝေ
၂၀၀၀ဝ ဖေဖော်ဝါရီ ၊ မဟေသီ



မိတ္တဗလ ဋီကာ


လူတွေက ရေစိုပြီး ပြဲနေကြတယ်
သူတို့နေတဲ့ မြို့တော်ကလည်း
ဘယ်အချိန်စိုက်စိုက် မပွင့်ဘူး ဆိုတဲ့ မျက်နှာနဲ့။

တစ်ယောက်ယောက်က
တကျွိကျွိပြုံးလိုက်သံကို ကြားသားပဲ
ဒါပေမယ့် ငါ့ရဲ့ အ . အာ ..၏ ..ဤ အိပ်မက်လေးကို
နွားကျွေးပစ်ဖို့ ထွက်ခဲ့ရတယ်။

တစ်ခရီးတည်း ဆိုပေမယ့်
ကိုယ့်လှေကိုယ်စီးပြီး ပျံသန်းခဲ့ကြတာပါ
ငါရယ် ကောင်းကင်စော်နံတဲ့ လူတွေရယ်
နောက်ဆုံး ကွဲသွားတယ်။ ။
Comments