စင်္ကာပူ

ခြင်္သေ့မြို့တော်ဟု အဓိပ္ပါယ်ရသော စင်္ကာပူနိုင်ငံသည်အပြည်ပြည်ဆိုင်ရာ လေကြောင်းနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး အချက်အချာကျသောဒေသတွင် ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုချက်မမြို့တော်များတွင် ပါဝင်သော နိုင်ငံဖြစ်သည်။

စင်္ကာပူ (English:Singapore Chinese: 新加坡; pinyin: Xīnjiāpō; in Malay: Singapura; in Tamil: சிங்கப்பூர், Cingkappūr) တရားဝင်အမည်အားဖြင့် စင်္ကာပူသမ္မတနိုင်ငံ သည် ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး မလေးကျွန်းဆွယ်၏ တောင်ဖက်အစွန်ဆုံး တွင်တည်ရှိသည်။ အီကွတော၏မြောက်ဖက် ၈၅မိုင်(၁၃၇ ကီလိုမီတာ) အကွာတွင် တည်ရှိပြီး မလေးရှားနိုင်ငံ ဂျဟိုး(Johor) ပြည်နယ်၏ တောင်ဖက်နှင့် အင်ဒိုနီးရှားနိုင်ငံ ရီအောကျွန်းများ(ျiau Islands) ၏ မြောက်ဖက်တွင် တည်ရှိသည်။ စတုရန်းမိုင် ၂၇၃မိုင် (စတုရန်းကီလိုမီတာ ၇၀၇.၁ ကီလိုမီတာ) သာ ရှိသဖြင့် စင်္ကာပူသည် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့်မြို့တော်တစ်ခုတည်းဖြစ်သော နိုင်ငံ ၃ ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အရှေ့တောင်အာရှတွင်လည်း အငယ်ဆုံးနိုင်ငံ ဖြစ်သည်။

ဥရောပသားတို့ အခြေချမနေထိုင်မီအချိန်က ယခုသိရှိသော စင်္ကာပူသည် စင်္ကာပူမြစ်ဝတွင် တည်ရှိသော မလေးငါးဖမ်း ရွာကလေးတစ်ရွာမျှသာ ဖြစ်သည်။ ရာပေါင်းများစွာသော အိုရန်လော့ (Orang Laut) ခေါ် နယ်မြေခံမလေးလူမျိုးတို့သည် ကမ်းရိုးတန်းအနီး၊ မြစ်ချောင်းများအနီးနှင့် ကျွန်းကလေးများပေါ်တွင်နေထိုင်ကြသည်။ ၁၈၁၉ ခုနှစ်တွင် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီမှ ကျွန်းပေါ်တွင် ကုန်သွယ်ရေးစခန်းကို တည်ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ သစ်မြစ်ဆေးဝါးတို့ သယ်ယူရာကုန်သွယ်ရေးလမ်းကြောင်း၏ ဗျူဟာကျသော ကုန်သွယ်ရေးစခန်းအဖြစ် အသုံးပြုခဲ့ကြသည်။ စင်္ကာပူသည် ဗြိတိသျှ အင်ပိုင်ယာ၏ အရေးပါသော ကုန်သွယ်ရေး နှင့် စစ်ရေး ဒေသ တစ်ခုဖြစ်လာပြီး ဗြိတိသျှအုပ်ချုပ်မှု၏ အချက်အခြာနေရာတစ်ခုဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ ဂျပန်တို့က မြို့တော်ကို သိမ်းပိုက်ခြဲ့ပီး ဝင်စတန်ချာချီက ဗြိတိသျှတို့၏ အကြီးကျယ်ဆုံးရှုံးနိမ့်မှု ဟု ပြောဆိုခဲ့သည်။ စစ်ပြီးခေတ်တွင် စင်္ကာပူ သည် ၁၉၄၅ တွင် ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်သို့ လျှင်မြန်စွာ ပြန်လည်ရောက်ရှိခဲ့သည်။ ၁၈နှစ်ကြာပြီးနောက် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရပြီးသည့်အခါ မလေးရှား အောက်မှ မလာယာ(Malaya)၊ ဆာဘား (Sabah) ၊ ဆာရာဝပျ (Sarawak) တို့နှင့် ပူးပေါင်းခဲ့သည်။ သို့သော် ၂ နှစ်မျှ မကွာမီအချိန်၌ပင် စင်္ကာပူသည် မလေးရှားလက်အောက်မှ ခွဲထွက်ခဲ့ပြီး ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် လွတ်လပ်သော သမ္မတနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ စင်္ကာပူသည် ထိုနှစ်အတွင်းမှာပင် စက်တင်ဘာလ ၂၁ ရက်တွင် ကုလသမဂ္ဂသို့ ဝင်ရောက်ခဲ့သည်။

လွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍ စင်္ကာပူ၏ လူနေမှုအဆင့်အတန်းသည် မြင့်မားလာခဲ့သည်။ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ နှင့်အတူ ဒတ်ခ်ျ စီးပွားရေးပညာရှင် အဲလ်ဘတ် ဝင်းစီးမီးယပ် (Albert Winsemius) ရေးဆွဲခဲ့သည့် စီမံကိန်းအပေါ် အခြေပြု၍ နိုင်ငံတော်မှ လမ်းညွှန်သည့် စက်မှုထုတ်လုပ်ငန်း ပြောင်းလဲမှုများကြောင့် အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ရေနံဓာတုလုပ်ငန်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း နှင့် ငွေကြွေးဝန်ဆောင်မှု လုပ်ငန်းတို့အပြင် ရိုးရာကုန်သွယ်ရေးနှင့် ထုတ်ကုန်သွင်းကုန်လုပ်ငန်းတို့ ပါဝင်သော ခေတ်သစ်စီးပွားရေးတစ်ခုကို ဖန်တီးခဲ့သည်။

သမိုင်း

အမည်ရင်းမြစ်

Singapura (စင်ဂါပူရ) ခေါ်သောနာမ သည် မလေးဘာသာစကား Singapura မှ ဆင်းသက်လာပြီးကလယ်နှင့် သင်ကကရိက်ပဒ (singa சிங்க सिंह siṃha ("ခြင်္သေ့"၊ သီဟ) နှင့် புர पुर pura ("မြို့"၊ ပူရ)) တွင် အရင်းခံသည်။ မလေးရာဇဝင်အရ ထိုနာမည်သည် ၁၄ ရာစုနှစ် စန်းနီလာဥတ္တမ ဟုခေါ်သော စူမတြန်မင်းသားသည် ကျွန်းတွင်သဘောင်္ဆိုက်ပြီး မင်္ဂလာနရားတွေ့ခဲ့သောကြောင့် စင်ဂါ (ခြင်္သေ့) ဟုနာမည်မှည့်ခဲ့သည် ဟုဆိုသည်။သို့သော် လတ်တလော ရှာဖွေတွေရှေိ့ချက်များအရ ခြင်္သေ့သည် ဘယ်သောအခါမှ နေထိုင်ခဲ့ဖူးခြင်း မရှိကြောင်းသိရသည်။ ယုတ်စွအဆုံး အာရခြင်္သေ့ပင် နေထိုင်ခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့် စန်းနီလာဥတ္တမ မြင်ခဲ့ရသော သားရဲတိရိစ္ဆာန်မှာ ကျား သာဖြစ်နိုင်သည်။ ဖြစ်နိုင်ခြေမှာ မလေးရှားကျား ဖြစ်သည်။

အခြေချနေထိုင်ခြင်း

စင်္ကာပူနိုင်ငံနှင့် ပတ်သတ်သော ပထမဦးဆုံး အခြေချနေထိုင်မှု သမိုင်းကြောင်းမှာ အေဒီ ၂ရာစုတွင်ဖြစ်သည်။ စင်္ကာပူကျွန်းသည် စူမာတယန် ဆရီဝိဂျာယ အင်ပိုင်ယာ၏ အစွန်အဖျားဖြစ်ပြီး မူလပထမအားဖြင့် ဂျာဗားကျွန်းသား စကားဖြင့် တီမားဆက် (Temasek) (ပင်လယ်မြို့) ဟုခေါ်သည်။ တီမားဆက်သည် လျှင်မြန်စွာပင် ကုန်သွယ်မှုအတွက် အခြေချနေထိုင်ရာ ဖြစ်လာခဲ့သော်လည်း ၁၄ရာစုအတွင်းတွင် ဆုတ်ယုတ်ပျက်စီးလာခဲ့သည်။ ရှေးဟောင်း တီမာဆက်ခေတ်မှ အကြွင်းအကျန်မှာ အနည်းငယ်သာရှိသော်လည်း စင်္ကာပူမှ ရှေးဟောင်းသုတေသနပညာရှင်တို့က တီမားဆက် နှင့် အခြားခေတ်မှ လက်မှုပစ္စည်းအချို့ကို ရှာဖွတွေ့ရှိခဲ့ကြသည်။ ၁၆ ရာစုနှင့် ၁၉ရာစုအစောပိုင်းတွင် စင်္ကာပူကျွန်းသည် ဂျဟိုးစူလတန်၏နယ်မြေ(Sultanate of Johor) အတွင်းတွင် ပါဝင်သည်။ ၁၆၁၃ ခုနှစ် မလေး-ပေါ်တူဂီစစ်ပွဲအတွင်းတွင် အခြေချနေထိုင်ရာနေရာအားလုံးကို ပေါ်တူဂီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုရာစုနှစ်အတွင်းတွင် စင်္ကာပူကျွန်းကို ပေါ်တူဂီတို့က ဆက်လက် ထိန်းချုပ်ခဲ့ကြပြီး ၁၇ ရာစုတွင် ဒတ်ခ်ျတို့က ထိန်းချုပ်ခဲ့ကြသည်။ ထိုအချိန်များတွင် ကျွန်းပေါ်တွင် နေထိုင်သူများအာ အဓိကအားဖြင့် တံငါသည်များသာ ဖြစ်သည်။

ကိုလိုနီခေတ်

သောမတ်စ်ဝူလ်နာ ထုလုပ်ခဲ့သော သောမတ်စ် စတန်းဖို့ဒ် ရပ်ဖဲလ်၏ရုပ်ထု သူပထမဆုံး စင်ကာပူသို့ခြေချခဲ့ရာနေရာတွင် စိုက်ထူထားပြီး သူသည် ခေတ်သစ်စင်ကာပူ ကို စတင်တွေ့ရှိခဲ့သူအဖြစ် အသိအမှတ်ပြုကြသည်။

၁၈၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ဆာသောမတ်စ် စတန်းဖို့ဒ် ရပ်ဖဲလ် (Sir Thomas Stamford Raffles) သည် ကျွန်းမကြီးပေါ်သို့ ရောက်ရှိခဲ့သည်။ အရှေ့တောင်အာရှတွင် ပထဝီအနေအထားအားဖြင့် မဟာဗျူဟာကျသော ကုန်သွယ်ရေး အခြေစိုက်စခန်း ဖြစ်လာနိုင်ကြောင်း သတိထားမိခဲ့သည်။ ထို့ကြောင့် ရပ်ဖဲလ်သည် စူလတန် ဟူစိန်ရှား(Sultan Hussein Shah) နှင့် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ၏ ကိုယ်စား စင်ကာပူတောင်ဖက်ပိုင်းကို ဗြိတိသျှအခြေစိုက်စခန်းနှင့် ကုန်သွယ်ရေးစခန်းအဖြစ် တည်ဆောက်ရန် အတွက် ၁၈၁၉ ခုနှစ် ဖေဖော်ဝါရီ လ ၆ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့သည်။ ၁၈၂၄ ခုနှစ် ဩဂုတ်လအထိ စင်ကာပူနယ်မြေသည် မလေးလက်အောက်ခံပင်ရှိသေးသည်။ ဗြိတိသျှတို့က ကျွန်းတစ်ခုလုံးကို ဖြန့်ကျက်ထိန်းချုပ်လာပြီးသည် ၁၈၂၄ ခုနှစ် ဩဂုတ်လတွင်မှ စင်ကာပူသည် ဗြိတိသျှကိုလိုနီအဖြစ် တရားဝင်ဖြစ်လာခဲ့သည်။ စင်ကာပူတွင် ဒုတိယမြောက် အခြေချနေထိုင်သူ ဂျွန်ကရောဖို့ဒ်သည် စင်ကာပူကို ဗြိတိသျှပိုင်ဖြစ်လာစေခဲ့သည်။ သူသည် စူလတန် ဟူစိန် ရှား နှင့် ၁၈၂၄ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် စာချုပ်ချုပ်ဆိုပြီးနောက် စူလတန်နှင့် တန်မန်ဂေါင်း(Temmenggong) တို့က တစ်ကျွန်းလုံးကို ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္ပဏီသို့ လွှဲအပ်ပြီးသည့်နောက်တွင် ကျွန်း၏ ခေတ်သစ်တစ်ခေတ်စခဲ့သည်။ ရပ်ဖဲလ်၏ လက်ထောက်ဖြစ်သော ဝီလီယမ် ဖာကူဟာ (William Farquhar) သည် ဖွံ့ဖြိုးလာသော အချိန်ကာလ နှင့် အကန့်အသတ်မရှိသော လူဝင်မှုကြီးကြပ်ရေးဥပဒေကြောင့် လျှင်မြန်စွာကြီးထွားလာသော လူမျိုးစုတို့ ပြောင်းရွေ့နေထိုင်မှု ကို ကြီးကြပ်ခဲ့သည်။ ဗြိတိသျှ အိန္ဒိယရုံးသည် ၁၈၅၈ ခုနှစ်မှစ၍ အုပ်ချုပ်ခဲ့သော်လည်း စင်ကာပူ သည် ၁၈၆၇ ခုနှစ်တွင် မှ ဘုရင်မသို့ သတင်းပို့ရသော ဗြိတိသျှဘုရင်မပိုင် ကိုလိုနီဖြစ်လာခဲ့သည်။ ၁၈၆၉ ခုနှစ်တွင် ကျွန်းပေါ်တွင် လူ ၁ သိန်းမျှ နေထိုင်ခဲ့သည်။

ကိုလိုနီခေတ် စင်ကာပူ၏ အစပထမမြို့တည်ဆောက်ပုံမှာ အများအားဖြင့် ခွဲခြားအုပ်ချုပ်ရေးစနစ် အတိုင်းဖြစ်ပြီး ကွဲပြားခြားနားသော လူမျိုးစုတို့သည် ကျွန်း၏တောင်ဖက်ရှိ ကွဲပြားခြားနားသော နေရာတို့တွင် နေထိုင်ကြသည်။ စင်ကာပူမြစ်သည် လူမျိုးစုကွဲများမှ ကုန်သည်များ နှင့် ဘဏ်လုပ်ငန်းရှင်တို့၏ ကုန်သွယ်ရေး အချက်အချာနေရာဖြစ်ပြီး တရုတ်နှင့် အိန္ဒိယကူလီ တို့ bumboats ဟု ခေါ်ကြသော တုံကင်းများမှ ကုန်ပစ္စည်းများ ကို ထမ်းချရာ နှင့် ထမ်းတင်ရာ နေရာဖြစ်သည်။ ဒေသခံ အိုရန်လော့တ် (Orang Lauts) မလေးလူမျိုးများမှာ ငါးဖမ်းသမားများ နှင့် ပင်လယ်ပြင် ခရီးသွားများအဖြစ် အသက်မွေးကြသည်။ အာရပ်ကုန်သည်များနှင့် ပညာတတ်လူတန်းစားများကိုမူ ယနေ့ ကန်ပေါင်း ဂလန် (Kampong Glam) တည်ရှိရာ မြစ်ဝ၏ အရှေ့တောင်ဖက်တွင် တွေ့ရသည်။ အနည်းငယ်မျှသော ဥရောပ အခြေချနေထိုင်သူများမှာမူ ဖို့ဒ်ကိန်းနင်းဟေး (Fort Canning Hill) နှင့် စင်ကာပူမြစ်၏ အပေါ်ပိုင်းဒေသများတွင် နေထိုင်ကြသည်။ ဥရောပတိုင်းရင်းသားများကဲ့သို့ပင် အစောပိုင်း အိန္ဒိယမှ ပြောင်းရွေ့လာသူတို့သည်လည်း ကုန်းတွင်းပိုင်းဒေသများတွင် အခြေချနေထိုင်ကြပြီး ယနေ့ လစ်တဲလ်အင်ဒီးယား (Little India) တည်ရှိရာနေရာဖြစ်သည်။ ကမ်ပေါင်း (kampongs) ဟုခေါ်သော ကျေးလက်ဒေသ အခြေချနေထိုင်သူများနှင့် ပတ်သက်၍မူ အသိနည်းပြီး လွတ်လပ်ရေးရပြီး ၁၉၆၀ခုနှစ်များ နှောင်းပိုင်း စင်ကာပူအစိုးရမှ ထိုသို့နေထိုင်သူများကို အများအပြား ရွေ့ပြောင်းနေရာချသည့် အချိန်မှသာ သိရှိရသည်။

ဒုတိယကမ္ဘာစစ်

စင်ကာပူ၏ မြေပုံ

ဂျပန်တို့ အင်အားကြီးထွားမလာမီနှစ်များတွင် ဗြိတိသျှတို့သည် ဂျပန်တို့၏စစ်တပ်များ လျှင်မြန်စွာဖွဲ့စည်းတည်ထောင်လာသည် ကို သတိပြုမိသည်။ အရှေ့တောင်အာရှရှိ သူတို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် ဗြိတိသျှတို့သည် စင်ကာပူ၏ မြောက်ဖက်ဆုံးအပိုင်းတွင် ရေတပ်အခြေစိုက်စခန်းကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် ဥရောပရှိ ဂျာမန်စစ်ပွဲကြောင့် စစ်သင်္ဘောများနှင့် စစ်လက်နက်များကို ဥရောပသို့ ယူဆောင်သွားခဲ့ရသည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျပန်ဘုရင့်တပ်မတော် (the Imperial Japanese Army) သည် မလာယာ ကို ကျူးကျော်ခဲ့ပြီး စင်ကာပူတိုက်ပွဲကို ပြင်းထန်စွာဖြစ်စေခဲ့သည်။ ပြင်ဆင်မှုအားနည်း၍ တပ်အမြောက်အများမှာ ဥရောပတွင် ရောက်နေသော ဗြိတိသျှတို့မှာ ၆ ရက်အတွင်းတွင် ရှုံးနိမ့်ခဲ့ပြီး မသိမ်းပိုက်နိုင်သည့် ခံတပ်ဟုဆိုသော နေရာကို ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဗိုလ်ချုပ်ကြီး တိုမိုယူကီ ယာမာရှီတာ (General Tomoyuki Yamashita) သို့ လက်နက်ချခဲ့ရသည်။ ထိုလက်နက်ချမှုနှင့် ပတ်သက်၍ "ဗြိတိသျှသမိုင်းတွင် အဆိုးရွားဆုံး ကပ်ဆိုက်မှု နှင့် အကြီးကျယ်ဆုံးသော လက်နက်ချမှု" ဟူ၍ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီက ဖော်ပြခဲ့သည်။ ဗြိတိသျှ ရေတပ်အခြေစိုက်စခန်းကို ဂျပန်တို့ သိမ်းပိုက်၍ အသုံးမပြု နိုင်ခင်အချိန်က ပင် ဖျက်စီးခဲ့သည်။ ဂျပန်တို့ က စင်ကာပူကို ရှိုးနန်တိုး (昭南島, Shōnantō?) ဟုအမည်ပေးခဲ့ပြီး "Shōwa no jidai ni eta minami no shima" ("昭和の時代に得た南の島", "Shōwa no jidai ni eta minami no shima"?) သို့ ရှိုဝါခေတ်တွင် ရရှိခဲ့သော တောင်ဖက်ကျွန်းဟု အဓိပ္ပါယ်ရသည်။ ဂျပန်တို့သည် လက်နက်ချပြီး တစ်လအကြာ ၁၉၄၅ စက်တင်ဘာလ ၁၂ ရက်အထိကျွန်းကို သိမ်းယူထားခဲ့ပြီး ထို့နောက်တွင် ဗြိတိသျှတို့က ပြန်လည်သိမ်းပိုက်ခဲ့သည်။

ရှိုးနားတိုးကို အင်္ဂလိပ်ဘာသာစကားဖြင့် စယိုနန်(Syonan-to) တို သို့ စယိုနန် (Syonan) ဟု ရေးကြပြီး အဓိပ္ပါယ်မှာ တောင်ဖက်၏ အလင်းရောင်ဟူ၍ ဖြစ်သည်။

လွတ်လပ်ရေးခေတ်

စင်ကာပူ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကြီးအကျယ် ပြုလုပ်နေချိန် ၁၉၇၀ခန့် တွင် ရှန်တန်ဝေး (Shenton Way)ကို တွေ့ရပုံ

စင်ကာပူသည် ၁၉၅၉ခုနှစ်တွင် ဗြိတိသျှအင်ပိုင်ယာအတွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ဖြစ်လာခဲ့ပြီး ယူစွတ်ဘင် အီရှက် ( Yusof bin Ishak) သည် ပထမဆုံး Yang di-Pertuan Negara (ပြည်နယ်တစ်ခုလုံး၏ ထင်ရှားသောအုပ်ချုပ်သူ) ဖြစ်လာခဲ့ပြီး လီကွမ်းယူ မှာ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သည်။ ဗြိတိန်၏ အောက်မှ ၁၉၆၃ ခုနှစ် ဩဂုတ်လတွင် လွတ်လပ်ရေး ကြေငြာခဲ့သည်။ ၁၉၆၂ စက်တင်ဘာတွင် ခွဲရေးတွဲရေး ဆန္ဒခံယူပွဲ၏ ရလာဒ်ကြောင့် မလာယာ၊ ဆာဘား နှင့် ဆာရာဝက်တို့ နှင့်အတူ မလေးရှား ဖက်ဒရယ်ပြည်ထောင်စုနှင့် ပူးပေါင်းခဲ့သည်။ သို့သော် ၂ နှစ်အကြာတွင် ပြည်နယ်၏ ပီအေပီ အစိုးရနှင့် ဖက်ဒရယ် ကွာလာလမ်ပူ အစိုးရတို့ အယူအဆပိုင်းဆိုင်ရာ အကြီးအကျယ်အငြင်းပွားမှု တို့ကြောင့် စင်ကာပူသည် ဖက်ဒရယ်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည်။ စင်ကာပူသည် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်ရပ်တည်ခဲ့သည်။ ယူစွတ်ဘင်အီရှက် သည် စင်ကာပူ၏ ပထမဆုံး သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး လီကွမ်းယူမှာ ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေခဲ့သည်။

မိမိဘာသာ ပြည့်စုံလုံလောက်အောင် ကြိုးစားသော်လည်း နိုင်ငံအသစ်တစ်ခုအနေနှင့် စင်ကာပူသည် အလုပ်လက်မဲ့ဦးရေ ပေါများခြင်း၊ နေအိမ်အလုံအလောက်မရှိခြင်း၊ မြေနေရာ နှင့် သဘာဝအရင်းအမြစ်ရှားပါးခြင်းစသည့် ပြဿနာများနှင့် ကြုံတွေ့ရသည်။ လီကွမ်းယူ ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်ခဲ့သော ၁၉၅၉ မှ ၁၉၉၀ အထိအချိန်ကာလအတွင်း သူ၏အစိုးရသည် အလုပ်လက်မဲ့များပြားသည့် ပြသနာ၊ လူနေမှုအဆင့်အတန်းကို မြှင့်တင်ခြင်း နှင့် ပြည်သူ့အိမ်ရာ စီမံကိန်းအများအပြားကို အကောင်အထည်ဖော်ခြင်း စသည့် ပြသနာများကို ဖြေရှင်းခဲ့သည်။ ထိုအချိန်သည် နိုင်ငံ၏ စီးပွားရေး အခြေခံအဆောက်အအုံ၏ အုတ်မြစ်ကို ချပေးခဲ့သော အချိန်ကာလဖြစ်သည်။ လူမျိုးရေးပြသနာများ၏ ခြိမ်းချောက်မှုများကိုလည်း ထိန်းချုပ်ပေးခဲ့ပြီး ယောက်ျားလေးတိုင်း စစ်မှုမထမ်းမနေရစနစ်ဖြင့် လွတ်လပ်သောနိုင်ငံ၏ ကာကွယ်ရေးစနစ်တကို တည်ဆောက်ခဲ့သည်။

၁၉၉၀ တွင် ဂိုချောက်တောင်မှ လီကွမ်းယူ၏ ဝန်ကြီးချုပ်နေရာကို ဆက်ခံခဲ့သည်။ သူ၏အချိန်ကာလ အတွင်းတွင် ၁၉၉၇ အာရှစီးပွားရေး ပြသနာ ၏ ရိုက်ခတ်မှုများ၊ ၂၀၀၃ ခုနှစ် ဆား ရောဂါ ပျံနှံ့မှု၊ စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှုအပြီး ဂျမား အစ္စလာမ်မီးယား အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မည့် ခြိမ်းခြောက်မှုများကို ဖြေရှင်းပေးခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် လီကွမ်းယူ၏ သားအကြီးဆုံးဖြစ်သည့် လီရှန်လုံးသည် စင်ကာပူ၏ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သူ၏ ဆုံးဖြတ်ချက်များထဲမှ မှတ်သားလောက်သော ဆုံးဖြတ်ချက်မှာ နိုင်ငံခြားကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်ရန် အတွက် ကာစီနို လောင်းကစားရုံဖွင့်လှစ်မည့် အစီအစဉ်ပင် ဖြစ်သည်။


နိုင်ငံရေးနှင့် အစိုးရ

ပါလီမန် အဆောက်အအုံ

စင်္ကာပူနိုင်ငံသည် နိုင်ငံရေး တည်ငြိမ်မှုရှိပြီး ဝက်မင်တာစနစ် (သို့) ပါလီမန် ဒီမိုကရေစီ စနစ် ကိုကျင့်သုံးသည့်နိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံအကြီးအကဲမှာ လွှတ်တော်မှ ရွေးကောက်တင်မြောက်သည့် ဂုဏ်ထူးဆောင်သမ္မတဖြစ်သည်။ အစိုးရတွင် လွတ်တော်တစ်ခုတည်းသာရှိ၍ နယ်မြေဒေသအသီးသီးကို ကိုယ်စားပြုသော ကိုယ်စားလှယ်များပါဝင်သည်။ အုပ်ချုပ်မှု အာဏာအများစုကို ဝန်ကြီးချုပ် ဦးဆောင်သော ကက်ဘိနက်မှ ထိန်းချုပ်ထား၍ လက်ရှိဝန်ကြီးချုပ်မှာ လီကွမ်းယု၏သားအကြီး ဖြစ်သူ လီရှန်လွန်းဖြစ်သည်။

စင်္ကာပူသမ္မတ၏ ရုံးသည် သမိုင်းကြောင်းအရ ဂုဏ်ထူးဆောင်ပုံစံ ပွဲနေပွဲထိုင်အတွက် သက်သက်သာဖြစ်သော်လည်း ၁၉၉၁ ခုနှစ်မှ စ၍ နိုင်ငံ၏ သီးသန့် ဖယ်ချန်ထားသောဘဏ္ဌာ အသုံးပြုရေးနှင့် တရားရေးဆိုင်ရာ ရာထူးများခန့်ခြင်း စသော အရေးပါသော ဆုံးဖြတ်ချက်အချို့အတွက် ဗီတိုအာဏာ အပ်နှင်းထားသည်။ သမ္မတရာထူးသည် လူအများစု၏ အကြိုက် မဲဆန္ဒဖြင့် ဆုံးဖြတ်ရန်ဖြစ်သော်လည်း ယနေ့အထိ ယှဉ်ပြိုင်ခဲ့သော ရွေးကောက်ပွဲဟူ၍ ၁၉၉၃ ရွေးကောက်ပွဲ တစ်ခုသာရှိသေးသည်။ ဥပဒေပြုအဖွဲ့အစည်းမှာ ပါလီမန်(လွှတ်တော်)ဖြစ်သည်။

နိုင်ငံခြားဆက်ဆံရေး

စင်္ကာပူ နိုင်ငံသည် နိုင်ငံပေါင်း (၁၇၅) နိုင်ငံနှင့် တရားဝင် ဆက်သွယ်လျက် ရှိသည်။ ကုလသမဂ္ဂ ၊ အာဆီယံ ၊ ဗြိတိသျှ ဓနသဟာယအဖွဲ့ နှင့် ဘက်မလိုက် လှုပ်ရှားမှု တို့တွင် ပါဝင်သည်။ ပထ၀ီဝင် အနေအထားအရ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံ တို့မှာ စင်္ကာပူနိုင်ငံ၏ ဆက်ဆံရေးတွင် အရေးပါသည်။

စစ်ရေး

ကာကွယ်ရေး ၀န်ကြီးဌာနတွင် လက်ရှိဝန်ကြီးမှာ Teo Chee Hean ဖြစ်သည်။ ကြည်းတပ် ၊ ရေတပ် နှင့် လေတပ်တို့ကို စုပေါင်း၍ စင်္ကာပူတပ်မတော် ဟု ခေါ်ဆိုကြပြီး အပျော်တမ်း တပ်ဖွဲ့များလည်း ပါဝင်ကြသည်။ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး Desmond Kuek Bak Chye ဖြစ်သည်။

စင်္ကာပူနိုင်ငံသည် အရွယ်ရောက်သည့် အမျိုးသားတိုင်း (အသက် ၁၆ နှစ် ၆ လ) တွင် စစ်မှုမထမ်း မနေရ စနစ်ကျင့်သုံးသည်။ စစ်မှုထမ်းကာလမှာ ၂ နှစ် ဖြစ်သည်။ နိုင်ငံ ကာကွယ်ရေးအတွက် အမြဲထမ်းစစ်သား ၇၂,၅၀၀ နှင့် အရံစစ်သား ၃၀၀,၀၀၀ ခန့် ရှိသည်။ ကာကွယ်ရေး အသုံးစရိတ်မှာ စင်္ကာပူဒေါ်လာ (၁၀.၅၈) ဘီလီယံ (၂၀၀၇) ဖြစ်ပြီး GDP ၏ (၅.၀၄%) ဖြစ်သည်။

စင်္ကာပူကြည်းတပ်

စင်္ကာပူကြည်းတပ်သည် စင်္ကာပူ တပ်မတော်၏ တပ်ဖွဲ့ကြီး သုံးခုအနက် အဓိက တပ်ဖွဲ့ ဖြစ်သည်။ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) မှာ စင်္ကာပူကြည်းတပ်၏ ခေါင်းဆောင် ဖြစ်ပြီး လက်ရှိတွင် ဗိုလ်ချုပ် Neo Kian Hong ဖြစ်သည်။ စင်္ကာပူကြည်းတပ်တွင် အောက်ပါအတိုင်း တပ်ဖွဲ့များ ပါဝင်ကြသည် -

  • သံချပ်ကာတပ်
  • အမြောက်တပ်
  • စစ်မြေပြင် အင်ဂျင်နီယာတပ်
  • ကွန်မန်ဒိုတပ်
  • အစောင့်တပ်
  • ခြေလျင်တပ် နှင့်
  • ဆက်သွယ်ရေးတပ်

အဆိုပါ တပ်ဖွဲ့များအပြင် အောက်ပါ လက်ရုံး တပ်ဖွဲ့များလည်း ပါဝင်ဖွဲ့စည်းထားသည် -

  • ထောက်လှမ်းရေးတပ်
  • ဆေးတပ်ဖွဲ့
  • ပြုပြင်ထိန်းသိမ်းမှု အင်ဂျင်နီယာတပ်
  • ထောက်ပံ့ပို့ဆောင်ရေးတပ်
  • ခဲယမ်းမီးကျောက်တပ်


စင်္ကာပူရေတပ်

စင်္ကာပူရေတပ်၏ ခေါင်းဆောင်မှာ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဖြစ်ပြီး လက်ရှိတွင် ရေတပ်ဗိုလ်ချုပ်ကြီး Chew Men Leong ဖြစ်သည်။ စင်္ကာပူရေတပ်ကို စစ်သင်္ဘောအုပ်စုများ ၊ ကမ်းခြေစောင့်တပ်များ ၊ ရေတပ် ရေငုပ်တပ်ဖွဲ့များနှင့် ရေတပ် ထောက်ပံ့ရေးနှင့် လေ့ကျင့်ရေးတပ်များဖြင့် ဖွဲ့စည်းထားသည်။

၁၉၉၅ တွင် စင်္ကာပူရေတပ်သည် ဆွီဒင်နိုင်ငံမှ Challenger အတန်းအစား ရေငုပ်သင်္ဘော တစ်စီး ရရှိခဲ့ပြီး ၁၉၉၇ တွင် နောက်ထပ် (၃) စီး ထပ်မံ ရရှိခဲ့ကာ ရေငုပ်သင်္ဘောတပ်ဖွဲ့ကို စတင် ပိုင်ဆိုင်ခဲ့သည်။ အဆိုပါ ရေငုပ်သင်္ဘောများမှ ဆွီဒင်နိုင်ငံ၏ ဘောလ်တစ်ပင်လယ်တွင် အသုံးပြုရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သဖြင့် စင်္ကာပူ၏ အပူပိုင်း ရေပိုင်နက်တွင် အသုံးပြုနိုင်ရန် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရသည်။ ၂၀၀၅ နိုဝင်ဘာ (၄) တွင် Västergötland အတန်းအစား ရေငုပ်သင်္ဘောများ ၀ယ်ယူရန် ဆွီဒင်နိုင်ငံ၏ Kockums သင်္ဘောထုတ်လုပ်ရေးနှင့် စာချုပ် ချုပ်ဆိုခဲ့သည်။ အဆိုပါ အသစ်ရရှိလာမည့် ရေငုပ်သင်္ဘောများကို ၂၅ နှစ် သက်တမ်းရှိပြီ ဖြစ်သည့် Challenger အတန်းအစား ရေငုပ်သင်္ဘောများနှင့် ၂၀၁၀ တွင် အစားထိုးသွားမည်ဟု ခန့်မှန်းကြသည်။

စင်္ကာပူလေတပ်

စင်္ကာပူလေတပ်၏ ခေါင်းဆောင်မှာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဖြစ်ပြီး လက်ရှိတွင် ဗိုလ်ချုပ် Ng Chee Khern ဖြစ်ကာ သူသည် စင်္ကာပူလေတပ်၏ ပထမဆုံး F-16 တိုက်လေသူရဲများထဲမှ တစ်ဦးဖြစ်သည်။ စင်္ကာပူလေတပ်တွင် လေတပ်စခန်းဌာနချုပ် ၅ ခု ၊ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ နှင့် မဟာဗျူဟာ လေကြောင်း ထောက်ပံ့ရေး တပ်ဖွဲ့ တို့ဖြင့် ဖွဲ့စည်းထားသည်။ လေယာဉ်အုပ် ပေါင်း (၂၆) အုပ်နှင့် လေယာဉ်အမျိုးအစားပေါင်း (၂၇) မျိုးခန့် ပါဝင်ကြသည်။

တည်နေရာနှင့် ရာသီဥတု

စင်္ကာပူနိုင်ငံသည် အရှေ့တောင်အာရှ မလေးကျွန်းဆွယ်၏ တောင်ဘက်စွန်းတွင် တည်ရှိသည်။ မြောက်လတ္တီတွဒ် ၁ ဒီဂရီ ၀၉ စက္ကန့်နှင့် ၁ ဒီဂရီ ၂၉ စက္ကန့် အကြား၊ အရှေ့ လောင်ဂျီတွဒ် ၁၀၃ ဒီဂရီ ၃၆ စက္ကန့် နှင့် ၁၀၄ ဒီဂရီ ၂၅ စက္ကန့်ကြားတွင် တည်ရှိသည်။ ပျမ်းမျှ အီကွေတာ၏ မြောက်ဘက်၁၃၇ ကီလိုမီတာ အကွာတွင်ရှိသည်။ အဓိက ကျွန်းကြီး အပါအ၀င် ကျွန်းပေါင်း (၆၃) ကျွန်းဖြင့် ဖွဲ့စည်းထားသည်။ စင်္ကာပူကျွန်းသည် မြေနိမ့်ပြီး နိုင်ငံ၏ အမြင့်ဆုံး နေရာမှာ Bukit Timah တောင် ဖြစ်ပြီး ၁၆၆ မီတာ (၅၄၅ ပေ) သာမြင့်သည်။ နိုင်ငံ၏ ၂၃% သည် သစ်တောနှင့် သဘာဝမြေများ ဖုံးလွှမ်းလျက် ရှိပြီး စင်္ကာပူ သစ်တောဥယျာဉ်ကဲ့သို့သော ဥယျာဉ်များဖြင့်လည်း ထိန်းသိမ်းလျက် ရှိသည်။ ဂျိုဟိုးရေလက်ကြားကို ဖြတ်ဖောက်ထားသော တံတားဖြင့် မလေးရှားနှင့် ဆက်သွယ်ထားသည်။ အရှေ့မြောက်ဘက်တွင် ဆီလီတာမြစ်ရှိသည်။ အရှေ့တောင်ဘက်တွင် ရေနက်ဆိပ်ကမ်း ရှိသည်။

စင်္ကာပူသည် အပူပိုင်း မိုးသစ်တော (အီကွေတာ)ရာသီဥတု ရှိပြီး ထူးခြားသည့် ရာသီဥတု အခြေအနေများ မရှိပဲ နှစ်စဉ် ပုံမှန် အပူချိန် ၊ စိုထိုင်းဆ နှင့် မိုးရေချိန် ရရှိသည်။ စွတ်စိုမှု မြင့်မားသည်။ နှစ်စဉ် ပျမ်းမျှအပူချိန် ၂၁ံ - ၃၄ံ စင်တီဂရိတ် ( ၇၂ံ - ၉၃ံ ဖာရင်ဟိုက်) ရရှိပြီး သမိုင်းတလျှောက် အမြင့်ဆုံးနှင့် အနိမ့်ဆုံး အပူချိန်များမှာ ၁၈.၄ံ စင်တီဂရိတ် (၆၅.၁ံ ဖာရင်ဟိုက် ) နှင့် ၃၇.၈ံ စင်တီဂရိတ် (၁၀၀ံ ဖာရင်ဟိုက်) ဖြစ်သည်။ ဇွန်လနှင့် ဇူလိုင်လများသည် အပူဆုံး လများ ဖြစ်ကြပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် မိုးရွာသွန်းသည်။ နှစ်စဉ်ပျမ်းမျှ မိုးရေချိန် ၂၄၃၈ မီလီမီတာ (၉၆-လက္မ)ရှိသည်။

သြဂုတ်မှ အောက်တိုဘာလအထိ မြူ ထူထပ်လေ့ရှိပြီး ထိုလများတွင် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံမှ တောမီးလောင်ကျွမ်းမှုကြောင့် မကြာခဏ ကျန်းမာရေး သတိပေးချက်များ ထုတ်ပြန်ရလေ့ရှိသည်။

စီးပွားရေး

စင်္ကာပူနိုင်ငံသည် ငွေကြေးခိုင်မာမှုရှိပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကောင်းခြင်း၊ ကြိုးစားအားထုတ်မှုကောင်းခြင်း တို့ကြောင့် အရှေ့တောင်အာရှတွင် စီးပွားရေး တဟုန်ထိုး တိုးတက်လာသော နိုင်ငံဖြစ်သည်။ ကမ္ဘာတွင် အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်ပြီး သင်္ဘောကုန်တင်ကုန်ချလုပ်ငန်း အဓိက လုပ်ကိုင်သည်။ ရေနံသန့်စင် ချက်လုပ်သည်။ ရော်ဘာ၊ ကြာရှည်ခံ စားသောက်ကုန်၊ ဓာတုဗေဒပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်သည်။ သင်္ဘေပြင်ဆင်သည့် လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများ ရှိသည်။

လူဦးရေနှင့် နေထိုင်မှု

စင်္ကာပူနိုင်ငံသည် လူနေမှု အဆင့်အတန်းမြင့်မားပြီး စည်းကမ်းရှိသည်။ ရုံးပိတ်ရက်နှင့် အများပြည်သူ အားလပ်ရက်များတွင် အထူးလူစည်ကားသည်။


Comments