ဆင်

ဆင်(elephant)သည် ကုန်းမြေပေါ်တွင် အကြီးဆုံး နို့တိုက် သတ္တ၀ါ ဖြစ်သည်။ ဆင်တို့တွင် မျိုးကွဲ သုံးမျိုးရှိသည်။ အာဖရိက ချုံပုတ် ဒေသနေဆင် ၊ အာဖရိက တောတွင်းနေဆင်နှင့် အာရှ ဆင်တို့ ဖြစ်သည်။ ဤမျိုးကွဲများသည် ရေခဲခေတ် နှောင်းပိုင်း ကတည်းက ကွဲပြားလာခဲ့ကြခြင်း ဖြစ်သည်ဟု ယူဆကြသည်။ ဆင်သည် ဗေဒင်ပညာအရ ဗုဒ္ဓဟူးဂြိုဟ်၏ အမှတ်အသား ဖြစ်သည်။ ဂြိုဟ်သက် (၁၇)နှစ် ဖြစ်သည်။ အရပ်မျက်နှာမှာ တောင်အရပ် ဖြစ်သည်။ ဆင်အမျိုးအနွယ်များ၏ နောက်ဆုံးကျန်ရှိမှု မျိုးစိတ်နှစ်မျိုးအဖြစ် အာဖရိကဆင် Loxodonta africanaနှင့် အာရှဆင်Elephas maximus တို့သာ ယနေ့ကမ္ဘာပေါ်တွင်တွေ့ရှိနိုင်ပါသည်။

ကုန်းနေအကြီးဆုံး နို့တိုက် သတ္တ၀ါ၊ အာဖရိကဆင်

မြန်မာ့ဆင်‌

မြန်မာ့ဆင်သည် အာရှဆင် Asian Elephant မျိုးရင်းထဲတွင်ပါဝင်ပြီး အာရှဆင်မျိုးစိတ် Elephas maximusများထဲတွင် ယနေ့တွေ့ရှိ နိုင်သည့် မျိုးကွဲများအဖြစ် ၄ မျိုးသာတွေ့ရှိရတော့သည်။ ၎င်းမျိုးစိတ်မျိုးကွဲများအနေဖြင့် အောက်ပါအတိုင်းဒေသအလိုက် တွေ့ရှိရသည်။

  1. ကုလားဆင် သို့မဟုတ် အိန္ဒိယဆင် Indian Elephant (E. m. indicus)
  2. သီဟိုဆင် သို့မဟုတ် သိရီလင်္ကာဆင် Sri Lankan Elephant (E. m. maximus)
  3. ပသျှူးဆင် သို့မဟုတ် စူမားတြားဆင် Sumatran Elephant (E. m. sumatranus)
  4. မလေးဆင် သို့မဟုတ် ဘော်နီယိုဆင် Borneo Elephant (E. m. borneensis)

မြန်မာဆင်သည် အထက်ပါ အိန္ဒိယဆင်မျိုးထဲတွင်ပါဝင်သည်။ အာရှဆင်မျိုးများထဲတွင် မြန်မာဆင်များကို ပိုမိုနှစ်သက်သဘောကျမှု ရှိပြီး တိရစ္ဆာန်ဥယျာဉ်များတွင် ပြသထားရှိလိုကြသည်။ မြန်မာဆင်သည် ကျန်သော အာရှဆင်မျိုးစိတ်မျိုးကွဲများထက် ပိုမိုသင်ကြားလေ့ကျင့် ပေးရန်လွယ်ကူသည်။

ဆင်နှင့် မြန်မာ့သမိုင်း

ဆင်သည် မြန်မာ့သမိုင်းတွင် အရေးပါသော သတ္တဝါ ဖြစ်သည်။ ရှေးခေတ်က မြန်မာဘုရင်များ စစ်မက်ဖက်ပြိုင်ရာတွင် ဆင်ကို စစ်အင်အားတစ်ခုအနေဖြင့် အသုံးပြုကြသည်။ ထိုမျှသာမက မြန်မာဘုရင်များသည် မိမိတို့ ပိုင်ဆိုင်သော ဆင်ဖြူအရေအတွက်ကို ဂုဏ်ယူဖွယ်တစ်ရပ်အနေဖြင့် ဘွဲ့အမည်တွင် ထည့်သွင်းမှည့်ခေါ်ကြသည်။ ဘုရင့်နောင်ကျော်ထင်နော်ရထာသည် ဆင်ဖြူများရှင်ဟုလည်းကောင်း၊ မြေဒူးမင်း စသည် ဆင်ဖြူရှင် ဘွဲ့အမည်နှင့်လည်းကောင်း ထင်ရှားကျော်ကြားသည်။ ပုဂံခေတ်အကုန်တွင် အာဏာကြီးကြသည့် ရှမ်းညီနောင်သုံးဦးမှ အငယ်ဆုံးဖြစ်သူ ပင်းယမြို့တည်မင်း တစ်စီးရှင်သီဟသူသည် မြစ်အတွင်းမှ မျောပါလာသည့် ဆင်ဖြူအသေကို ဆယ်ယူစေပြီး ကတင်ကာ ဆင်ထက်သို့တက်၍ တစ်စီးရှင်ဘွဲ့ခံခဲ့သည်ဟု သိရပါသည်။ ထို့အပြင် ကုန်းဘောင်ခေတ်လယ်ပိုင်းတွင် နန်းတက်သည့် ဘိုးတော်ဘုရားကလည်း ဆင်ဖြူတော် လေးစီးပိုင်ဆိုင်ခဲ့ပြီး အချို့ဆင်ဖြူတော်များကို ဘွဲ့အထပ်ထပ်တင်ကာ ဆင်ဖြူရှင်ဘွဲ့ကို ကိုးကြိမ်တိုင်ခံသည်ဟု မှတ်တမ်းများကဆိုပါသည်။

ဆင်နှင့်သစ်ထုတ်လုပ်ငန်း

ဆင်သည် မြန်မာ့သစ်ထုတ်လုပ်ရေးတွင် အရေးပါသော သတ္တဝါတစ်မျိုး ဖြစ်သည်။ စက်ယန္တရားများ မဝင်ရောက်နိုင်သော ဒေသများတွင် ဆင်ကို အသုံးပြု၍ သယ်ယူပို့ဆောင်မှု ပြုကြသည်။ ယနေ့ထက်တိုင် ဆင်များကို သစ်လုပ်ငန်းများတွင် အသုံးပြုဆဲ ဖြစ်သည်။

ဆင်အမျိုးအစားများ

အစွယ်အမျိုးအစားပေါ် မူတည်၍ ဆင်ကို သုံးမျိုးသုံးစား ခွဲခြားနိုင်သည်။ အစွယ်နှစ်ဖက်ပါရှိသော ဆင်ကို စွယ်စုံဆင်ဟု ခေါ်သည်။ အစွယ်တစ်ဖက်သာပါရှိသောဆင်ကို တေဆင်ဟုခေါ်ပြီး အစွယ်လုံးဝ မပါရှိသောဆင်ကို ဟိုင်းဆင်ဟု ခေါ်ဝေါ်ကြသည်။

မုံရွေးဇေတ၀န် ဆရာတော်ကြီး၏ ဥတိန္နပျို့ ပုဒ်ရေ (၃၂) တွင် ဆင်များ ကို အချုပ်အားဖြင့် (၁၀) မျိုး ပြသထားသည်။

၁။ ကာဠာဝကဆင်
ဆင်မည်း၊ ညင်းညင်းသာသာ မြည်တက်သော အသံရှိသည့်ဆင်။ ယောကျာင်္း (၁၀) ဦး၏ အားအစွမ်းနှင့်       ညီမျှ    သော အားရှိသည်။

၂။ဂင်္ဂေယျဆင်
ဂင်္ဂါမြစ်အနီး၌ ပေါက်ဖွားသောဆင်။ယင်းဆင်သည် သရက်ရွက်နုအဆင်းရှိသည်။ အပေါင်းအသင်းတို့နှင့်မွေ့လျှော်တက်သောကြောင့်လည်းကောင်း ၊ဥဒေါင်းမြီးစည်းနှင့်တူသော တင့်တယ်သော အမြီးရှိသောကြောင့် ကာလာပ ဟုခေါ်တွင်းသေး၏။ ကာဠာဝကဆင် (၁၀) အားနှင့် ညီမျှသော အားရှိသည်။

၃။ပဏ္ဍရဆင်
သစ်ရွက်ရော်အဆင်းရှိ၏ (၀ါဖန့်ဖန့် အရောင်အဆင်းရှိသည်)ဂင်္ဂါယျဆင် (၁၀)အားနှင့် ညီမျှသောအားရှိသည်။

၎။တမ္ပဆင်
ကြေးနီရောင် အသွင်နီကြင်ကြင် အဆင်းရှိသည်။ပဏ္ဍရဆင် (၁၀)အားနှင့် ညီမျှသောအားရှိသည်။

၅။ပိင်္ဂလဆင်
ဖြူနီရောင် စသည်တို့နှင့် ရောပြွန်းကြောင်ကြားနေသော အဆင်းရှိသည်။တမ္ပဆင်(၁၀)အားနှင့် ညီမျှသောအားရှိသည်။

၆။ဂန္ဓဆင်
မွေးကြိုင်သင်းပျံ့ ကောင်းသောရနံ့ရှိသောရှိသောဆင်၊ အရောင်သည် အပြာရောင်၊ အဖြူရောင်ရောသော နှမ်းဆွတ်ဆုပ် အဆင်းနှင့် တူသော အဆင်းရှိသည်ဟု လောကီကျမ်းအချို့၌ အဆိုရှိသည်။ပိင်္ဂလဆင်(၁၀)စီးအားနှင့် ညီမျှသော အားရှိသည်။

၇။မင်္ဂလဆင်
တင့်တင့်တယ်တယ် ဖွယ်ဖွယ်ရာရာ သွားလာတက်သော ဆင်၊ နက်မှောင်သော အဆင်းရှိလျှက် ကြန်အင်လက္ခဏာနှင့် ပြည့်စုံသည်ဟု လောကီကျမ်းတို့၌ အဆိုရှိသည်။ဂန္ဓဆင်(၁၀)စီးအားနှင့် ညီမျှသော အားရှိသည်။

၈။ဟေမဆင်
ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အဆင်းရှိသည်။မင်္ဂလဆင်(၁၀)စီးအားနှင့် ညီမျှသောအားရှိသည်။

၉။ဥပေါသထဆင်
ဥပေါသထဆင်မျိုး၌ ဖြစ်သောကြောင့်လည်းကောင်း ဆန့်ကျင်ဘက် ရန်သူတို့ကို နိုင်စေတက်သည်။လျှောက်ပတ်သောအရပ်၌ ချဉ်းကပ်နေထိုင်တက်သောကြောင့်လည်းကောင်း  ဥပေါသထဆင်ဟုခေါ်သည်။ရှည်သွယ်ညီညွတ်သော အစွယ်လဲရှိသည်.ဟေမဆင်(၁၀)စီးအားနှင့် ညီမျှသော အားရှိသည်။

၁၀။ဆဒ္ဒန်ဆင်
အစွယ်၌ အရောင် ၆ မျိုးရှိသည်။(အစွယ်မှ အရောင်ခြောက်မျိုးထွက်သည်)ဥပေါသထဆင်နှင့် ဆဒ္ဒန်ဆင်တို့၏
အရောင်သည် ဘော်သားအတူ ဖြူဖြူဖွေးကြသည်။ဥပေါသထဆင် (၁၀)စီးအားနှင့် ညီမျှသည်။

ဆင်ဖြူတော်

များသောအားဖြင့် ဆင်များ၏ အရောင်သည် အမည်းရောင် (ဂရေး ကာလာ) ဖြစ်သည်။ အချို့ဆင်များသည် အဖြူရောင်ရှိသော အခါ ရှေးမြန်မာမင်းများက ဆင်ဖြူတော်ဟု ခေါ်ဝေါ်ကြသည်။ ဆင်ဖြူတော် ပိုင်ဆိုင်သော မင်းများသည် ဘုန်းတန်ခိုး ကြီးသည်ဟု ယူဆကြသည်။ ထို့ကြောင့် ဆင်ဖြူတော် ပိုင်ဆိုင်သော မင်းများကို ဆင်ဖြူရှင်မင်း ဟုခေါ်ဆိုသမုတ်ကြသည်။

မြန်မာနိုင်ငံအတွင်းဆင်များကျက်စားနေထိုင်သည့်ဒေသများ

အာရှဆင်မျိုးစိတ် Elephas maximus တွင်ပါဝင်သည့် မြန်မာ့တောဆင်ရိုင်းများသည် မြန်မာနိုင်ငံအတွင်း မြောက်ပိုင်းဒေသမှ တောင်စွန်းတနင်္သာရီကမ်းရိုးတန်းဒေသအထိပြန်နှံ့တည်ရှိကြပါသည်။ အဓိကတွေ့ရှိနိုင်သည့်ဒေသများမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း တို့ရှိ တောထူထပ်ရာ ဒေသအချို့တွင် တွေ့ရှိနိုင်ပါသည်။ ဆင်ကောင်ရေအနေဖြင့် ၁၀၀၀ ခန့်သာကျန်ရှိနိုင်တော့ပါသည်။

Image:elephant_1.jpg Image:elephant_2.jpg Image:elephant_3.jpg
Comments