ဖြူဖြူကျော်သိန်း(အဆိုတော်)

်
ဖြူဖြူကျော်သိန်း
အမည်ရင်း ဖြူဖြူကျော်သိန်း
မွေးသက္ကရာဇ် ဧပြီလ ၂၂ရက်နေ့
မိဘ ဦးကျော်သိန်း + ဒေါ်တင်တင်ကြည်


ပညာအရည်အချင်း
နိုင်ငံ မြန်မာ
အလုပ်အကိုင် တေးသံရှင် ဆရာဝန်
ထင်ရှားကျော်ကြားမှု လက်ရှိ နာမည်ကျော် ရော့ခ်အဆိုတော်


စင်မြင့် ဖျော်ဖြေပွဲ တွေမှာ ထူးခြားတဲ့ Performance တွေနဲ့ ခံစားချက် အပြည့်ဖျော်ဖြေတင်ဆက် တတ်တဲ့ရော့ခ်အဆိုရှင် ဒေါက်တာဖြူဖြူကျော်သိန်းကို ဧပြီလ ၂၂ရက်နေ့မှာ ဖခင်ဦးကျော်သိန်း (ညွှန်မှူး(ငြိမ်း) သမ၀ါယမ၀န်ကြီးဌာန)နဲ့ မိခင် ဒေါ်တင်တင်ကြည် (လက်ထောက် ကထိက(ငြိမ်း)စီးပွားရေးတက္ကသိုလ်) တို့က ရန်ကုန်အမျိုးသမီး ဆေးရုံကြီး မှာ သမီးကြီးညိုညိုသိန်းနဲ့ ခုနစ်နှစ် ကွာခြားတဲ့ ဒုတိယသမီးထွေး ဖြူဖြူသိန်းအဖြစ် မွေးဖွားခဲ့ပါတယ်။ သူမရဲ့ဖခင်ဖြစ်သူက အစိုးရ ၀န်ထမ်း ဖြစ်တာကြောင့် နယ်ဒေသ တွေမှာ တာဝန်နဲ့ သွားရောက်ခဲ့ရပေမယ့် သူမရဲ့မိခင်ဖြစ်သူက တက္ကသိုလ်ဆရာမ တစ်ဦးဖြစ်တာ ကြောင့် မိခင်နဲ့အတူ ဖြူဖြူတို့ ညီအစ်မနှစ်ယောက် ရန်ကုန်မြို့မှာပဲ နေထိုင်ကြီးပြင်းခဲ့ပါတယ်။ သူမက သူငယ်တန်းနဲ့ ဒုတိယတန်း ပညာသင်ယူမှု တွေကို အ. မ. က (၁၆) စမ်းချောင်း မှာတက်ရောက်ခဲ့ပြီး တတိယတန်း ကနေ ဒသမတန်းပညာ အောင်မြင်သည်အထိ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း(TTC) ကမာရွတ်မှာ တက်ရောက်သင်ယူခဲ့သူပါ။

ဖြူဖြူတို့က ပညာရေးကို အားပေးတဲ့ မိသားစုဖြစ်တဲ့အတွက် ဖြူဖြူငယ်ငယ်က ပညာရေးကိုပဲ အဓိက လုပ်ဖြစ်ခဲ့တယ်။ ကျောင်းသားဘ၀မှာ အမှတ်အရဆုံး အချိန်တွေက စာကျက်ချိန်၊စာမေးပွဲဖြေချိန်၊ ဆုယူချိန်၊ အမှတ်ထွက်တဲ့ အချိန်တွေနဲ့ ပထမ၊ ဒုတိယ၊တတိယထွက်တဲ့ အချိန်တွေ အရမ်းရင်ခုန်ရတယ်။တဖြေး ဖြေးနဲ့ အသက်ကြီးလာတဲ့ အချိန်ကြမှ ဘ၀မှာ အရေးပါတဲ့ အခြားအရာတွေ အများကြီးရှိမှန်း ဘ၀အတွေ့အကြုံတွေအရ သိလာရတာလို့ ဖြူဖြူကျော်သိန်းက ပြောပြခဲ့ပါတယ်။

နွေကျောင်းပိတ်ရက်တွေမှာ ဖေဖေရှိတဲ့နယ်ကို သွားလည်ဖြစ်တယ်။ ငယ်ငယ်တုန်းက သွားခဲ့ဖူးတဲ့ နယ်မြို့တွေထဲမှာ အမှတ်တရ အရှိဆုံးကတော့ ခက်ခက်ခဲခဲနဲ့ ရှားရှားပါးပါး သွားဖူးတဲ့ ချင်းတောင်ပါ။အဲဒီအချိန်တုန်းက ဖေဖေက ဟားခါးမှာ ပြည်နယ်မှူးလုပ်တဲ့အချိန် ဖြူဖြူကနှစ် တန်းကျောင်းသူပေါ့။ ဟားခါး ရောက်သွားတဲ့ အချိန်ကြတော့ တောတောင်သဘာဝက အရမ်းလှတယ်။ နွေရာသီမှာ သွားတာတောင် ရောက်ပြီးနောက်နေ့ မျက်နှာသစ်မယ့်အချိန်မှာ ရေကန်ထဲက ရေကခဲနေတယ်။ အမှတ်တရတွေက အများကြီးပါပဲ။ တခြားမြို့တွေလည်း ရှိပါတယ်။ မကွေး၊ပုသိမ်တို့လို ဧရာဝတီတိုင်းမှာ တာဝန်ကျတဲ့ အချိန်တုန်းကဆိုရင်လည်း စက်လှေနဲ့သွားပြီး ၆မိုင် လောက်ထိ လမ်းလျောက်ပြီး ဖေဖေ့နောက်ကို လိုက်ဖူးတယ်။ ပျော်ဖို့လည်း ကောင်းတယ်လို့ သူမရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုများနဲ့ အမှတ်တရများကို တစ်စေ့တစ်စောင်း ပြောပြခဲ့ပါတယ်။

ဖြူဖြူက ခရစ်ယာန်ဘာသာဝင် ဖြစ်တာကြောင့် သူမသိတတ်စ အရွယ်ကတည်းက ဂီတနဲ့ ရင်းနှီးမှုရှိခဲ့ပြီး သူမရဲ့ သွေးသားထဲမှာ ဂီတနဲ့ ပတ်သက်တဲ့ ဗီဇသွေးက ရှင်သန်နေခဲ့တယ်လို့ ဆိုပါတယ်။ စာတစ်မျိုးတည်းကိုပဲ ကြိုးစား လုပ်ဆောင်နေတတ်တာကြောင့် ဖြူဖြူရဲ့သူငယ်ချင်းတွေနဲ့ ကျောင်းကဆရာမတွေက ဖြူဖြူကို စင်မြင့်ပေါ်က အဆိုရှင် ဖြစ်လာလိမ့်မယ်လို့ မမျော်လင့်ခဲ့ကြပေမယ့် ဘုရားကျောင်းအသိုင်းအ၀န်း၊ မိဘဆွေမျိုးတွေနဲ့ ရင်းနှီးရာဝန်းကျင်ကတော့ ဖြူဖြူကို တစ်နေ့ အဆိုရှင် တစ်ဦးအဖြစ် ကျိန်းသေတွေ့မြင်ရ လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ကြပါ တယ်။

'စာကိုပဲ စိတ်ဝင်တစား ကျက်မှတ်ခဲ့ကြပေမယ့် ကျောင်းပိတ်ရက်တွေနဲ့ စာကျက်ရင်း ငြီးငွေ့လာရင် ဦးနှောက်ဆေးတဲ့ အရာက သီချင်းဆိုခြင်းနဲ့ သီချင်းနားထောင်ခြင်းပါ။ ငယ်ငယ်ကတည်းက တနင်္ဂနွေနေ့ဆို ရင် Sunday School မှာ ဘုရားကျမ်းစာအပြင် ဘုရားသီချင်းကိုသင်ပေးတော့ အဲဒီအချိန်ကတည်းက ဂီတကို ၀ါသနာလည်း ပါနေတဲ့အတွက် နှစ်နှစ်ကာကာသိနေပြီ။ ကြီးလာတော့ ဘုရားကျောင်းက သံစုံတို့ တစ်ပင်တိုင်တို့မှာ ဆိုဖြစ်တယ်။ အဆိုတော် မဖြစ်ဘဲနဲ့ မသေဘူးဆိုပြီး ငယ်ငယ်က အပြောင်အပျက်ပြောခဲ့တယ်။တကယ်ဖြစ်လာတော့ အံ့သြရတယ်ဟု ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

လူ့ဘ၀ကို ပိုင်ဆိုင်ရရှိသူတိုင်း ဘ၀တစ်ခုရဲ့ ဖြတ်သန်းမှုတွေက အကောင်းနဲ့အဆိုး၊ ပျော်ရွှင်ခြင်း၊၀မ်းနည်းခြင်းတွေနဲ့ ကြုံတွေ့ရမြဲပါ။ ဖြူဖြူ ကတော့ သူငယ်စဉ် ကလေးဘ၀ကစပြီး လက်ရှိအချိန်ထိ သူ့ဘ၀ဖြတ်သန်းမှုတွေမှာ ၀မ်းနည်းမှုကြီးကြီးမားမား မရှိခဲ့ဖူးဘူးလို့ သိရတယ်။ အနည်းငယ် တွေ့ကြုံခဲ့ရတဲ့ ၀မ်းနည်းမှုတွေ ကိုလည်း ရှေ့ဆက်လျောက်လှမ်းမယ့် သူမရဲ့ဘ၀ခရီးလမ်းအတွက် သတိပြုစရာ အတွေ့အကြုံတစ်ခုအဖြစ် အကျိုးရှိရှိ အသုံးချခဲ့တယ်လို့ဆိုပါတယ်။

သူမရဲ့မိသားစုဝင်တွေက စာဖတ်ခြင်းနဲ့ သီချင်းနားထောင်ခြင်းမှာ ၀ါသနာတူ ရှိကြတာကြောင့် ဖြူဖြူ ငယ်စဉ်ကတည်းက မိခင်ကြိုက်နှစ်သက်ရာ အနောက်တိုင်း တေးတွေနဲ့ ပြည်တွင်း အဆိုရှင်တွေရဲ့သီချင်းတွေကို နားယဉ်ခဲ့ပြီး ဖြူဖြူကိုယ်တိုင် ရွေးချယ် နားထောင်တတ်ချိန်မှာတော့ ဇော်ဝင်းထွဋ်၊ လေးဖြူတို့ရဲ့တေးသွားတွေနဲ့ နိုင်ငံတကာ အဆိုရှင်တွေထဲက ဘွန်ဂျိုဘီ၊ စလင်းဒီရွန်တို့ရဲ့တေးသွားကိုလည်း စွဲလန်းခဲ့တယ်လို့ ဆိုပါတယ်။ ဖြူဖြူကျော်သိန်းက ဆေးကျောင်း ဒုတိယနှစ်ပြီးချိန်မှာတော့ 'လုံးဝမသက်ဆိုင်တော့ပါ' တေး စီးရီးနဲ့အတူ ပရိသတ်ရှေ့ကို ရောက်ရှိလာခဲ့ပါတယ်။

Comments