ပုဂံမင်း

ပုဂံမင်း(၁၈၄၆-၁၈၅၃)သည် ကုန်းဘောင်ဆက်၏ ၉ဆက်မြောက်မင်းဖြစ်သည်။ ဖခင်ဖြစ်သူ သာယာဝတီမင်း နောက်နန်းတက်သည်။ နန်းတက်ဘွဲ့မှာ သိရီသုဓမ္မ တိလောကပ၀ရ မဟာဓမ္မရာဇာဓိရာဇာ ဖြစ်ပြီး နန်းသက် ၆-နှစ်စံတော်မူပြီး အိမ်နိမ့် ၃၅-နှစ်စံရသည်။ ပုဂံမင်းသည် သာယာဝတီမင်း၏ သားတော် အပါး(၂ဝ)ရှိ တဲ့အနက် အကြီးဆုံးသားတော် ဖြစ်သည်။ အသက်(၂၄)နှစ် အရွယ်တွင် တောင်တုန်းချောင်မြို့ကို စားရပြီး အသက်(၂၆)နှစ်တွင် ငစဥ့်ကူးမြို့ကို စားရသည်။ ထိုလမှာ ငစဥ့်ကူးနှင့် လဲပြီး ရွှေတောင်မြို့ကို စားရပါသည်။ အသက်(၃၁)နှစ်အရွယ်တွင် ရွှေတောင်မြို့ကို ပုဂံမြို့နှင့်လဲပြီး စားခဲ့ရသည်။ ထိုအချိန်ကစ ပုဂံမင်းဟု အမည် တွင်ခဲ့သည်။ ပုဂံမင်းသားဟာ အသက်(၃၄)နှစ်အရွယ်မှာ တပ်တော်ကို အမှူးအချုပ်ပြုပြီး ပြည်မင်းသားပုန်ကန်တဲ့ အရေးအခင်းကို အောင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။

နံတော် သောကြာသား၊ ငယ်မည်မှာ မောင်ထောင်ဖြစ်သည်။ နန်းတက်ပြီးနောက် တိုင်းရေးပြည်ရာကို အားစိုက်ကြိုးပမ်းသော်လည်း ရေရှည်တွင်မူတိုင်းပြည်ကို အရည်အသွေးရှိစွာ အုပ်စိုးနိုင်စွမ်းမရှိပေ။ တိုင်းပြည်ရေးရာများကို မင်းတုန်းမင်းသား နှင့် ကနောင်မင်းသားတို့ ဦးဆောင်သည့် လွှတ်တော်သို့လွှဲအပ်ကာ စီရင်စေပြီး ကိုယ်တိုင်ကမူ ငယ်စဉ်ကပင် ၀ါသနာထုံခဲ့သည့် ကြက်ပွဲ အပါအ၀င် တိရိစ္ဆာန်များကို တိုက်ခိုက်စေခြင်း၊ မူးယစ်သောက်စားခြင်း နှင့် အပေါင်းအပါများခြံရံကာ ပေါ့လျော့စွာနေထိုင်သည်။

ပုဂံမင်း လက်ထက်နှင့် ပတ်သက်၍ ကုန်းဘောင် ရာဇဝင်တွင် ပုဂံမင်းကို ရှေးအစဉ်အလာများ ကဲ့သို့သော မင်း ဖြစ်သည်ဟု ရေးသား ဖော်ပြထားသည်။ ပုဂံမင်းသည် စကုတွင် ဆည်မြောင်း၊ ကန်ချောင်း၊ ဖောက်လုပ်သည်။ ထိုဒေသများတွင် စေတီ ပုထိုး တည်ထားသည်။ သာသနာ့ ဘောင်တွင်းသို့ ဆွေမျိုးများကို သွတ်သွင်း ချီးမြှင့်၍ သာသနာ့ ဒါယကာ အဖြစ် ခံယူခဲ့သည်။ ညောင်ရွှေစော်ဘွား၏ သမီးတော်နှင့် လက်ဆက်သည်။ သူပုန် ထ့ကခြင်းကို ငြိမ်သက် ပိပြားအောင် ပြုလုပ်သည်။ တရုတ်နိုင်ငံမှ သံတမန် အဖွဲ့ကို တန်းတူနိုင်ငံမှ စေလွှတ်သော သံအဖွဲ့ ကဲ့သို့ လက်ခံ ပြုစုခဲ့သည်ဟု ပါရှိလေသည်။


ပုဂံမင်း၏ တိရိစ္ဆာန်တိုက်ပွဲ တာဝန်ခံသူမှာ မြို့ဝန်အဖြစ်မြှောက်စားထားသည့် ကုလား(မွတ်ဆလင်) ဘိုင်ဆပ် ဆိုသူဖြစ်သည်။ ထိုကုလားဘိုင်ဆပ် နှင့်အတူ ဦးပိန်ဆိုသူမှာလည်း အလွန်ပင် ရမ်းကားသူအဖြစ်နှင့် နာမည်ကျော်သည်။ ဦးပိန်သည် အင်းဝနှင့် စစ်ကိုင်းမြို့များမှ ကျန်ရှိသည့် နန်းတော်တိုင်သစ်လုံးများကို ယူကာ တောင်တမန်အင်းရှိ ဦးပိန်တံတားကို ဆောက်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် ရမ်းကားလွန်းသည့် ဘိုင်ဆပ်၊ ဦးပိန်နှင့် အပေါင်းအပါများအကြောင်း ပုဂံမင်းနားသို့ပေါက်ကြားသွားသဖြင့် ဖမ်းဆီးကွပ်မျက်ခံခဲ့ရလေသည်။ နန်းသက်နောက်ဆုံးနှစ်မတိုင်မှ ၁၈၅၂တွင် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပွားသည်။ မြန်မာတို့ဖက်မှ ကောင်းစွာခုခံနိုင်စွမ်းမရှိသဖြင့် ပဲခူးတိုင်းအပါအ၀င် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်လက်သို့ ပါလေသည်။

ပုဂံမင်းဇာတာ

ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားချိန်တွင် ပုဂံမင်း၏ ယောက်ဖတော်ဦးပွားနှင့် အပေါင်းအပါများက ပုဂံမင်း အထိန်းတော်၏ ညီမအိမ်သို့ ၀င်တိုက်သည့် ဓါးပြများမှာ မင်းတုန်းနှင့် ကနောင်မင်းသားများ စံအိမ်မှ လူများဖြစ်သည်ဟု စွပ်စွဲကာ ၀င်ရောက်ဖမ်းဆီးသည်။ အကြီးတော်ဖြစ်သည့် ပခန်းမင်းကြီးဦးရန်ဝေးကလည်း ရွှေဘိုသို့ထွက်ကာ ပုန်ကန်ရန် တိုက်တွန်းသည်ကြောင့်၊တစ်ကြောင့် စကြာဒေ၀ီမင်းသမီးကြီးက အခါတော်ပေးသည်ကြောင့်လည်းကောင်း မင်းတုန်းနှင့် ကနောင် မင်းသားများ ရွှေဘိုသို့ထွက်ကာ ပုန်ကန်သည်။ ပုန်ကန်မှုအောင်မြင်သောကြောင့် ပုဂံမင်းနန်းကျပြီး မင်းတုန်းမင်း နန်းတက်လေသည်။ သို့သော် ညီတော်များက အကျယ်ချုပ်ဖြင့် ကောင်းစွာထားသဖြင့် ကျန်းမာစွာနေထိုင်ခဲ့ပြီး သီပေါမင်းလက်ထက် ခရစ်နှစ် ၁၈၈၁ရောက်မှ ကွယ်လွန်ခဲ့သည်။

အင်္ဂလိပ် မြန်မာ ဆက်ဆံမှု။

ဗြိတိသျှ ကိုယ်စားလှယ်တော်ရုံးကို မြန်မာ နေပြည်တော်မှ ရုပ်သိမ်း သွားသောအခါ ၁၈၂၆ ခုနှစ်က စစ်ရှုံး ခဲ့ရသောကြောင့် နေပြည်တော်မှ မကျေမနပ် လက်ခံ ထားရှိခဲ့ရသော ဗြိတိသျှ ကိုယ်စားလှယ်ရုံး ကွယ်ပ သွားလေသည်။ ထိုအခါ နောက်တဖန် ဗြိတိသျှတို့က ကျူးကျော်လာလျှင် မြန်မာမင်းက ပြန်၍ ခုခံနိုင်လိမ့်မည်ဟု မြန်မာမင်းတို့၏ စိတ်တွင် အထင်ရောက်၍ စိတ်အား တက့်က လာပြန်သည်။ မြန်မာတို့ စစ်ရေး နိမ့်ခဲ့ရခြင်းသည် ဗြိတိသျှတို့တွင် မြန်မာတို့ထက် သာလွန် ကောင်းမွန်သော အမြောက် လက်နက်များ ရှိသောကြောင့် ဖြစ်သည်ဟု မြန်မာ အစိုးရက ယူဆလေသည်။ ထိုကြောင့် ရှိရင်းစွဲ အမြောက်များထက် ပိုမို ကောင်းမွန်သော အမြောက်များ သွန်းလုပ်ရန် ဥရောပ တိုက်သားများကို ကြိုးစား ငှားရမ်းလေသည်။ သို့ရာတွင် အောင်မြင်ခြင်း မရှိခဲ့ချေ။


မြန်မာ ထီးနန်းသည် ဤသို့ စိတ်အား တက်လာလေလေ၊ အာရှနိုင်ငံများ ပေါ်၌ ထားသော ဥရောပ နိုင်ငံ၊ အထူးသဖြင့် ဗြိတိသျှ၏ သဘောထားသစ်ကို မြန်မာ ထီးနန်းက နှိုင်းချိန်ရန် ခဲယဉ်းလေလေ ဖြစ်လာသည်။ ပုဂံမင်းသည် ဗြိတိသျှတို့နှင့် တန်းတူ ဆက်ဆံရန် စိတ်ထက်သန်၍ လိုလားသည်ဟု ဆိုရပေမည်။ သို့ရာတွင် မြန်မာတို့ အဖို့ ကံဆိုးသည်ကား ထိုအချိန်တွင် ဗြိတိသျှတို့၏ သဘောထားသည် ယခင်ကနှင့် မတူ၊ ပြောင်းလဲခဲ့ပြီ ဖြစ်လေသည်။ ထိုအချိန်တွင် ဗြိတိသျှတို့သည် အခြေခံ အားဖြင့် အဖက်ဖက်တွင် အင်အားသာသူ ဖြစ်နေရာ အာရှ နိုင်ငံများသည် ဗြိတိသျှတို့ ကြီးစိုးသော စီးပွားရေး နယ်ပယ်တွင်းသို့ ဗြိတိသျှတို့ အလိုကျ အတိုင်း ဝင်ရောက် လာကြရမည်ဟု ဗြိတိသျှတို့က သဘောထား လာလေသည်။ ဗြိတိသျှ၏ အလိုကျ ဆိုသည်မှာ အာရှနိုင်ငံတို့သည် ဗြိတိသျှ၏ လက်အောက်ခံ မဟာမိတ် အဖြစ်ဖြင့် မိမိတို့၏ နိုင်ငံခြားရေး ဝါဒကို ဗြိတိသျှအား အပ်နှင်းရာ ရောက်သည့် စာချုပ်မျိုးကို ချုပ်ဆိုရခြင်း၊ အာရှနိုင်ငံများရှိ ဥရောပ တိုက်သားတို့ကို ၎င်းတို့ နိုင်ငံ ဥပဒေဖြင့်သာ တရား စီရင်ရန် အခွင့်အရေး ပေးအပ်ရခြင်း၊ ဖြစ်လေသည်။ ထိုအချက်များမှ စ၍ နိုင်ငံ အလုံးသည် ဗြိတိသျှ၏ သိမ်းပိုက်ခြင်းကို ခံရသည့် အထိ ရောက်နိုင်လေသည်။ 

Comments