နျူးကလီယား

ဟီလီရန် အက်တမ်၏ ပုံကြမ်း။ အလယ်မှ နယူကလီယ တွင် အနီရောင် ပရိုတွန် နှင့် အပြာရောင် နယူထရွန်

အက်တမ် တစ်ခု၏ နျူကလိယသည် အလွန် သိပ်သည်းသော နေရာဖြစ်ပြီး နျူကလီယွန် (ပရိုတွန် နှင့် အီလက်ထရွန်) တို့ ပါဝင်သည်။ နယူကလီယ တို့၏ သဘောသဘာဝနှင့် အရည်အချင်းများကို မလေ့လာမှီ ယင်းတို့မှပါရှိသော ဒြပ်မှုန်တွေအကြောင်း အကြမ်းဖျင်းလေ့လာ ကြည့်လျှင် နယူကလီယ တို့တွင် ပရိုတွန်( proton ) နှင့် နယူထရွန်(neutron) ဆိုတဲ့ အခြေခံမှုန် ၂ မျိုးနဲ့ ဖွဲ့စည်းထားကြသည်။ ပရိုတွန်တစ်ခုသည် ဟိုက်ဒရိုဂျင် အက်တမ်၏ နယူကလိယတွင်ပင် ပါရှိပြီး ယင်းမှာ လျှပ်စစ် +e ( e= အီလက်ထရွန်ဒြပ်မှုန်တစ်ခုတွင်ရှိသောလျှပ်စစ်ပမာဏ) ရှိသည်။ ဒြပ်ထုကတော့ အီလက်ထရွန် ဒြပ်ထုထက် ၁၈၃၀ ဆမျှရှိတာကို တွေ့ရသည်။ နယူထရွန်မှာ လျှပ်စစ်ဓာတ်မရှိပဲ ပရိုတွန်ထက် အနည်းငယ်ပိုပြီး လေးသည်(၀.၁%မျှ)။

နယူကလိယဖွဲ့စည်းပုံ

ပရိုတွန် နဲ့ နယူထရွန် ၂ မျိုးခြုံပြီး နယူကလီယွန် (neucleons) လို့ခေါ်လေ့ရှိကြပါသည်။ နယူကလိယ အမျိုးမျိုးမှာ ပရိုတွန်နဲ့ နယူထရွန်အရေအတွက် အချိုးအဆ အမျိုးမျိုး ပေါင်းစပ်ပါဝင်နေကြသည်။

အရေအတွက် အချိုးတစ် ခုရှိတဲ့ ပရိုတွန်-နယူထရွန် အဖွဲ့အစည်းကို နယူကလိုက်( nuclide ) တမျိုးလို့ခေါ်တယ်။ ဒီနေရာမှာ မှတ်ထားရမှာကတော့ နယူကလိုက်တစ်ခုဟာ အက်တမ်ရဲ့ နယူကလိယ ဖြစ်ချင်မှ ဖြစ်မယ်ဆိုတာပါပဲ။ တွေ့ရှိပြီး နယူကလိုက် ၁၄၄၀ ကျော်ထဲမှာ အခြေခိုင်တဲ့ အမျိုးအစားနဲ့ အခြေမခိုင်တဲ့ ရေဒီ ယိုသတ္တိကြွ ( radioactive ) မှုရှိတဲ့ အမျိုးအစားဆိုပြီး ၂ မျိုးရှိပါသည်။ သဘာဝဒြပ်စင် အမျိုးအစား ၉၂ မျိုးနဲ့ စာရင် နယူကလိုက်အရေအတွက်ဟာ အတော်များနေတာကို တွေ့ရပါတယ်။

နယူကလိုက် တစ်ခုကို အကြမ်းဖျင်းအားဖြင့် အလွန်ကျစ်လစ်ပြီး ခပ်လုံးလုံးပုံစံရှိသော ပရိုတွန်-နယူထရွန် အဖွဲ့အစည်းတစ်ခုရယ်လို့ ယူဆနိုင်ပါသည်။ ဒီလိုအဖွဲ့အစည်းမှာ လျှပ်စစ်အဖိုဆောင်ပရိုတွန်များကိုပါ တည်မြဲအောင် စုစည်းထားနိုင်တာဟာ စဉ်းစားစရာဖြစ်နေပါသည်။ ပရိုတွန် အချင်းချင်းတွန်းကန်ကြတဲ့ လျှပ်မှုန်အချင်းချင်းတွန်းအား ( ကူးလောင်း ဟူသည့် ပမာဏပြစကားလုံးဖြင့်တိုင်းတာဖေါ်ပြလေ့ရှိသည်) များရှိသောကြောင့် နယူကလိယဟာ ဒီတိုင်းဆိုရင်ပြိုကွဲပျက်စီးသွားရန်အကြောင်းရှိနေပါတယ်။

ဒီလိုဖြစ်မသွားခြင်းကိုထောက်ပြီး နယူကလိုက်တို့မှာ ကူးလောင်းအားထက် ပြင်းထန်ပြီး ပေါင်းစည်းမှုကိုပေးစွမ်းနိုင်တဲ့ အားတစ်မျိုးမျိုးရှိနေတယ် လို့ဆိုရတော့မှာဖြစ်ပါတယ်။

ဒီအားမျိုးရဲ့ သဘာဝကို တိတိကျကျ မဖော်ပြနိုင်သေးပေမယ့် ဒီအားဟာ ပြင်းအားအလွန်ကြီးပြီး နယူကလီယွန်( ပရိုတွန်ရော နယူထရွန်ပါ) များအကြား သက်ရောက်တဲ့ ဆွဲအားအသစ်တစ်မျိုးဖြစ်တယ်ဆိုတာ မှန်းဆကြည့်ရှုနိုင်ပါသည်။ အရင်က သိပြီးသားဖြစ်သော ဒြပ်ဆွဲအား နှင့် သံလိုက်အားမျိုးတွေနှင့်ကွာခြားမှုရှိသော တသီးတခြား အားတစ်မျိုးသာ ဖြစ်နိုင်ပါသည်။ ဒီအားကို နယူကလိယပေါင်းစည်းအား ( ၀ါ ) အပြင်းအားအပြန်အလှန်သက်ရောက်မှုလို့ပဲ ခေါ်ကြပါမည်။ နယူကလိယများကို နယူကလီယွန်များနဲ့ ဖွဲ့စည်းထားတယ်ဆိုရင် နယူကလီယွန်များကိုလည်း ဘာနဲ့ဖွဲ့စည်းထားသလဲဆိုတာကို သိရှိလိုကြပေလိမ့်မည်။ အဆိုပါအကြောင်းအရာများကို နောင်တွင်အသေးစိတ်ဆက်လက်ဖော်ပြသွားပါမည်။

မြန်မာနိုင်ငံရှိ အဝါရောင်ကိတ်မုန့် ထုတ်လုပ်နိုင်သော သတ္တုတွင်းများပြမြေပုံ

သတ္တုတူးဖော်ခြင်း

အရပ်ဘက်နျူကလီးယားဖြစ်စေ၊ စစ်ဘက်နျူကလီးယားဖြစ်စေ အခြေခံကုန်ကြမ်းက ယူရေနီယမ် ဖြစ်ပါတယ်။ ဒီ ယူရေနီယမ် သတ္တုကို မြေကြီးထဲက တူးယူရပါတယ်။ ကမ္ဘာမှာ ယူရေနီယမ် အဓိကထွက်တဲ့ နိုင်ငံတွေက သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ကာဇက်စတန်၊ နမီးဘီးယား၊ နိုင်ဂျာ၊ ရုရှား၊ ဥဇဘက်ကစ္စတန်တို့ဖြစ်ပြီး မြန်မာပြည်မှာတော့ ပင်းပက်၊ သပိတ်ကျဉ်း၊ ပုံတောင်ပုံညာ၊ ဖားကန့်၊ တနိုင်း၊ မိုးမိတ်တို့မှာ ထွက်ပါတယ်။

ယခင်က ယူရေနီယမ်ကိုရရှိဖို့ တူးဖော်ယူခဲ့ရပါတယ်။၎င်းနောက်မှာတော့ ယူရေနီယမ်များပါဝင်သည်ဟု တိုင်းတာတွေ့ရှိရသောကျောက်များကို ကြိတ်ခွဲခြင်း၊ အက်ဆစ်(သို့) ဘေ့စ်တို့ဖြင့် ဓါတ်တိုး ဓါတ်ပြုမှုများ (သို့တည်းမဟုတ်) ဓါတ်လျော့ ဓါတ်ပြုမှုများဖြင့် လိုအပ်သလိုပြုပြင်ယူရပါတယ်။ ယခုအချိန်တွင် ခေတ်မှီသောနိုင်ငံများတွင် ယူရေနီယမ်မိုင်းတွင်းကို လုပ်သားအင်အား အထွေအထူးအသုံးပြုစရာမလိုပဲ ရှာဖွေဖို့နည်းလမ်းများ စဉ်းစားလာခဲ့ကြပေသည်။ခေတ်အမှီဆုံး ယူရေနီယမ်မိုင်းတွင်းသည် ရေတွင်းတူးသလို စက်ဖြင့် တွင်းတူးကာ အက်ဆစ်ပြင်းများ ဥပမာ(H2SO4) တွင်းထဲသို့လောင်းထည့်ကာ ယင်းတွင်းဖြင့်ကပ်ရပ်တွင် နောက်တစ်တွင်းဆက်လက်တူးကာ နောက်တူးသောတွင်းမှ လောင်းထည့်ထားသော အက်ဆစ်များကို အချိန်အတိုင်းအတာတစ်ခုအရောက်တွင် ပြန်လည်စုပ်ယူခြင်းဖြင့် ပတ်ဝန်းကျင်ကို မထိခိုက်စေသည့်အပြင် လုပ်သားပြဿနာနှင့် ဓါတ်ရောင်ခြည်သင့်ပြဿနာကိုပါ ဖြေရှင်းပြီးသား ဖြစ်ပေသည်။ယူရေနီယမ်သည် အက်ဆစ်ပြင်းတွင်ပျော်ဝင်သည်။

ယူရေနီယမ် အနုမြူတချို့ကို ဆက်တိုက်ခွဲစိတ်တဲ့အခါ စွမ်းအင် ထွက်လာပါတယ်။ ဒီဖြစ်စဉ်ကို နျူကလီးယား ခွဲစိတ်မှု nuclear fission လို့ ခေါ်ပါတယ်။ နျူကလီးယားဓာတ်အားပေးစက်ရုံ (ဓာတ်ပေါင်းဖို) မှာ ခွဲစိတ်မှုက ဖြည်းဖြည်းလေးဖြစ်ပျက်နေပြီး နျူကလီးယားလက်နက်မှာတော့ တဟုန်ထိုးမြန်မြန်ဆန်ဆန် ဖြစ်ပျက်ပါတယ်။ နှစ်မျိုးစလုံးမှာတော့ ဒီခွဲစိတ်မှုကို သေသေချာချာဂရုတစိုက် ထိန်းချုပ်ဖို့လိုပါတယ်။

နျူကလီးယားခွဲစိတ်မှုအတွက် ယူရေနီယမ် (၂၃၅) လို့ခေါ်တဲ့ ယူရေနီယမ်အိုင်ဆိုတုပ်ကိုသုံးရင် အကောင်းဆုံးဖြစ်ပါတယ်။ (အိုင်ဆိုတုပ် ဆိုတာ ပရိုတွန် အရေအတွက်တူပြီး နျူထရွန် အရေအတွက်မတူတဲ့ မျိုးတူဒြပ်စင် ဖြစ်ပါတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ ယူရေနီယမ်က ယူရေနီယမ် (၂၃၈) ဖြစ်ပါတယ်။) ယူရေနီယမ် (၂၃၅) အစား ပလူတိုနီယမ် (၂၃၉) ကို သုံးရင်လည်း ထိရောက်မှုကောင်းပါတယ်။ ယူရေနီယမ် ၂၃၅ (ယူ-၂၃၅) ဟာ ဆက်တိုက် ဆင့်ကဲ ဆင့်ကဲ ခွဲစိတ်မှုဖြစ်တတ်ပြီး စွမ်းအင်အဖြစ် အပူဓာတ်ကို ထုတ်လွှတ်ပါတယ်။

ယူရေနီယမ် (၂၃၅) အနုမြူ ကွဲထွက်တဲ့အခါ နျူထရွန် (၂) လုံး (၃) လုံး လွှတ်ထုတ်ပါတယ်။ ဘေးမှာ တခြားယူ-၂၃၅ အနုမြူတွေရှိနေရင် အဲဒီနျူထရွန်တွေက ဝင်တိုက်ပြီး အတိုက်ခံရတဲ့ အနုမြူတွေကို ကွဲထွက်စေပါတယ်။ ဒါကြောင့် နျူထရွန်တွေ ပိုများများ ထပ်ထွက်လာပါတယ်။ အခုလိုမျိုး သူ့ဖာသာသူ ကွင်းဆက်ဓာတ်ပြုနိုင်ဖို့ ယူ-၂၃၅ အနုမြူ အလုံအလောက်ရှိနေရင် နျူကလီးယားတုံ့ပြန်မှု ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုဖြစ်ဖို့ အနည်းဆုံးလိုအပ်တဲ့ အနုမြူ အရေအတွက်ကို “အခြေပြောင်းဒြပ်ထု” critical mass လို့ခေါ်ပါတယ်။

ဒါပေမယ့် သဘာဝအတိုင်းတွေ့ရတဲ့ အနုမြူဒြပ်စင်မှာ အနုမြူ အလုံး (၁,၀၀၀) မှာ ယူ-၂၃၅ က (၇) လုံးပဲပါပြီး ကျန်တဲ့ အနုမြူ (၉၉၃) လုံးက ယူ-၂၃၈ ဖြစ်နေပါတယ်။

နျူးကလီယား(နျူကလီယ)ဗုံးလုပ်ရန်အတွက် ယူရေနီယမ်သတ္တုကို အသုံးပြုသည်။ သို့သော် သာမန်ရိုးရိုး ယူရေနီယမ်ကို အသုံးပြု၍မရပေ။ ‘အိုင်ဆိုတုပ်’ ဟုခေါ်သော ရေဒီယိုဓာတ်ကြွမျိုးကွဲများထဲမှ တစ်မျိုးကိုသာ အသုံးပြုရသည်။ ယူရေနီယမ်သည် ဒြပ်စင်အမှတ်စဉ် (၉၂) ဖြစ်သောကြောင့် ၎င်းအဏုမြူထဲမှာ ပရိုတွန်(၉၂) လုံး၊ အီလက်ထရွန် (၉၂) လုံးပါရှိသည်။ ယူရေနီယမ် အိုင်ဆိုတုပ်တွေထဲတွင် သဘာဝအတိုင်း မြေကြီးထဲမှ အများဆုံး တူးဖော်ရရှိသည်မှာ ယူရေနီယမ် ၂၃၈ (နျူထရွန် ၁၄၆ လုံး) ဖြစ်ပြီး သဘာဝယူရေနီယမ် စုစုပေါင်း၏(၉၉.၂၈၄) ရာခိုင်နှုန်းပါရှိသည်။ ယူရေနီယမ် ၂၃၅ (နျူထရွန် ၁၄၃ လုံး) သည် သဘာဝသတ္တုရိုင်းထဲတွင် (၀.၇၁၁) ရာခိုင်နှုန်းသာ ပါဝင်ပါသည်။ ယူရေနီယမ်(၂၃၅) ဖြစ်ဖြစ် ယူရေနီယမ်(၂၃၈) ဖြစ်ဖြစ် ယူရေနီယမ်မှန်ရင် သတ္တုရိုင်းတွေသည်လည်း ရေဒီယိုဓာတ်ကြွသည့်အတွက် သတ္တုတွင်းတူးအလုပ်သမားများ၊ သယ်ယူပို့ဆောင်ကိုင်တွယ်ရသောအလုပ်သမားများ၊ စစ်သည်များအတွက် အန္တရာယ်ကြီးမားလှပါသည်။

အဝါရောင်ကိတ်မုန့်ထုတ်လုပ်သည့် စက်ရုံပုံစံငယ်

နျူးကလီယားဗုံးလုပ်သည့်အခါ ယူရေနီယမ် (၂၃၅) ကို သုံးရပါသည်။ သို့မဟုတ် ယူရေနီယမ် (၂၃၈)ကို ပလူတိုနီယမ်ဖြစ်အောင် ပြောင်းလဲပြီး သုံးနိုင်ပါသည်။ (ဟီရိုးရှီးမားမြို့တွင် ကျဲချခဲ့သော နျူးကလီယားဗုံးသည် ယူရေနီယမ် (၂၃၅)ဖြင့် လုပ်ထားခြင်း ဖြစ်ပြီး နဂါစကီတွင် ကျဲချသော နျူးကလီယားဗုံးသည် ပလူတိုနီယမ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။) သို့သော် ဒီဒုတိယနည်းအတွက် ပလူတိုနီယမ်ကို အဏုမြူဓာတ်ပေါင်းဖိုဖြင့်သာ ထုတ်လုပ်ရသဖြင့် ပိုမိုခက်ခဲပြီး အဆင့်မြင့်သကဲ့သို့ တန်ဖိုးလည်းကြီးပါသည်။ ထို့ကြောင့် နျူးကလီယားဗုံးကို ဈေးနှုံးသက်သာစွာဖြင့် ထုတ်လုပ်လိုကြသည့် နည်းပညာအဆင့်နိမ့် ဖွံ့ဖြိုးဆဲ တိုင်းပြည်များအနေဖြင့် ကနဦးအဖြစ် ယူရေနီယမ် (၂၃၅) မှတဆင့် နျူးကလီယားဗုံးကို အဓိကထုတ်လုပ်ပြီး တချိန်တည်းတွင် ပလူတိုနီယမ်ကိုလည်း ပြုလုပ်နိုင်အောင် အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ရန်အတွက် ကြိုးစားရပါသည်။

အဝါရောင်ကိတ်မုန့်

ထို့ကြောင့် အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ဖြစ်စေ၊ အဏုမြူဗုံးလုပ်ဖို့ဖြစ်စေ အစကနဦးအနေဖြင့် ယူရေနီယမ် (၂၃၅) ထုတ်လုပ်ရန် ဦးစွာကြိုးပမ်းရမှာဖြစ်ပါသည်။ သဘာဝသတ္တုရိုင်းထဲမှ အချိုးအစားအလွန်နည်းပါးစွာပါသော ယူရေနီယမ် (၂၃၅) ကို စုယူနိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးရှိသည့်အနက်မှ အထိရောက်ဆုံး၊အသုံးအများဆုံးနှင့် စရိတ်အသက်သာဆုံးနည်းမှာ ဗဟိုဆွဲအားစက်များကိုအသုံးပြုခြင်းဘဲ ဖြစ်ပါသည်။ ဗဟိုဆွဲအား Centrifuge ၏ သဘောတရားမှာ ရွှေကျင်ရာတွင် အလေးဆမတူသည့် သဲတွေ၊ကျောက်များမှ ရွှေကို စကောဝိုင်း ဝိုင်းပြီး ခွဲထုတ်ရသလိုပင်ဖြစ်သည်။

ဗဟိုဆွဲအားစက်

ဆေးရုံများတွင် သွေးစစ်ရာ သွေးထဲတွင်ပါဝင်သော အမှုန်အမွှားအမျိုးမျိုးကို ခွဲခြားနိုင်ရန် ဖန်ပြွန်များအတွင်းထည့်ပြီး ဗဟိုဆွဲအားစက်ထဲ ထည့်လှည့်ရပါသည်။ အလေးဆ အားဖြင့် အနည်းငယ်(၁.၂၆ ရာခိုင်နှုန်း) သာကွာသည့် (၂၃၈) နှင့် (၂၃၅) နှစ်မျိုးရောနေခြင်းကို လက်ဖြင့်စကောဝိုင်းသည်ထက် အဆပေါင်းများစွာမြန်သည့် စက်ဖြင့် မွှေ့လိုက်သည်။ထိုအခါ ပိုပေါ့သော(၂၃၅) က အပေါ် သို့မဟုတ် အလယ်တွင် ပေါ်တက်ကာစုစည်းပါသည်။ သဘာဝသတ္တုမှုန်များအနက်မှ (၀.၇) ရာခိုင်နှုန်းသာပါသည့် (၂၃၅) ကို များများရရှိနိုင်စေရန် ယူရေနီယမ်ဓာတ်ငွေ့တို့ကို ဆလင်ဒါ ပြွန်လုံးရှည်ကြီးအတွင်းသို့ထည့်ပြီး လှည့်လိုက်သောအခါ (၂၃၈) က ပြွန်လုံးဘေးနံရံတွင် ကပ်ပြီး (၂၃၅) များကမူ အလယ်တွင် လာရောက်စုစည်းပါသည်။ အလယ်တွင် စုနေသည့် (၂၃၅) များကို ပိုက်များဖြင့် စုပ်ထုတ်ပြီး နောက်ထပ် ပြွန်လုံးရှည်များထဲသို့ပို့လွှတ်ကာ ဗဟိုဆွဲအားနည်းဖြင့် ထပ်ခါထပ်ခါ စစ်ထုတ်စုယူရပါသည်။ အဏုမြူဓာတ်ပေါင်းဖိုများတွင် အသုံးပြုရန် (၂၃၅) ငါးရာခိုင်နှုန်းခန့်အထိ ဖြစ်လာရင် သုံးလို့ရပြီး အဏုမြူလက်နက် ထုတ်လုပ်ဖို့ဆိုရင်တော့ (၂၃၅) ကိုးဆယ်ရာခိုင်နှုန်းကျော်အထိ သန့်စင်ဖို့လိုတဲ့အတွက် ဗဟိုဆွဲအား ဆလင်ဒါ ပြွန်လုံးရှည် ထောင်နှင့်ချီ လိုပါသည်။ ထို့ကြောင့် ဗဟိုဆွဲအားစက်ရုံများတွင် ပြွန်လုံးရှည်ကြီးများ ထောင်နှင့်ချီ တပ်ဆင်ထားရသည့် အတွက် သိသာမြင်သာလောက်အောင်ထင်ရှားသော စက်ရုံကြီးများကို မဖြစ်မနေ တည်ဆောက်ရပါသည်။ ထိုဗဟိုဆွဲအားစက်ရုံ မရှိပဲနှင့် အဏုမြူဗုံးတစ်လုံးအား မည်သို့မျှ မထုတ်လုပ်နိုင်ပေ။

ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် ပထမဆုံးအဆင့်အနေဖြင့် သတ္တုတွင်းများမှ တူးဖော်ရယူလာသည့် ယူရေနီယမ်မြေသားအရိုင်းကို ကြိတ်ခွဲပြီး ဓာတုဗေဒနည်းပညာဖြင့် သန့်စင်အရည်ဖျော် အခြောက်ခံလိုက်သည့်အခါ ‘အဝါရောင်ကိတ်မုန့်’ Yellow Cake ဟုလူသိများသည့် ဒုတိယဆင့် သတ္တုရိုင်းဖြစ်လာပါသည်။ ၄င်းအား နောက်တစ်ကြိမ် အက်ဆစ်၊ ဇဝက်သာ၊ ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်တို့ဖြင့် အဆင့်ဆင့် ဓာတ်ပြုစေပြီးလျှင် နောက်ဆုံး၌ ယူရေနီယမ်ဟက်ဆာဖလိုရိုဒ်ဓာတ်ငွေ့ ရလာပါသည်။။ ထိုယူရေနီယမ် ဓာတ်ငွေ့အား အထက်တွင် ဖော်ပြခဲ့သည့် ဗဟိုဆွဲအားပြွန်လုံးများအတွင်းသို့ထည့်ပြီး ‘ကျင်’ ယူရခြင်းဖြစ်သည်။

yellow cake

ဓာတ်ပြောင်းခြင်း

ယူရေနီယမ်သတ္တုရိုင်းကို တူးယူပြီးရင် စက်နဲ့ အမှုန့်ကြိတ်ပစ်ရပါတယ်။ ဒီအမှုန့်တွေကို ဓာတုဗေဒနည်းနဲ့ သန့်စင်ပစ်ပြီး “အဝါရောင်ကိတ်မုန့်” yellow cake လို့ခေါ်တဲ့ ယူရေနီယမ်အခဲ ပြန်လုပ်ရပါတယ်။ ဒီအဝါရောင်ကိတ်မုန့်မှာ ယူရေနီယမ် (၆၀-၇၀) ရာခိုင်နှုန်းပါဝင်ပြီး ရေဒီယိုသတ္တိကြွအန္တရာယ်ရှိနေပါပြီ။

ဒီနေရာမှာ နျူကလီးယားပညာရှင်တွေရဲ့ အဓိကအလုပ်က ရထားတဲ့ယူရေနီယမ်ထုထဲမှာ ယူ-၂၃၅ အနုမြူ ပမာဏတိုးလာအောင် လုပ်ဖို့ဖြစ်ပါတယ်။ ဒါကို ယူရေနီယမ်သန့်စင်မှု enrichment လို့ခေါ်ပါတယ်။ သန့်စင်ဖို့အတွက် အဝါရောင်ကိတ်မုန့်ကို နိုက်ထရစ်အက်ဆစ်နဲ့ ဖျော်ပြီး ဓာတုဗေဒနည်းနဲ့ ပြုပြင်ရပါတယ်။ ဒီ့နောက်မှာ အပူပေးပြီး ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ် ဓာတ်ငွေ့ဖြစ်လာစေပါတယ်။

ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ဓာတ်ငွေ့ဟာ ထိတဲ့ပစ္စည်းတွေကို လောင်တတ် စားတတ်တဲ့အတွက် အင်မတန် သတိထားကိုင်တွယ်ရပါတယ်။ ဒီဓာတ်ငွေ့ထုတ်လုပ်တဲ့စက်ရုံက ပိုက်လိုင်းတွေ မော်တာစက်တွေကို ခံနိုင်ရည်ရှိတဲ့ အလျူမီနီယမ်-နီကယ်သတ္တုစပ်တွေနဲ့ အထူးတည်ဆောက်ရပါတယ်။ ဒါ့အပြင် ဒီဓာတ်ငွေ့ကို ဆီအမျိုးမျိုး၊ အမဲဆီ၊ အင်ဂျင်ဝိုင် စတာတွေနဲ့ မထိတွေ့အောင်လည်း ထားရပါတယ်။ နို့မဟုတ်ရင် မတော်တဆ ဓာတုတုံ့ပြန်မှုတွေ ဖြစ်တတ်ပါတယ်။

သန့်စင်ခြင်း

နျူကလီးယားဓာတ်ပေါင်းဖိုမှာသုံးမယ့် ယူရေနီယမ်ကို ယူ-၂၃၅ (၂-၃) ရာခိုင်နှုန်းပါအောင် သန့်စင်ယူရပါတယ်။ လက်နက်အတွက်ဆိုရင်တော့ ယူ-၂၃၅ (၉၀) ရာခိုင်နှုန်းပါတဲ့အထိ သန့်စင်ပစ်ဖို့လိုပါတယ်။

အများဆုံးသုံးတဲ့ သန့်စင်နည်းကတော့ gas centrifuge ဓာတ်ငွေ့ ဗဟိုခွာအားနည်းဖြစ်ပါတယ်။ အဲဒီနည်းမှာ ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ဓာတ်ငွေ့ကို ပြွန်လုံးရှည်ထဲထည့်ပြီး အရှိန်မြင့်လှည့်ပေးတဲ့အခါ ပိုလေးတဲ့ ယူ-၂၃၈ အိုင်ဆိုတုပ်က ဘေးမှာလာစုပါတယ်။ ဒီ ယူ-၂၃၈ ကို ပြွန်အောက်ဘက်ကနေ ထုတ်ယူပြီး အလယ်မှာစုနေတဲ့ ယူ-၂၃၅ များတဲ့ ဓာတ်ငွေ့ကို သီးသန့်ထုတ်ယူပါတယ်။ ဒီ ယူ-၂၃၅ ဓာတ်ငွေ့ကို နောက်ထပ်ဗဟိုခွာအားစက်ထဲပို့ပြီး ထပ်'ကျင်' ရပါတယ်။ ဒီလို ထပ်တလဲလဲ ဆက်တိုက်လုပ်ဖို့ ဗဟိုခွာအားစက်တွေ ထောင်နဲ့ချီပြီး အတန်းလိုက် တပ်ဆင်ထားရပါတယ်။ ရေဒီယိုသတ္တိကြွမှု နည်းနည်းရှိတဲ့ လက်ကျန် ယူ-၂၃၈ တွေကိုတော့ အားပျော့ယူရေနီယမ် depleted uranium လို့ခေါ်ပြီး သံချပ်ကာဖောက် အမြောက်ဆန်တွေ၊ ကျည်ဆန်တွေမှာ ထည့်သွင်းအသုံးပြုပါတယ်။

နောက်ထပ်သန့်စင်နည်းကတော့ စိမ့်ထွက်နည်း diffusion လို့ခေါ်ပါတယ်။ အဲဒီနည်းမှာ ယူရေနီယမ်ဟက်ဆာ ဖလိုရိုက်ဒ်ဓာတ်ငွေ့ကို အမှေးပါးတခုကို ဖြတ်သန်းခိုင်းတဲ့အခါ ပိုပေါ့တဲ့ ယူ-၂၃၅ က အမှေးပါးဇကာကို ပိုမြန်မြန်ဖြတ် နိုင်တဲ့အတွက် ခွဲထုတ်ယူလို့ရပါတယ်။ ဗဟိုခွာအားနည်းလိုပဲ ဒီနည်းမှာလည်း အမှေးပါးဖြတ်တာကို ထပ်တလဲလဲ လုပ်ရပါတယ်။

နျူကလီးယား ဓာတ်ပေါင်းဖို

ရလာတဲ့ ယူ-၂၃၅ ကို နျူကလီးယားဓာတ်ပေါင်းဖိုမှာဖြစ်စေ၊ နျူကလီးယားလက်နက်မှာဖြစ်စေ သုံးနိုင်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုမှာ နျူကလီးယားခွဲစိတ်ခြင်းက ထွက်လာတဲ့အပူဓာတ်ကို ထိန်းချုပ်ပြီး ရေနွေးငွေ့ထွက်အောင်လုပ်၊ တာဘိုင်တွေကိုလည်စေပြီး လျှပ်စစ်ဓာတ်အားထုတ်ပါတယ်။ သာမန်နျူကလီးယားဓာတ်ပေါင်းဖိုမှာ (၂-၃) ရာခိုင်နှုန်းသန့်စင်ပြီး ယူရေနီယမ်ကို လောင်စာအခဲလေးတွေပုံစံနဲ့ သုံးပါတယ်။ ဒီအခဲလေးတွေက ကျပ်လုံးလောက်ရှိပြီး တလက်မရှည်ပါတယ်။ ဒါလေးတွေကို အချောင်းရှည်တွေဖြစ်အောင် စုထပ်ပြီး အပူကာနံရံထူတဲ့ အလုံပိတ်အခန်းထဲ ထည့်ထားပါတယ်။ ဓာတ်ပေါင်းဖို တော်တော်များများမှာ လောင်စာချောင်းအထုပ်တွေကို အေးအောင်လို့ ရေအောက်မှာမြှုပ်ထားပါတယ်။ တချို့ဓာတ်ပေါင်းဖိုတွေမှာတော့ အေးအောင် ကာဘွန်ဒိုင်အောက်ဆိုက် သို့မဟုတ် သတ္တုအရည် သုံးပါတယ်။

ခွဲစိတ်တုံ့ပြန်မှုနဲ့ အပူထွက်နိုင်ဖို့အတွက် ယူရေနီယမ်လောင်စာအနှစ်သားဟာ 'အခြေပြောင်း' အနေအထားမှာ ရှိရပါမယ်။ ဆိုလိုတာက ယူရေနီယမ်ဟာ ကိုယ့်ဖာသာကိုယ် ကွင်းဆက်တုံ့ပြန်မှု ဖြစ်နိုင်မယ့် အလုံအလောက် သန့်စင်မှု ရှိရပါမယ်။ယနေ့ခေတ်ဓါတ်ပေါင်းဖိုများသည် ယူရေနီယမ်ကွန်ပေါင်းများဖြင့် အသုံးပြုလို့ရနေသည့်အပြငတစ်ချို့မှာ သိုရီယမ်လောင်စာသုံး ဓါတ်ပေါင်းဖိုများပါ အသုံးပြုလာခဲ့ကြပေသည်။ ယင်းဓါတ်ပေါင်းဖိုသည် ငွေကုန်ကြေးကျများလွန်းသော်လည်း နျူပညာကိုလက်ဝါးကြီး အုပ်ထားလိုသောနိုင်ငံအချို့မှ နျူလက်နက်ထုတ်လုပ်မှု မဖြစ်ပေါ်စေရန်အတွက်သော်လည်းကောင်း စီးပွားရေးအတွက်သော်လည်းကောင်း အခြားနိုင်ငံများအား လိုက်လံတည်ဆောက်ပေးလျက်ရှိသည်။သိပ္ပံပညာရှင်များမှ မှတ်ချက်ပြုရာတွင် ယူရေနီယမ်235သုံး နျူကလီးယားဓါတ်ပေါင်းဖိုသာလျှင် ဘက်စုံသုသေသနအတွက်သာမက စွမ်းအင်ကိုအလုံအလောက်ထုတ်လုပ်နိုင်စွမ်းရှိသည့် ပါဝါအမြှင့်ဆုံး ဓါတ်ပေါင်းဖိုဖြစ်ကြောင်း လက်ခံထားပေသည်။

နျူကလီးယားဓာတ်ပေါင်းဖို လည်ပတ်ဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ထိန်းချုပ်တံတွေကို ဓာတ်ပေါင်းဖိုအခန်းထဲ မြှုပ် သွင်းထားပါတယ်။ ဒီထိန်းချုပ်တံတွေကို နျူထရွန်တွေစုပ်ယူနိုင်တဲ့ ဓာတ်ပစ္စည်း၊ ဥပမာ ကက်ဒ်မီယမ်နဲ့ လုပ်ထားပါတယ်။ နျူထရွန်တွေကို စုပ်ယူလိုက်လို့ နျူထရွန်အရေအတွက်နည်းသွားရင် ကွင်းဆက်တုံ့ပြန်မှု နည်းသွားတဲ့အတွက် ခွဲစိတ်မှုဖြစ်စဉ် နှေးကွေးသွားပါတယ်။

ဒီကနေ့ ကမ္ဘာပေါ်မှာ နျူကလီးယားဓာတ်အားပေးရုံ (၄၀၀) ကျော်ရှိနေပြီး တကမ္ဘာလုံးသုံးတဲ့ လျှပ်စစ်ပမာဏရဲ့ (၁၇) ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေပါတယ်။ ဒါတင်မက နျူကလီးယားဓာတ်ပေါင်းဖိုသုံးပြီးသွားတဲ့ သင်္ဘောနဲ့ ရေငုပ်သင်္ဘော တွေလည်း ရှိနေပါတယ်။ယနေ့ကမ္ဘာမှာနျူကလီးယားနဲ့ပတ်သက်ပြီး ထိန်းချုပ်မှုတွေကို အင်တိုက်အားတိုက် လုပ်ကိုင်နေတဲ့ အမေရိကသည် ဓါတ်ပေါင်းဖိုပေါင်း (၁၃၀)ကျော်ပိုင်ဆိုင်ထားပြီး ဆက်လက်တည်ဆောက်ဆဲဖြစ်နေပါသည်။အမေရိကမှ၎င်းနှင့် စစ်ဖက်ဆိုင်ရာ စီးပွားဖက်ဆိုင်ရာ မူဝါဒသဘောထားကိုက်ညီသည့် နိုင်ငံများကို သုသေသနဓါတ်ပေါင်းဖိုများဆောက်လုပ်ရာတွင်ကူညီပြီး ယင်းနှင့်သဘောထားမတူသည့် နိုင်ငံများတွင် ဓါတ်ပေါင်းဖိုတည်ဆောက်ခြင်းနှင့်အခြားသော ဆက်စပ်ကိစ္စများကို ကန့်ကွက်ပိတ်ဆို့ခဲ့သည့်။

နျူးကလီယား လက်နက်

ဂျပန်နိုင်ငံ နာဂါဆာကီ နျူကလီးယာဗုံး ပေါက်ကွဲရာမှ ဖြစ်ပေါ်လာသော မှိုပုံ တိမ်တိုက်

နျူးကလီယား လက်နက် သည် ဖောက်ခွဲရေး ကရိယာ တစ်ခုဖြစ်ပြီး ၄င်း၏ စွမ်းအင်ကို ဖြူးရှင်း သို့မဟုတ် ဖြူးရှင်း နှင့် ဖစ်ရှင်း ပေါင်းခြင်းတို့မှ ဖြစ်ပေါ်သော နျူးကလီယား ဓာတ်ပြုခြင်း မှရှိသည်။ ၄င်းနှစ်ခုစလုံးသော ဓာတ်ပြုခြင်းများသည် အဆမတန် ရှိသော် စွမ်းအင်များကို အလွန်သေးငယ်သော အရာဝတ္ထုမှ ထွက်ပေါ်လာပြီး ကီလိုဂရမ် တစ်ထောင်မျှသာရှိသော ခေတ်ပေါ် နျူးကလီယား လက်နက်သည် သာမန် အလွန်ပြင်းထန်သော ဖောက်ခွဲရေး ပစ္စည်း တစ်ဗီလီရမ် ကီလိုဂရမ် နှင့်ညီမျှသည်။ သေးငယ်သော နျူးကလီယား လက်နက် ကရိယာပင်ဖြစ်ပါစေ၊ သာမန် ဗုံးထက် အဆပေါင်းများစွာ ပြင်းထန်ပြီး မြို့တစ်မြို့ကို ကောင်းစွာ ဖျက်ဆီးနိုင်သည်။ ထိုကြောင့် နျူးကလီယား လက်နက် ကို အလုံးစုံ ဖျက်သုံးရေး လက်နက် (weapons of mass destruction) ဟုခေါ်ပြီး ၄င်း၏ အသုံးပြုမှုကို ထိန်းချူပ်ထားကာ နိုင်ငံတကာ ပေါ်လစီ များတွင် အဓိက အငြင်းပွားရာဖြစ်သည်။

ယူရေနီယမ် နျူကလီးယားဗုံး

နျူကလီးယားဗုံးထုတ်လုပ်တဲ့အခါ ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်စေပြီး အပူဓာတ်အများကြီး ဒလကြမ်းထုတ်လွှတ်မယ့် မဟာ့မဟာအခြေပြောင်းဒြပ်ထု ဖြစ်စေဖို့ ရည်ရွယ်ထုတ်လုပ်ရပါတယ်။ အလွယ်ဆုံးပုံစံတခုက 'သေနတ်' ပုံစံလို့ ခေါ်တဲ့ဟာဖြစ်ပါတယ်။ ဒီပုံစံမှာ အခြေပြောင်းရောက်ခါနီး ယူရေနီယမ်ဒြပ်ထု အလုံးငယ်တခုကို ယူရေနီယမ်ဒြပ်ထု အလုံးကြီးတခုဆီ ပြေးဆောင့်ခိုင်းတဲ့အခါ အလုံးနှစ်ခုပေါင်းပြီး မဟာ့မဟာအခြေပြောင်းအဆင့် ရောက်သွားတဲ့အတွက် နျူကလီးယားပေါက်ကွဲမှု ဖြစ်သွားပါတယ်။ ဒီလိုဖြစ်ဖို့အချိန်က တစက္ကန့်တောင်မရှိပါဘူး။

အလွန်အမင်းသန့်စင်ထားတဲ့ (၉၀ ရာခိုင်နှုန်း သန့်စင်ထားတဲ့) ယူရေနီယမ်ဟက်ဆာဖလိုရိုက်ဒ်ကို ယူရေနီယမ်အောက် ဆိုက်အဖြစ် အရင်ဓာတ်ပြောင်းပြီးနောက် ယူရေနီယမ်သတ္တုတုံးတွေအဖြစ် ပုံသွင်းလိုက်ရင် ယူရေနီယမ်အနုမြူဗုံးအတွက် လိုအပ်တဲ့လောင်စာ ရပါတယ်။ ဒီလုပ်ငန်းကို အတော်လေးလွယ်ကူတဲ့ ဓာတုဗေဒနည်း၊ အတော်လေး လွယ်ကူတဲ့ အင်ဂျင်နီယာနည်းတွေနဲ့ လုပ်နိုင်ပါတယ်။

အင်အားအကောင်းဆုံး အခြေခံနျူကလီးယားခွဲစိတ်လက်နက် သို့မဟုတ် အနုမြူဗုံးဟာ ပေါက်ကွဲအား ကီလိုတန် (၅၀) ရှိပါတယ်။ ဒီပေါက်ကွဲအားကို နျူကလီးယားပေါင်းစည်းမှု nuclear fusion နည်းလမ်းသုံးပြီး ပေါက်ကွဲမှုစွမ်းအားကို အဆင့်မြှင့်တင်လို့ရပါတယ်။ သာမာန်နျူးကလီးယားဗုံးပေါက်ကွဲမှုမှ ထွက်လာတဲ့ အပူချိန်နှင့်စွမ်းအားဟာ binding energy (စည်းနှောင်စွမ်းအင်) သိပ်မြင့်မားတဲ့ ဟိုက်ဒရိုဂျင်ဘွန်းများကို ဖြတ်တောက်လိုက်ဖို့ လုံလောက်ပါတယ်။ သာမာန်စွမ်းအင်ဖြင့် ၄င်းစည်းနှောင်စွမ်းအားကို ဖြတ်တောက်လို့မရပေ။ ထို့ကြောင့် ဟိုက်ဒ၇ိုဂျင်ဒြပ်ပေါင်းများကို ရိုးရိုးနျူးကလီးယားဗုံးပြင်ပမှ ပတ်ချာလည်ထည့်သွင်းကာ ဗုံးခွံတစ်ထပ် ထပ်အုပ်လိုက်တာဟာ နိုင်ငံတကာမှလျှို့ဝှက်ထားတဲ့ ဖျူးရှင်းဗုံးလုပ်နည်းပဲဖြစ်ပါတယ်။ယင်းဗုံးသည် ပထမအဆင့်အားဖြင့် နျူးကလီးယားဗုံးပေါက်ကွဲပြီးနောက် ထွက်လာသည့်စွမ်းအင်များဟာ ဟိုက်ဒရိုဂျင်ကွန်ပေါင်းများမှ ဟိုက်ဒ၇ိုဂျင်ဘွန်းများကိုဖြတ်တောက်လိုက်သဖြင့် ဟိုက်ဒရိုင်ဘွန်းများပျက်စီးခြင်းမှ မဟာစွမ်းအင်များထပ်မံထွက်ပေါ်လာသဖြင့် နဂိုမူလဗုံးအား အဖျက်စွမ်းအားပိုမိုမြှင့်ပေးခြင်းသာဖြစ်ပါသည်။ ထိုဗုံးအား ဟိုက်ဒရိုဂျင်ဗုံး (သို့) ဖျူးရှင်းဗုံး ဟုခေါ်သည်။

တကျော့ပြန်သန့်စင်ခြင်း

နျူကလီးယားဓာတ်ပေါင်းဖိုကထွက်တဲ့ အညစ်အကြေးတွေကနေ ဓာတုဗေဒနည်းနဲ့ အသုံးဝင်တဲ့လောင်စာ ခွဲထုတ် ရီဆိုင်ကယ်လုပ် ပြန်အသုံးချတာကို တကျော့ပြန်သန့်စင်မှု reprocessing လို့ခေါ်ပါတယ်။ သုံးပြီးသား လောင်စာချောင်းတွေကို အပြင်ကသတ္တုအခွံခွာပြီးတော့ အပူပေးထားတဲ့ နိုက်ထရစ်အက်ဆစ်ထဲမှာ ဖျော်ပစ်လိုက်ရင် ဓာတ်ပေါင်းဖိုမှာ ပြန်သုံးနိုင်တဲ့ ယူရေနီယမ်က (၉၆) ရာခိုင်နှုန်း၊ အလွန်အမင်းရေဒီယိုဓာတ်ကြွအညစ်အကြေးက (၃) ရာခိုင်နှုန်း၊ ပလူတိုနီယမ်က (၁) ရာခိုင်နှုန်း ရပါတယ်။

နျူကလီးယားဓာတ်ပေါင်းဖိုအားလုံးက ပလူတိုနီယမ်ထွက်ပါတယ်။ ဒါပေမယ့် စစ်ရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ ဓာတ်ပေါင်းဖိုတွေက ပိုပြီး ထိထိရောက်ရောက်ထုတ်လုပ်နိုင်ပါတယ်။

ပလူတိုနီယမ်ထုတ်လုပ်ဖို့အတွက် နျူကလီးယားဓာတ်ပေါင်းဖိုတခုနဲ့ တကျော့ပြန်သန့်စင်စက်ကို သာမန် အဆောက်အဦတခုတည်းမှာပဲ လူမသိသူမသိ တပ်ဆင်ထားလို့ရပါတယ်။ ဒါကြောင့် လျှို့ဝှက်လက်နက်လုပ်ငန်း လုပ်ချင်တဲ့ နိုင်ငံတွေအတွက် အခုလို တကျော့ပြန်သန့်စင်နည်းနဲ့ ပလူတိုနီယမ်ထုတ်ရတာက တွက်ခြေကိုက်ပြီး ဖုံးကွယ်နိုင်မှုလည်းရှိလို့ သဘောကျကြပါတယ်။

ပလူတိုနီယမ် နျူကလီးယားဗုံး

နျူကလီးယားလက်နက် ထုတ်လုပ်ရာမှာ ပလူတိုနီယမ်နဲ့ လုပ်တာက ယူရေနီယမ်နဲ့လုပ်တာထက် အားသာချက်တွေ အတော်များများရှိပါတယ်။ သာလွန်ချက်တခုက ပလူတိုနီယမ်က ပမာဏနည်းနည်းနဲ့ ပိုအားပြင်းတဲ့ဗုံး လုပ်လို့ ရတာဖြစ်ပါတယ်။ ကီလိုတန် (၂၀) ပေါက်ကွဲအားရှိတဲ့ဗုံး လုပ်ဖို့ ပလူတိုနီယမ် (၄) ကီလိုပဲလိုပါတယ်။ တနှစ်ကို ပလူတိုနီယမ် (၁၂) ကီလို ထုတ်လုပ်နိုင်ဖို့အတွက် တကျော့ပြန်သန့်စင်ရေးစက်ရုံ ခတ်သေးသေးရှိရင်ရပါတယ်။

ပလူတိုနီယမ်ဗုံးတခုမှာ ပလူတိုနီယမ်အလုံးတလုံးကို ဘယ်ရီလီယမ်အခွံနဲ့ ဖုံးထားပါတယ်။ ဒီအခွံက နျူထရွန်တွေကို ခွဲစိတ်ဖြစ်စဉ်ထဲ ပြန်ရိုက်ခတ်စေဖို့ဖြစ်ပါတယ်။ ဒါကြောင့် အခြေပြောင်းဒြပ်ထု ဖြစ်လာပြီး ကိုယ့်ဖာသာ ဆက်တိုက် ခွဲစိတ်တုံ့ပြန်မှုဖြစ်ဖို့ ပလူတိုနီယမ်ပမာဏ နည်းနည်းပဲလိုတာဖြစ်ပါတယ်။

အကြမ်းဖက်အဖွဲ့တဖွဲ့ ဒါမှမဟုတ် ဆိုးသွမ်းနိုင်ငံတခုဟာ နျူကလီးယားဗုံးလုပ်ဖို့အတွက် ယူရေနီယမ်ကို သန့်စင် ပြီးလုပ်တာထက် ကမ္ဘာအနှံ့က အရပ်ဘက်သုံးနျူကလီးယားဓာတ်ပေါင်းဖိုတွေကနေ ပလူတိုနီယမ် ရယူလုပ်တာက ပိုလွယ်နိုင်ပါတယ်။

ပလူတိုနီယမ်ဗုံး အကြမ်းစားတခုကို အကြမ်းဖက်သမားတွေ လုပ်နိုင်ဖို့ဆိုတာ အရင်တခါ ဂျပန်မှာ အဆိပ်ငွေ့နဲ့ အကြမ်းဖက်သွားတဲ့ ဥုံ ဂိုဏ်း အဆင့်လောက်ကတတ်တဲ့ ကျွမ်းကျင်မှုအရည်အချင်းနဲ့ တည်ဆောက်နိုင်တယ်လို့ ပါရဂူ တွေကဆိုပါတယ်။ အဲသလို နျူကလီးယားဗုံးဟာ ပေါက်ကွဲအား တီအင်တီယမ်းတန်ချိန် (၁၀၀) နဲ့ ညီမျှပါလိမ့်မယ်။

ဓာတ်ရောင်ခြည်သင့်ရောဂါ

ရေဒီယိုသတ္တိကြွပစ္စည်းတွေဖြစ်တဲ့ ယူရေနီယမ်၊ ပလူတိုနီယမ်တွေကို ကိုင်တွယ်လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊ ပညာရှင်တွေနဲ့ တပ်မတော်သားတွေဟာ နျူကလီးယားဓာတ်ရောင်ခြည်သင့်မှု အန္တရာယ် ကျရောက်နေပါတယ်။ ဓာတ်ရောင်ခြည်သင့်ရောဂါ လက္ခဏာတွေကတော့ ဓာတ်ရောင်ခြည်ပမာဏပေါ်မူတည်ပြီး ပြင်းထန်မှုရှိပါတယ်။ အများဆုံး (၆) နာရီကြာမှ စပေါ်တာရှိသလို များရင်တော့ ချက်ချင်းလက္ခဏာပြပါတယ်။

ဖြစ်တတ်တာတွေက ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အဖျားတက်ခြင်း၊ အရေပြား ရောင်ရမ်းပျက်စီးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ အကြောဆွဲခြင်း၊ အားနည်းခြင်း၊ ခြေတုန် လက်တုန်ခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ သွေးအားနည်းခြင်း၊ သွေးပေါင်ကျ သွေးလန့်ခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ အင်္ဂါမစုံ ကလေးမွေးခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ရောဂါပိုးအမျိုးမျိုးဝင်ခြင်း၊ သွေးကင်ဆာနဲ့ တခြားကင်ဆာများဖြစ်ခြင်း၊ သေဆုံးခြင်း တို့ဖြစ်တတ်ပါတယ်။

အရင်က ရုရှနိုင်ငံမှာ ချာနိုဘိုင်း နျူကလီးယားဓာတ်ပေါင်းဖို မတော်တဆပေါက်ကွဲတုန်းက ဓာတ်ရောင်ခြည်ကြောင့် လူ (၃၁) ယောက် ပွဲချင်းပြီး သေသွားခဲ့ပါတယ်။ အခုလည်း မြန်မာနိုင်ငံမှာ်နျူကလီးယားစီမံကိန်းကြောင့် အရပ်သားပညာရှင်တွေ၊ အလုပ်သမားတွေနဲ့ တပ်မတော်သားတွေ ဓာတ်ရောင်ခြည်သင့်ရောဂါရပြီး ဆေးရုံတက်ရတဲ့သတင်းတွေ ကြားနေရပါပြီ ။ဒါဟာ မြန်မာနိုင်ငံမှာ နျူပညာမပြည့်စုံသေးတာကြောင့် ဖြစ်ပါတယ်။ဒီလိုဓါတ်ရောင်ခြည်သင့်ခြင်းဟာ မြန်မာပြည်မှမဟုတ်ပါဘူး နိုင်ငံတကာမှာရှိပါတယ် ။ ခေတ်မှီနိုင်ငံများမှာ လူတစ်ယောက်ရဲ့ ဓါတ်ရောင်ခြည်ခံနိုင်ရည်စံနှုန်းတွေကို သတ်မှတ်ချက်ပေးထားပြီး ဒီပမာဏထက်ကျော်လွန်ပါက ၄င်းအလုပ်မှ ခေတ္တအနားယူရပါတယ်။ထိုကဲ့သို့တွက်ထုတ်ခြင်းအား ဒီတက်တာလို့ခေါ်တဲ့ တိုင်းထွာရေးစက်များအကူအညီနဲ့ တွက်ထုတ်ခြင်းဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ခံနိုင်ရည်စံနှုန်းမှာ ၅ဂရိမ် (ရောင်ခြည်စုပ်ယူမှု ယူနစ်) ထက်ကျော်လွန်ပါက အသက်အန္တာရာယ်အတွက် စိုးရိမ်ရပါတယ်။ သို့သော်လည်း ပုရွက်ဆိတ်များမှာ 10 ဂရိမ်ကျော်ကျော်ထိ ခံနိုင်ရည်ရှိတာကိုကြည့်ခြင်းဖြင့် လူနှင့်တိရိစ္ဆာန်ခံနိုင်ရည် ခြားနားချက်ကို သိနိုင်မှာဖြစ်ပါတယ်။

ဓာတ်ရောင်ခြည်သင့်မှုကနေ ကာကွယ်ဖို့ဆိုရင် အချိန်ကြာထိတွေ့မှု မပြုဖို့၊ အနီးကပ် မကိုင်တွယ်ဘဲ ညှပ်ရှည်ရှည်တွေသုံး ကိုင်တွယ်ဖို့၊ ခဲသုတ်ထားတဲ့ဝတ်ရုံတွေ ဝတ်ဖို့လိုပါတယ်။ ဒါ့အပြင် ကာကွယ်ခြင်းနည်းလမ်းများမှာ နောက်ထပ်ရှိနေပါသေးတယ်။ ဒါတွေဟာဆိုရင် ဓါတ်သတ္တုများကို လိုအပ်သလိုကိုင်တွယ်ခြင်းနှင့်သက်ဆိုင်ပါတယ်။ ၄င်းသတ္တုများရဲ့ စာရိုက်လက္ခဏာသွင်ပြင်တွေကို လိုက်ပြီးတော့ ကိုင်တွယ်ရမှာပဲဖြစ်ပါတယ် (ဥပမာ အယ်ဖာ ရောင်ခြည်ထုတ်လွှင့်နိုင်တဲ့ သတ္တုကို အသက်ရူလမ်းကြောင်းကို ကာကွယ်နိုင်ဖို့ ဆံပင်ညှပ်ဆိုင်သုံး မျက်နှာဖုံးလောက်ဖြင့် ကာရုံဖြင့် လုံလောက်ပါတယ်) ဓာတ်ရောင်ခြည်သင့်ရောဂါအတွက် ဆေးမရှိပါ။ သက်သာရုံပဲ တတ်နိုင်ပါတယ်။ [1]

ကိုးကား

  1. BBC မှ The Nuclear Fuel Cycle ဆောင်းပါးမှ
Comments