နယုန်လ

နယုန်လတွင် နေထွက်ချိန်သည် နံနက် ၅ နာရီ ၁၂ မိနစ် ခန့်ဖြစ်ပြီး ၊ နေ၀င်ချိန်မှာ ညနေ ၆ နာရီ ၄၈ မိနစ် ခန့်ဖြစ်သည်။ တစ်လတာလုံး ပုံသေသတ်မှတ်၍ မရနိုင်သော်လည်း တစ်နိုင်ငံလုံးအားဖြင့် ခြုံငုံကြည့်ပါက ယေဘုယျအားဖြင့် မှန်ကန်သည်ဟုဆိုနိုင်ပါသည်။ ယခုခေတ်အခေါ် နယုန်လကို ပုဂံခေတ်ကာလက နံယုန်၊ နံမျုန် ဟုခေါ်ဆိုကြောင်း သိရှိရပါသည်။ နယုန်လ၏ အဓိပ္ပါယ်မှာ “နံ”သည် အချိန်ကာလကို ကိုယ်စားပြုခြင်း ဖြစ်သည်။ “ယုန်” ဟူသောစကားလုံး၏ အနက်အဓိပ္ပါယ်ကို မြန်မာဘာသာစကားနှင့် အနွယ်တူဘာသာစကားများထဲတွင် လိုက်လံ ရှာဖွေကြည့်ပါက  “မိုး” ကို၎င်း “စီးဆင်းခြင်း” ကို၎င်း ကိုယ်စားပြုသည်။ ထို့ကြောင့် နယုန်လ၏ အနက်အဓိပ္ပါယ်မှာ မိုးရေများ စီးဆင်းသောလ

(သို့မဟုတ်)မိုးရွာသောလ ဟု ဆိုလိုခြင်းဖြစ်ပါသည်။ နယုန်လကို အဓိပ္ပါယ်ဖွင့်ဆိုသော အခြားတစ်မျိုးမှာ  ဝေါဟာရလိနတ္ထဒီပနီ ကျမ်းတွင်ဖွင့်ဆိုသော အဓိပ္ပါယ်ဖြစ်သည်။ ထိုကျမ်းတွင် နရယုဂ မှ နယုန်လဖြစ်လာသည်ဟုဆိုထားသည်။ သို့ရာတွင် မြန်မာစာကျမ်းပြု ဆရာအများစုက နရယုဂ ဆိုသည့် အဓိပ္ပါယ်မှာ “ယောင်္ကျား၊မိန်းမအစုံ” ဟုဆိုလိုခြင်းကြောင့် မဖြစ်နိုင်ဟုဆိုကြသည်။ အခြားတစ်ချက်မှာ နရယုဂ ဆိုသည်မှာ ပါဠိဘာသာစကား အစစ်မဟုတ်သောကြောင့်ဖြစ်သည်။


နယုန်လတွင်ပွင့်သော စံပယ်ပန်းကို ရှေးယခင်က စပယ်ဟုရေးသားကြသည်။ စံပယ်ပန်းမှာ ရှေးကနန်းတွင်းသူ တို့အမြတ်တနိုးပန်ဆင် သောပန်းဖြစ်သည်။ ဖြူဆွတ်လှပပြီး မွှေးပျံ့ သောရနံ့ ရှိခြင်းကြောင့် စာဆိုတို့ အရေးတယူ ရေးသားစပ်ဆိုသော ပန်းတစ်မျိုးဖြစ်သည်။ ယနေ့ခေတ် ကာလတွင်လည်း စံပယ်ပန်းကို အမြတ်တနိုးတန်ဖိုးထား ပန်ဆင်လျှက်ပင် ရှိကြပါသည်။ စံပယ်ပန်းမှ အမွှေးနံ့သာကို ထုတ်ယူ၍ လူ့အသုံးအ ဆောင် ရေမွှေး၊ ခေါင်းလျှော်ရည် စသည်တို့ပြုလုပ်ရောင်းချကြပါသည်။ စံပယ်ပင်မှာ ချုံပင်အမျိုးအစား ဖြစ်ပါသည်။ စံပယ်ပန်းထက် မုလေးပန်းက ပို၍မြတ်သည်။ ထို့ကြောင့် မြတ်လေးပန်းဟု ခေါ်ဆိုကြသည်ဟု အဆိုရှိပါသည်။ မြတ်လေးပန်းတွင် အဖြူနှင့် အနီဟု နှစ်မျိုးရှိပြီး အဖြူသည် စံပယ်ပန်းနှင့် မျိုးစိတ်ခြင်းတူညီပါသည်။ မြတ်လေးပန်းအနီကို ရုက္ခဗေဒနည်းဖြင့် စစ်ဆေးရာ၌ ၄င်းပန်းသည် ကန်စွန်းနှင့်အမျိုးနွယ်ချင်းတူညီ သည်ဟုဆိုပါသည်။

စံပယ်ပန်း

မြတ်လေးပန်း

မြတ်လေးပန်း


နယုန်လသည်မိုးကျသောကာလဖြစ်သည်။ နယုန်လသို့ရောက်လျင် တောင်သူလယ်သမားတို့သည် ပျိုးထောင်၊ပျိုးကြဲအလုပ်ကို စတင်လုပ်ဆောင်ကြသည့်အချိန်ဖြစ်သည်။ တောင်သူလုပ်ငန်းစတင်လုပ်ဆောင်ရာတွင် တောင်သူလယ်သမားများသည် သီးနှံအထွက်ကောင်းရေး အောင်မြင်ရေးတို့အတွက ပုန်းမကြည်ပွဲတော်ကို ကျင်းပကြပါသည်။ ပုန်းမကြည်ဟူသောစကားမှာ အများထင်နေသလို စုန်း၊ ကဝေ၊ နတ်များကို ဆိုလိုခြင်းမဟုတ်ပေ။ ပါဠိဘာသာစကား ပုဗ္ဗကြယ် ကိုဆိုလိုခြင်းဖြစ်ပါသည်။ ပုဗ္ဗကြယ်ကို ပသခြင်းကြောင့် ပုန်းမကြည်ပွဲဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ပသပုံမှာ ကောတ်ညှင်းပေါင်းနှင့်ဘဲဥပြုတ်ကို ပန်းကန်တွင်ထည့်ကာ လယ်မြေတစ်ဝိုက်၌ ပသပြီးလျှင် မြေပြင်ကိုရေလောင်းကာ ပသသော ပွဲဖြစ်သည်။

ကျင်းပသောပွဲတော်

စာပြန်တော်ပွဲ

Comments