နာဂစ်မုန်တိုင်း


နာဂစ်မုန်တိုင်း
ဆိုင်ကလုန်း အဆင့် ၄ (SSHS)
ပြင်းထန်သည့် ဆိုင်ကလုံး (IMD)
နာဆာ မှ နာဂစ်ဆိုင်ကလုန်း အား ကမ္ဘာ့အပြင်မှ ရိုက်ထားပုံ
တိုက်ခတ်ရက်စွဲ May 2,3 01 2007
အမျိုးအစား အပူပိုင်းဆိုင်ကလုန်း
ဖြတ်သန်းရာလမ်းဒေသများ ဧရာဝတီတိုင်း , ရန်ကုန်တိုင်း , ပဲခူးတိုင်း
ပျက်ဆီးမှုအဆင့် မြန်မာနိုင်ငံတွင်အဆိုးရွားဆုံး

နာဂစ်ဆိုင်ကလုန်း (အလွန်ပြင်းထန်သော ဆိုင်ကလုန်းအမျိုးအစား မုန်တိုင်း) သည် ပြင်းထန်လှသည့် အပူပိုင်းဆိုင်ကလုန်း အမျိုးအစားဖြစ်ပြီး မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်ကျရောက်မှုကြီး အဖြစ် မှတ်တမ်းတင်ရပေမည်။ ကုန်းတွင်းပိုင်းသို့ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့ နှင့် ၃ ရက်နေ့တို့တွင် ဝင်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းကြောင့် ဆိုးရွားစွာ ပျက်စီးရပြီး အနည်းဆုံး လူတစ်သိန်းသုံးသောင်း (၁၃၀,၀၀၀) ခန့်သေဆုံးပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ လပွတ္တာမြို့နယ်တစ်ထုတည်းပင် လူ ၈၀,၀၀၀ သောင်းသေဆုံးပြီး ဘိုကလေးမြို့ တွင် လူ ၁၀,၀၀၀ ခန့် သေဆုံးသည်ဟု သတင်းများကဆိုသည်။ အခြားမြို့များတွင်လည်း အများအပြားသေသည်။ သို့သော် မြန်မာစစ်အစိုးရသည် နိုင်ငံရေးကမောက်ကမများကြောင့် သေဆုံးသူ လူအရေအတွက်ကို ထိန်ဝှက်ခဲ့ပြီး သေဆုံးသူအရေအတွက် စာရင်းကောက်ယူမှုကိုလည်း ရပ်တန့်ထားခဲ့သည်။ အကူအညီပေးရေးများ မထိရောက်မှုကြောင့်လည်း လူအများ သေဆုံးခဲ့၊ သေဆုံးဦးမည်ဟု ခန့်မှန်းရသည် ။

ဘုရားစေတီ၊ ဘုန်ကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဆက်သွယ်ရေး၊ လျှပ်စစ်၊ အိမ်ခြေ၊ ကျွဲနွားတိရစ္ဆာန်၊ လယ်ယာ၊ ဆန်စပါး အစရှိသည့် သက်ရှိသက်မဲ့ မြောက်များစွာကို သေကြေပျက်စီးစေခဲ့သည်။ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများ မှာ ပိုမို သေဆုံး/ ပျောက်ဆုံးခဲ့သည်။ အချို့နေရာများတွင် ရွာလုံးကျွတ် ရေမျောသွားကြသည်။ မြန်မာစစ်အစိုးရက ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀-ဘီလီယံဖိုး ရှိမည်ဟု ခန့်မှန်းရပြီး မြန်မာနိုင်ငံ၌ စံချိန်တင်သော ပျက်စီးဆုံးရှုံးမှုဖြစ်သည်။

ဆိုင်ကလုန်း မဖြစ်မီနှင့် ဖြစ်ပြီးသောအခါ တွေ့ရှိရပုံ

နာဂစ်ဟူသောအမည်မှာ အူရဒူဘာသာ စကားလုံး (نرگس, næɵr-ɡɵs)ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် Daffodil ဟုခေါ်ဆိုသော ပန်းရိုင်းလေးများကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ သိပ္ပံအမည်ဖြင့်မူ Narcissus ဟုခေါ်ဆိုကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။ ဤစကားလုံးသည် ပါရှန်စကားလုံးမှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ အတူတူဖြစ်သည်။ ကြိုတင်ခန့်မှန်း အမည်ပေးသတ်မှတ်ထားသော ဆိုင်ကလုန်းမုန်းတိုင်း (Named Cyclone) များအနက် နာဂစ် ဆိုင်ကလုန်းသည် ၁၉၇၅ ခုနှစ် နီနာတိုင်ဖွန်း ပြီးလျှင် ဒုတိယမြောက် ကြောက်မက်ဖွယ်အကောင်းဆုံး မုန်တိုင်းဖြစ်ပြီး၊ မြောက် အိန္ဒိယသမုဒ္ဒရာတွင် အဆိုးရွားဆုံးမုန်တိုင်းစာရင်း ဝင်သွားသည်။


မြန်မာစစ်အစိုးရ၏ မုန်တိုင်းအလွန် ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် အမေရိကန်သမ္မတ ဂျော့ဂ်ျ ဒဗလျူ ဘွတ်ရှ် က နာဂစ်အလွန် စစ်အစိုးရ၏ ကိုင်တွယ် ဖြေရှင်းပုံကို ပြင်းထန်စွာ ပြစ်တင် ဝေဖန်ခဲ့သည်။ အိန္ဒိယက ကြားဝင်ဖျောင်းဖျပေးမှ စစ်အစိုးရသည် အကူအညီ အနည်းငယ်ကို စတင် လက်ခံသည်။ ကံမကောင်း အကြောင်းမလှစွာပင် အကူအညီပေးရေးကို အာရုံနည်းသွာစေသည်မှာ နာဂစ်အပြီး ဆယ်ရက်အကြာ တရုတ်နိုင်ငံတွင် လှုပ်သွားသော စီချွမ်ငလျင် ဖြစ်သည်။ ထို့အပြင် အကူအညီအထောက်အပံ့ ပစ္စည်းများသည် မြန်မာ့ မှောင်ခိုဈေးကွက်တွင် အလုပ်ဖြစ်နေခဲ့သည်ကို တွေ့ရပြီးနောက်ပိုင်း မြန်မာစစ်အစိုးရက မေလ ၁၅ ရက်၌ ထောက်ပံ့ကူညီရေး ပစ္စည်း ရောင်းဝယ်သူများကို အရေးယူမည်ဟု ကြေငြာသည်။ပြည်တွင်း ပြည်ပမှ အလှူရှင်များ၊ သံဃာတော်များသည် ဒုက္ခရောက်သူများကို အစွမ်းကုန် အင်တိုက်အားတိုက် ကူညီထောက်ပံ့ခဲ့ကြသည်။ အစိုးရသည် ချက်ချင်း ကနဦး သုံးစွဲရန် ကျပ်ငွေ ၅ ဘီလီယံ ခွင့်ပြုခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အကူအညီ အထောက်အပံ့များလည်း ရက်ပိုင်းအတွင်း ရောက်ရှိလာခဲ့သည်။ မေလကုန်တွင် ကယ်ဆယ်ရေးစခန်း အရွယ်စုံ ၄၁၉ ခု ဖွင့်လှစ်ပြီးဖြစ်ကာ ဒုက္ခသည် ၃၈၀၅၂၉ ဦးကို လက်ခံ စောင့်ရှောက်ထားပြီး နိုင်ငံတော်မှ ကျပ်ငွေ ၂၀ ဘီလီယံအထိ ကျခံသုံးစွဲစေခဲ့သည်။ စေတနာ့ဝန်ထမ်း အလုပ်သမားများ အများအပြားပေါ်ထွက်လာသလို အမြတ်ထွက်သူများလည်း ရှိခဲ့သည်။ အစိုးရအနေဖြင့် မုန်တိုင်းတိုက်ခတ်ပြီးနောက် မုန်တိုင်းဒဏ်ခံ ဒေသများသို့ အစားအသောက်များ ပေးပို့မှု ရှိခဲ့သော်လည်း သေဆုံးသူများနှင့် ဒဏ်ရာရ၍ ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ခြင်းအတွက် တစ်စုံတစ်ရာသော စီစဉ်ဆောင်ရွက်မှုမျိုး မတွေ့ရပေ။
ပျက်ဆီးသွားသော ရွာတစ်ချို့အား အပေါ်မှ တွေ့ရစဉ်

 မုန်တိုင်း နောက်ခံ သမိုင်း

အေပြီလ (၃၀) ရက်နေ့ခန့်မှ အစပြု၍ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အစပြု ဖြစ်ပေါ်ကာ မေလ (၁)ရက်နေ့တွင် ကိုကိုးကျွန်းမြို့၏ အနောက်ယွန်းယွန်း မိုင် (၄၄၀) အကွာကိုဗဟိုပြုပြီး (၂၄) နာရီအတွင်းတွင် အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားခဲ့သည်။ မေလ (၂) ရက်နေ့ တွင် ပုသိမ်မြို့၏ အနောက်တောင် (၂၁၀) မိုင် ခန့်သို့ ရောက်ရှိလာပြီး အရှေ့ဘက်သို့ တစ်နာရီလျှင် (၁၀)မိုင်ခန့် ရွေ့လျားလာခဲ့သည်။ မုန်တိုင်း၏ အရွယ်အစားမှာ အရှေ့ဘက်အချင်းဝက် မိုင် (၁၀၀)ခန့်၊ အနောက်ဘက်အချင်းဝက် မိုင်(၂၀၀) ခန့်ရှိသည်။ မေလ (၂) ရက်နေ့ နံနက် (၇)နာရီခန့်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ စတင်ဝင်ရောက်လာခဲ့ရာ မုန်တိုင်းစက်ကွင်းလေတိုက်နှုန်းမှာ တစ်နာရီမိုင် (၆၀) နှုန်းနှင့် ဗဟိုချက် လေတိုက်နှုန်းမှာ တနာရီ မိုင် (၁၂၀) နှုန်းအထိရှိခဲ့သည်။ မုန်တိုင်းဒီရေ (၁၂) ပေအထိ မြင်တက်ခဲ့ပါသည်။ ဧရာဝတီတောင်ပိုင်းဒေသမှတဆင့် မေလ (၃) ရက်နေ့တွင် ရန်ကုန်တိုင်းကို ဖြတ်ကျော်တိုက်ခိုက်ခဲ့ပါသည်။ ယင်းနောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အားပျော့ပျက်ပြယ်သွားခဲ့ပါသည်။

ဆိုးကျိုးသက်ရောက်မှု

ဘင်္ဂလားပင်လယ်အော် အနောက်ဘက်ပိုင်း

နာဂစ်ဆိုင်ကလုန်းကြောင့် ကျွန်းနိုင်ငံဖြစ်သော သီရိလင်္ကာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးကာ မြေပြိုမှုများဖြစ်ခဲ့သည်။ အိမ်ခြေ သုံထောင်ခန့် ရွှေ့ပြောင်းခဲ့ရသည်။ လူပေါင်း လေးထောင့်ငါးရာ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပြီး နှစ်ဦးသေသည်။

အိန္ဒိယ မိုးလေဝသနှင့် ဇလဗေဒဌာနက နာဂစ်မုန်တိုင်း ဖြစ်ပေါ်နေဆဲတွင် ငါးဖမ်းမထွက်သင့်ကြောင်း တံငါများကို အကြောင်းကြားသည်။ မုန်တိုင်း၏ အားပြင်းသော လမ်းကြောင်းသည် ကမ်းရိုးတန်းဒေသဖြစ်သော တမီလ်နာဒူးနှင့် အန်ဒရာ ပရာဒေ့ရှ်ကို ဖြတ်သွားမည်ဟု ခန့်မှန်းခဲ့ကြသည်။

အစပိုင်းက မုန်တိုင်း ဘင်္ဂလားဒေ့ရှ်ကို ဖြတ်မည်ဟု ထင်ကြေးပေးကြစဉ် လယ်သမားများ လယ်ထဲမဆင်းကြရန် သက်ဆိုင်ရာက အသိပေးကြေငြာသည်။ နာဂစ်မုန်တိုင်း မြန်မာပြည်ကိုဖြတ်သန်းတော့မည်ဟု တိုင်းတာချက်ရရှိသောအခါ အေပြီလ (၃၀) ရက်နေ့နှင့် မေလ (၁) ရက်နေ့ သတင်းစာတို့တွင် မုန်တိုင်းသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ရုပ်သံနှင့် ရေဒီယိုတို့၌ မိုးလေ၀သအစီအစဉ်များတွင် ကြေငြာပေးခဲ့သည်။

အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြသည့် ကလေးများ
ဆိုင်ကလုန်းကြောင့် ပျက်ဆီးခဲ့သော သဘောင်္များ

မြန်မာ

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ နာဂစ်ကြောင့် မြန်မာနိုင်ငံတွင်"ဆိုးရွားစွာ ထိခိုက်ခံစားရသူ" ၁.၅ သန်းရှိသည်ဟု ဖော်ပြသည် ။ ခန့်မှန်းခြေ ပျောက်ဆုံးသူ ၅၅,၉၁၇၊ သေဆုံးသူ ၇၇,၇၃၈ ယောက်ရှိသည်ဟု ဆိုသည်။ သို့သော် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များကမူ နောက်ဆုံးအချိန်အထိ စုစုပေါင်း ၁၀၀,၀၀၀ (တစ်သိန်း) ကျော် ရှိမည်ဟု ခန့်မှန်းသည် ။ ထောင်ပေါင်းများစွာသော မုန်းတိုင်းဒဏ်ခံရသူများမှာ နေရင်းရွာမှ လေးမိုင်ခန့်အထိရောက်အောင် လွင့်ပါသွားကြခြင်း၊ သေဆုံးပြီးနောက် ခန္ဓာကိုယ်များ ပျက်စီးယိုယွင်းခြင်းကြောင့် စာရင်းအတိအကျ ရရန်ခက်မည်ဟု ယူဆထားကြသည်။ နိုင်ငံတကာအကူအညီပေးရေးလုပ်သားများက လူ ၂ သန်းမှ ၃ သန်းအထိ အိုးမဲ့ အိမ်မဲ့ ဖြစ်မည်ဟု မှတ်ချက်ပေးသည်။ မြန်မာသမိုင်းတွင် ဆိုးရွားလှသော သဘာဝဘေးဒဏ် ပျက်စီးဆုံးရုံးမှုကို ၂၀၀၄ ခုနှစ် ဆူနာမီ နှင့် နှိုင်းယှဉ်ပြောဆိုကြသည်။

ပျက်စီးဆုံးရှုံးမှု ခန့်မှန်းခြေ

သေဆုံး= ၇၇၇၃၈ ကျော်

ပျောက်ဆုံး=၅၅၉၁၇ ကျော်

ဒဏ်ရာရ= ၁၉၃၀၀ ကျော်

စုစုပေါင်း= ၁၃၃၆၀၀ ကျော်

ပျက်စီးအိမ်ခြေ (လုံးဝပျက်+တပိုင်းတစပျက်+အမိုးလန်)= ၅၂၄၀၀၀ ကျော် (ပုဂ္ဂလိကသက်သက်)

စာသင်ကျောင်း= စာသင်ကျောင်း ၁၄

ဘာသာရေးအဆောက်အအုံများ = ၃၈၀၀ ကျော် (ပုဂ္ဂလိကသက်သက်၊ သာသာနာရေးဝန်ကြီးဌာနမှ ထိန်းသိမ်းသော စေတီပုထိုးကြီးများ၊အဆောက်အုံများမပါ)

ဆေးရုံ/ဆေးခန်း= ၁၄

ဆက်သွယ်ရေး/ဆက်သွယ်ရေးပစ္စည်း= ၃၁၀၀ ကျော်

ဘူတာ = ၇၀ ကျော်

လှေ/သင်္ဘော/သမ္ဗာန် = ၁၀၀၀၀ ကျော် (ပုဂ္ဂလိကသက်သက်)

ကျွဲနွားအသေအပျောက်= ၁၇၃၀၀၀ကျော် (ပုဂ္ဂလိကသက်သက်)

အခြားတိရစ္ဆာန်အသေအပျောက်= နှစ်သန်းခွဲခန့်

လယ်ယာပစ္စည်းမျိုးစုံ= လေးသိန်းခွဲ ခန့်

ဆန်စပါးပျက်စီး = မက်ထရစ်တန် ၉၃၀၀ ကျော် (နိုင်ငံပိုင်)၊ တင်းသိန်း ၁၈၀ ကျော် ပုဂ္ဂလိက

ငါး/ပုစွန်ကန် = ဧက သုံးသောင်းခွဲကျော် (နိုင်ငံပိုင်သက်သက်)

ပုဂ္ဂလိက ငါး/ပုစွန်ကန် = ဧက သုံးသောင်းခွဲကျော်


မုန်းတိုင်းအပြီး

နိုင်ငံတကာ အကူအညီ

မေလ ၆ ရက်၊ ၂၀၀၈ တွင် နယူးယောက်ရှိ စစ်အစိုးရကိုယ်စားလှယ်က ကုလသမဂ္ဂထံ အကူအညီတောင်းသည်။ သို့သော် တစ်ဖက်တွင်လည်း အခြေခံကျသော အကူအညီများနှင့်ပတ်သက်၍ အချို့သောအပိုင်းများကို ကန့်သတ်ခဲ့သည်။ မေလ ၂၂ ၊ ၂၀၀၈ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ရောက်ရှိလာပြီးနောက် ရက်ပိုင်းများတွင် အာဏာပိုင်များနှင့် ဆွေးနွေးခဲ့သည်။ မေ ၂၅ ၂၀၀၈ တွင် နာဂစ်မုန်တိုင်းနှင့်ပတ်သက်၍ နိုင်ငံတကာမှ အကူအညီများအတွက် ကတိက၀တ်ပြုသည့်ညီလာခံကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တော်ရှိ ဆီဒိုးနားဟိုတယ်တွင် လက်ခံကျင်းပနိုင်ခဲ့ပြီး နိုင်ငံပေါင်း (၅၂) နိုင်ငံမှ အလှူရှင်များသည် အကူအညီအထောက်အပံ့များပေးမည့် ပမာဏကို ကတိက၀တ်ပြုခဲ့ကြသည်။

အိန္ဒိယ

မုန်တိုင်းကျရောက်ပြီး ရက်ပိုင်းအတွင်းမှာပင် ထိုင်းနိုင်ငံ အိန္ဒိယနိုင်ငံတို့မှ လေယာဉ်ကြီးများဖြင့် ကယ်ဆယ်ရေးပစ္စည်းများ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းပစ္စည်းများကို ရဟတ်ယာဉ်များဖြင့် မုန်တိုင်းဒဏ်ခံဒေသများသို့ ဖြန့်ခွဲသည်။ မုန်တိုင်းပြီးစ ရက်များတွင် ရိက္ခာနှင့်ပစ္စည်းများကို ရဟတ်ယာဉ်မဆင်းသက်နိုင်ပါက ယာဉ်ပေါ်မှ တိုက်ရိုက် ချပေးသည်။

နိုင်ငံတကာ အကူအညီများ စာရင်း

နိုင်ငံ ကူညီထောက်ပံ့ငွေ
အာစီအန် (ASEAN) ဆေးကုအလုပ်သမား ၃၀ ဦး နှင့် ပြတ်ဆိုခြင်းအုပ်စုတစ်ခု
ဩစတြေးလျား AUD $၂၅,၀၀၀,၀၀၀ (USD $၂၃,၅၀၀,၀၀၀) and 31 tonnes of supplies.
ဘင်္ဂလားဒေ့ရှ် ဆေးနှင့်အစားအစာ ၂၀ တန်
ဘယ်ဂျီယမ် EUR €၂၅၀,၀၀၀ (USD $၃၈၇,၀၀၀) နှင့် EUR ၁၀၀,၀၀၀ from Flanders
ဘရူနိုင်း အကူအညီပစ္စည်းများ
ကမ္ဗောဒီးယား USD $၅၀,၀၀၀
ကနေဒါ USD $၂,၀၀၀,၀၀၀ in emergency relief, ကြက်ခြေနီအသင်းအတွက် $၅၀၀,၀၀၀, Disaster Assistance Response Team (DART) is on standby; additional aid to come
တရုတ်ပြည် USD $၁၀,၀၀၀,၀၀၀ in aid and relief materials (including 3 flights using Jade Cargo each consisting of 60 tonnes of aid)
ချက်ကိုဆလိုဗက်ကီးယား USD $154,000
ဒိန်းမတ် USD $၂,၁၀၀,၀၀၀
EU USD $3.0 million
ဖင်လန် EUR €၃၀၀,၀၀၀ (USD $၄၆၄,၀၀၀)
ပြင်သစ် ဆေး၊ အစာနှင့် ရေ ၁,၅၀၀ တန် နှင့် USD $၇၇၅,၀၀၀
ဂျာမနီ USD $၃,၀၀၀,၀၀၀
ဂရိ USD $၂၀၀,၀၀၀၊ ဆေး နှင့် ကယ်ဆယ်ရေးအကူအညီ
ဟန်ဂေရီ USD $၃၀၀,၀၀၀၊ ဆေး၊ အစာ၊ ကယ်ဆယ်ရေးအကူအညီ
အိန္ဒိယ အကူအညီပစ္စည်း ၁၇၈ တန်၊ တဲ၊ အစာ၊ ဆေး၊ဆေးကူအလုပ်သမား ၅၀ ဦး 
အင်ဒိုနီးရှား USD $၁,၀၀၀,၀၀၀ (ငွေသား၊ ဆေး၊ အစာ)
အိုင်ယာလန် EUR €၁,၀၀၀,၀၀၀ (USD $၁,၅၅၀,၀၀၀)
အစ္စရေး USD $၁၀၀,၀၀၀၊ ဆေး၊ ဆေးပစ္စည်း food and medical supplies by private organizations
အီတလီ EUR €၁,၅၀၀,၀၀၀ (USD $၂,၂၅၀,၀၀၀)
ဂျပန် JPY ¥၂၈,၀၀၀,၀၀၀ (USD $၂၆၇,၀၀၀) နှင့်ဂျင်နရေတာ ; USD $၁၀,၀၀၀,၀၀၀ through UN World Food Program & USD $၅၇၀,၀၀၀ pledged assistance
လော USD $၂၀,၀၀၀ worth of food
လစ်သူရေးနီးယား ကြက်‌ခြေနီအသင်းအတွက် Lt၂၀၀,၀၀၀ ($၉၀,၀၀၀).
မလေးရှား USD $၄,၁၀၀,၀၀၀
Template:MKD USD $၅၀,၀၀၀
နယ်သာလန် EUR €၁,၀၀၀,၀၀၀ (USD $၁,၅၅၀,၀၀၀)
နယူးဇီလန် NZD $၁,၅၀၀,၀၀၀ (USD $၁,၁၅၀,၀၀၀)
နော်ဝေး USD $၁,၉၆၀,၀၀၀ အထိ
ပါကစ္စတန် Relief materials and setting up of a mobile hospital in the affected region upon approval of Burmese government.
ဖိလစ်ပိုင် Medical workers and USD $၃,၀၀,၀၀၀ and relief goods in cash
ရူရှာ ဆေး၊ ဂျင်နရေတာ၊ အစာ၊ တဲ၊ စောင် ၈၀ တန်
ဆန်မာရီနို EUR €၃၀,၀၀၀
စင်င်္ကာပူ USD $၂၀၀,၀၀၀
စပိန် USD $၇၇၅,၀၀၀ donation to World Food Programme
သီရိလင်္ကာ USD $၁၀၀,၀၀၀ plus food and assistance of medical workers
ဆွီဒင် Logistical support and water cleaning systems
ဆွစ်ဇာလန် USD $၄၇၅,၀၀၀ (အစ)
ထိုင်ဝမ် (R.O.C.) USD $၂၀၀,၀၀၀
ထိုင်း USD $၁၀၀,၀၀၀၊ ဆေး၊ ဆေးပစ္စည်း (အစ)
တူရကီ USD $၁,၀၀၀,၀၀၀ (နိုင်ငံရေးဝန်ကြီးဌာနရနေ), USD $၆၀၀,၀၀၀ (Turkish Red Crescentရနေ)
ဂရိတ်ဗြိတိန် GBP ₤၁၇,၀၀၀,၀၀၀ (USD $၃၃,၅၀၀,၀၀၀), HMS Westminster 
အမေရိကန်ပြည်ထောင်စု USD $၄၁,၁၇၀,၀၀၀ (၂၆ ဇွန် ၂၀၀၈)
ဗီယက်နမ် USD $၂၀၀,၀၀၀

အခြားအဖွဲ့အစည်းများ၏ အကူအညီ

ပုဂ္ဂလိက အကူအညီများ

နာဂစ်မုန်တိုင်းဒဏ်ခံရပြီးနောက် မြန်မာနိုင်ငံသားတို့၏ စေတနာအရင်းခံသည် ရှင်းလင်းစွာ ပေါ်ထွက်လာခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်၏ ခိုင်းစေချက် ညွှန်ကြားချက်မျှမပါဘဲ လူမျိုးစုံ၊ ဘာသာစုံ အတန်းအလွှာ အစုံတို့မှ ပုဂ္ဂလိက အလှူရှင်များစွာပေါ်ထွက်လာခဲ့သည်။ တစ်ဦးချင်းသော်လည်းကောင်း အစုအဖွဲ့လိုက်သော်လည်းကောင်း မျှော်လင့်မထားသော တန်ဖိုးပမာဏများ ပေါ်ထွက်လာသည်။ လုပ်အား၊ ငွေအား ဖြင့် ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ကြသည်။ သံဃာတော်များ၏ စွမ်းဆောင်မှုအခန်းကဏ္ဍသည် ပုဂ္ဂလိက လှူဒါန်းကူညီမှုတွင် ထိပ်ဆုံးအဆင့်ရှိသည်။ ယနေ့ထက်တိုင် လှူဒါန်းဆဲ ကူညီဆဲဖြစ်သည်။

နိုင်ငံတကာ၏အကူအညီမှာလည်း ပုဂ္ဂလိကအဆင့်၊ နိုင်ငံအဆင့် အဖွဲ့အစည်းများ အဆင့် အလွှာအသီးသီးမှ ၀င်ရောက်ခဲ့၊ ၀င်ရောက်ဆဲ ဖြစ်သည်။ လောဘသားအချို့က သဘာဝဘေးဒဏ်ကိုအကြောင်းပြု၍ ကုန်ဈေးနှုန်းကို မြှင့်တင်ရန် ကြိုးစားသော်လည်း နေလာနှင်းပျောက်သကဲ့သို့ လူသားတို့၏ စေတနာတရားအောက်တွင် မှေးမှိန်သွားခဲ့ရသည်သာဖြစ်သည်။ ဈေးကွက်တွင် ကာလရှည်အကြီးအကျယ်ပြောင်းလဲမှု ထင်သလောက် မရှိပါ။ အလှူရှင်များမှာ ဖြစ်ပေါ်လာခဲ့သော မသမာမှုအချို့ကြောင့်လည်းကောင်း၊ သဟတိက ဒါနမြောက်စေရန်လည်းကောင်း၊ ဒုက္ခသည်များထံ လက်ရောက်လှူဒါန်းလိုမှုရှိကြသည်။ အစုလိုက်အဖွဲ့လိုက် အားလပ်ရက်များတွင် မုန်တိုင်းဒဏ်သင့် ဧရိယာအတွင်းဝင်ရောက် ဝေငှကြသည်။ ဤတွင် အစိုးရ၏ တားဆီးစစ်ဆေးခံရမှုများနှင့် ကြုံတွေ့ကြရသည်လည်း ရှိသည်။ အလှူရှင်များဘက်မှ ခံစားချက်မှာ အကြောင်းမဲ့ တားဆီးသည်၊ စေတနာနှင့်လှူသည့်အလှူကို တားဆီးသည်၊ ပြည်သူ့ဒုက္ခထက် နိုင်ငံရေးကိုဦးစားပေးသည် ဟူ၏။ အစိုးရ၏ အကြောင်းပြချက်မှာ လမ်းများပေါ်တွင် ပစ္စည်းများကို ဖြန့်ကြဲချမှုကြောင့် လူစုလူဝေးဖြင့် လုယက်ကောက်ယူကြသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်ရခြင်း၊ ထိုသို့ ဖြစ်ရသဖြင့် နိုင်ငံတကာတွင် သိက္ခာကျသည်ဟု ဆိုသည်။ သို့သော် အောက်ခြေစခန်းများ၊ ကျေးရွာများတွင် မသမာမှုများကလည်း အမှန်တကယ်ရှိနေခဲ့သည်။ သို့ဖြစ်ရာ ပုဂ္ဂလိက အလှူရှင်များသည် အစိုးရ သက်ဆိုင်ရာများနှင့် အဆင်မပြေ ဖြစ်ကြရတော့သည်။

မည်သို့ပင်ဖြစ်စေ၊ ပြည်တွင်းပုဂ္ဂလိက လှူဒါန်းမှုသည်ပင်လျှင် အစိုးရ လက်တံမဖြန့်နိုင်သော ဒေသများအတွက် အထူးတလည် အဆင်ပြေချောမွေ့စေသည်ကိုတွေ့ရသည်။ ပြည်ပအလှူများမှာ ပစ္စည်းများ၊ ပြန်လည်ထူထောင်ရေး အိမ်ယာ၊ပညာရေးအတွက်စာသင်ကျောင်း စသည့် ကမ်းလှမ်းချက်များဖြစ်ပြီး ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာအစိုးရ တို့ပါဝင်သည့်သုံးပွင့်ဆိုင်ဗဟို (TCG)  ကို အစိုးရမှ ဖွဲ့စည်းကာ အလှူရှင်နိုင်ငံတကာနှင့်ဆက်သွယ် အကောင်အထည်ဖော်လျက်ရှိသည်။ ပုဂ္ဂလိက ကုမ္ပဏီများ၏ အခန်းကဏ္ဍမှာလည်း လွန်စွာအရေးပါလှသည်။ ကျေးရွာအလိုက် တာဝန်ယူပြန်လည်တည်ဆောက်ပေးခြင်း၊ လမ်းများ ကူညီဖောက်လုပ်ပေးခြင်း အစရှိသဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီခဲ့ကြသည်ကိုတွေ့ရှိရသည်။ လယ်ယာများပြန်လည်ထူထောင်ရေး၊ မျိုးစပါးရရှိရေးအတွက် မုန်တိုင်းဒဏ်ကင်းလွတ်သော အခြားဒေသများမှ လယ်သမားများထံမှ မျိုးစပါးကောက်ခံရရှိခဲ့သည်။ လက်တွန်းထွန်စက်၊ ငါးဖမ်းလှေ အစရှိသည့် ပစ္စည်းများလည်း အကူအညီရရှိခဲ့သည့်အတွက် မူလ ခန့်မှန်းထားသလို လယ်ယာလုပ်ငန်း ရာနှုန်းပြည့် ရပ်တန့်မသွားပဲ ပြန်လည် စိုက်ပျိုးနိုင်သဖြင့် လာမည့်နှစ်တွင် ဆန်စပါးထွက်ရှိမှု အတန်အသင့် ပြန်လည်ရရှိမည်ဖြစ်သည်ဟု အစိုးရဘက်က မျှော်လင့်ထားသည်။

ဆန်ထုတ်လုပ်နိုင်မှု ထိခိုက်နိုင်ခြင်း

နာဂစ်ဒဏ်ခံ ဧရာဝတီဒေသသည် မြန်မာပြည်၏ "ဆန်အိုးကြီး"ဟု တင်စားခေါ်ဝေါ်ရသေ ဒေသဖြစ်သည်။ အာရှစံနှုန်းအရကြည့်လျှင် ယင်းဒေသမှ ထွက်သော ဆန်ပမာဏဖြင့် မြန်မာနိုင်ငံသားများအတွက် ဖူလုံနိုင်သည့် အပြင် အပိုအလျှံကို ပြည်ပသို့ပါ တင်ပို့နိုင်သေးသည်။ နာဂစ်ကြောင့် ဆန်ပြတ်လတ်မှုနှင့် ငတ်ပြတ်မှုအန္တရာယ် ပေါ်ပေါက်ရန် အကြောင်းရှိနေသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ လေ့လာချက်အရ နာဂစ်သည် မြန်မာ့လယ်ယာ ၆၅ % ကို ဖျက်စီးသွားသည်ဟု ဆိုသည်။ အခြေအနေသည် “ဆိုးဝါးပြီး စပါးပြတ်လပ်မှု ဖြစ်ပေါ်လာဖွယ်ရှိသည်”ဟု အကဲဖြတ်ထားကြသည်။ ဤအချက်မှာ ပုံကြီးချဲ့သည်ဟု ဆိုနိုင်သော်လည်း နွေနှင့် နွေနှောင်းစပါးများ အထွက်မကောင်းပါက ပြဿနာပေါ်ဖို့ရာရှိနေသည် ။

သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်း

နာဂစ်မုန်တိုင်းကြောင့် ကမ္ဘာ့ရှားပါး စာရင်းဝင်ငှက်မျိုးစိတ်တချို့ သေဆုံး ပျောက်ကွယ်သွားရသည်။ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း ပင်လယ် ကမ်းစပ်ဒေသများတွင် နေထိုင်ကျက်စားလျှက် ရှိသော ဟင်္သာငှက်၊ ကြိုးကြာငှက်၊ ငှက်ကျားနှင့် စင်ရော်ငှက်များ အုပ်စုလိုက် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ တရားဝင် စာရင်းတွင် တွေ့ရှိရသည်။ မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သော ဟသာင်္ငှက်နှင့် ကြိုးကြာငှက်မှာ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် ၀င်များဖြစ်သလို၊ မြန်မာနိုင်ငံတွင်လည်း မျိုး သုဉ်းပျောက်ကွယ်မည့် အနေ အထားမျိုး ဖြစ်နေကြောင်း မြန်မာနိုင်ငံ ငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွှန်က ပြောဆိုသည်။

အငြင်းပွားဖွယ်ရာများ

အကူအညီများအပေါ် မြန်မာဘက်မှ ပိတ်ပင်မှုများ

မြန်မာပြည်ရှိ စစ်အစိုးရက “နိုင်ငံသည် နိုင်ငံတကာကူညီကယ်ဆယ်ရေး လုပ်သားများကို လက်ခံရန် အသင့်မဖြစ်သေးပါ” (the country is not ready to accept foreign aid workers) ဟု ပြောခဲ့သည်။ ဤတုံ့ပြန်မှုမျိုးကြောင့် ဝေဖန် ပြစ်တင်မှုများ တသီကြီးပေါ်ပေါက်ခဲ့သည်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Programme) မှ ပေါလ် ရစ္စလေ (Paul Risley) က အကူအညီပေးရေး နှောင့်နှေးအောင်လုပ်မှုသည် “ယနေ့ခေတ် လူသားချင်း စာနာထောက်ထား ကူညီရေး၌ မကြုံစဖူးသော အဖြစ်” ဟု မှတ်ချက်ပေးခဲ့သည် ။ မုန်တိုင်းဖြစ်ပြီး ရက်အနည်းငယ်အကြာတွင် မုန်တိုင်းဒဏ်ခံဒေသသို့ ရောက်သွားပြီး သတင်းယူနေသော CNN သတင်းထောက် ဒန်ရေးဗားစ် (Dan Rivers)ကို စစ်အစိုးရ ဖမ်းဆီးရန်ကြိုးစားခဲ့သည်။ ထိုသတင်းထောက်သည် ဖမ်းဆီးခံရမည့်ဘေးမှ ရှောင်တိမ်း လွတ်မြောက်သွားသည်။ 

ထိုင်းနိုင်ငံထုတ် ထိုင်းရတ်သတင်းစာက မြန်မာများသည် အစိုးရ၏ တစ်စုံတရာကြိုတင်သတိပေးမှု မရှိခြင်းအပေါ် မကျေမနပ်ဖြစ်ခဲ့ကြသည်ဟု ဖော်ပြသည်။ (အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ ကြိုတင်ခန့်မှန်း သတိပေးမှုကို အပေါ်တွင် ဖော်ပြပြီး။) တာဝန်ရှိသူတို့၏ အင်တိုက်အားတိုက်မရှိခြင်းအပေါ်လည်း အပြစ်ဆိုကြသည်။ ဥပမာအားဖြင့် အဆောတလျင် လုပ်ရမည့် ကိစ္စဖြစ်သော လူသေခန္ဓာများကို ဖယ်ရှားမှုမပြုခြင်းမျိုး ဖြစ်သည်။ နောက်ဆက်တွဲအားဖြင့် အနံဆိုးများ၊ ကူးစက်ရောဂါများ ဖြစ်ပေါ်လာသည်။ ထိုင်းရေတပ်မတော်က မြန်မာစစ်အုပ်စုကသာ အကူအညီတောင်းခံမည်ဆိုပါက ပုပ်ပွနေပြီဖြစ်သော လူသေအလောင်းများကို လာရောက်ရှင်းလင်းပေးနိုင်သည့် လူအင်အား၊ ကိရိယာအင်အားရှိကြောင်း စကားကမ်းလှမ်းခဲ့သော်လည်း စစ်အစိုးရက တစ်စုံတရာတုံ့ပြန်ခြင်း မရှခဲ့ပေ။ ထို လိပ်ခဲတည်းလည်း အခြေအနေတွင် အင်းစိန်ထောင်တွင်း မီးလောင်မှုကြောင့် လွတ်မြောက်ရန်ကြိုးပမ်းသော ထောင်သားများအား ပစ်ခတ်မှု ဖြစ်ပွားပြီး ထောင်သား ၃၆ ဦးသေကာ ၇၀ ဦး ဒဏ်ရာရသည့် ကိစ္စ ပေါ်ပေါက်လာသေးသည်။ သို့သော် သက်ဆိုင်ရာက မဟုတ်ကြောင်း ငြင်းဆိုထားသည်။

မေလ ၂၀၀၈ တွင် စစ်အစိုးရက နိုင်ငံတကာမှ အစားအစာ၊ ဆေးဝါးနှင့် ငွေကြေးအပါအဝင် အကူအညီများကို လက်ခံမည်ဖြစ်သော်လည်း နောက်ထပ် နိုင်ငံခြားသားကယ်ဆယ်ရေးလုပ်သားနှင့် မည်သည့် စစ်တပ်ကိုမှ ကူညီရန် ခွင့်ပြုမည်မဟုတ်ဟု ကြေငြာခဲ့သည်။ မေ ၁၁ တွင် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဲရစ်.ဂျီ.ဂျွန်(Eric G. John)၏ တိုက်တွန်းမှုဖြင့် ထိုင်းဝန်ကြီးချုပ် စမတ် စုဒ္ဒရာဝတ်ဂ်ျ (Samak Sundaravej)က မြန်မာနိုင်ငံသို့လာပြီး အကူအညီများလက်ခံရန် ဖျောင်းဖျမည်ဟု ဆိုခဲ့သည်။ မကြာမီပင် ထိုင်းဆိုင်ရာ ယူကေ သံအမတ် ကွင်တန် ကွေးလ် (Quinton Quayle)ကလည်း စမတ်နှင့် အတူ သူပါလိုက်မည်ဟု ဆိုသည်။ သို့သော် မြန်မာဘက်က မည်သူ့ကိုမျှ လက်မခံလိုသေးပါဟု ချက်ချင်းအကြောင်းပြန်ခဲ့သည်။ စမတ်က စစ်အစိုးရထံ မနှောင့်နှေးစေဖို့အရေး တိုက်တွန်းစာ ထပ်ရေးပါဦးမည်ဟု ပြောခဲ့သည်။

Comments