နာရေးကူညီမှုအသင်း

နာရေးကူညီမှုအသင်း(ရန်ကုန်)
MZ logo
အမည် နာရေးကူညီမှုအသင်း(ရန်ကုန်)
အမျိုးအစား လူမှုရေးအသင်း
ခေါင်းဆောင်များ ဦးကျော်သူ(ဥက္ကဋ္ဌ)၊

ဒေါ်သန်းမြင့်အောင်(အတွင်းရေးမှူး)၊ ဒေါ်မြင့်မြင့်ခင်ဖေ(ဘဏ္ဍာရေးမှူး)

တည်ထောင်သည့်နှစ် ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်
ဝန်ထမ်းဦးရေ အခစားဝန်ထမ်း - ၅၀ ခန့်၊

စေတနာ့ဝန်ထမ်း - ၁၅၀ ခန့်

တည်နေရာ ဗိုလ်မှူးဗထူးလမ်း၊

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။ ရုံးချုပ်ဖုန်း - ၀၁-၅၇၈၁၈၄၊ ၅၆၀၃၃၃ ရုံးခွဲ(ရေဝေး) ဖုန်း - ၀၁-၆၃၉၄၉၀၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉

ကွန်ရက် http://www.ffssyangon.net/
အီးမေးလ် ffss.ygn@gmail.com
နာရေးကူညီမှုအသင်း တံဆိပ်
နာရေးကူညီမှုအသင်းပိုင်ကား

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စများအား ဆင်းရဲ၊ ချမ်းသာမရွေး ငွေကြေးတစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ ဆောင်ရွက်ပေးသော လူမှုရေးအသင်းတစ်သင်းဖြစ်သည်။ နာရေးကူညီမှုအသင်းသည် ပြည်တွင်းပြည်ပ စေတနာရှင်များ၏ ကူညီထောက်ပံ့မှုများနှင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး အစိုးရနှင့်လည်းကောင်း၊ နိုင်ငံရေးနှင့်လည်းကောင်း ဆက်စပ်ပတ်သက်ခြင်းမရှိဘဲ လူမှုရေးသက်သက်ကိုသာ အကျိုးဆောင်နေသော အသင်းဖြစ်သည်။ အသင်း၏ဥက္ကဌမှာ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကိုကျော်သူဖြစ်သည်။


စတင်ပေါ်ပေါက်လာရသည့်အကြောင်းအရင်း

နာရေးကူညီမှုအသင်းဝင်များ

မန္တလေး ဗြဟ္မာစိုရ်အသင်းကြီးက နာရေးကို စတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တွင်လည်း လုပ်ချင်နေသည့်အခါ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခမှ နာရေးကူညီမှု အသင်း ဖွဲ့လျှင် ကောင်းမည်ဆိုပြီး မတည်ငွေတွေ ထည့်ဝင်ကြကာ ကိုကျော်သူတို့ စလုပ်ကြခြင်းဖြစ်သည်။ (ဦးသုခ ဆေးရုံတက်တုန်း အမေအို တစ်ယောက်က ဆင်းရဲနွမ်းပါးတဲ့အတွက် မိသားစုဝင်တွေက လာလာကြည့်သည်။ တစ်ရက်မှာ ဆရာဝန်က အမေအိုကြီးကို အိမ်ပြန်ခေါ်သွားပါ၊ အစွမ်းကုန် ကုပြီးပြီ၊ မရတော့ဘူး ဆိုပြီး ပြောလိုက်သည့် နောက်ပိုင်းမှာ မိသားစုဝင်များ ပြန်လာမကြည့်တော့ပါ။ မလာသည့်အဆုံး ဆေးရုံကနေ ပိုင်ရှင်မဲ့ သဂြုင်္ိဟ်လိုက်ရသည်။ ထို မိသားစုဝင်တွေ အနေနှင့် အမေအိုအတွက် ကျွေးမွေးစရိတ်၊ ကုသစရိတ်၊ သဂြုင်္ိဟ်စရိတ် မတတ်နိုင်သည့်အတွက် ထိုကဲ့သို့ ပစ်ထားခဲ့ခြင်း ဖြစ်သည့်အတွက် ဦးသုခမှနေပြီး ငါတို့ ဗုဒ္ဓဘာသာမှာ နာရေးကူညီမှုအသင်း ဖွဲ့မှဖြစ်မယ်၊ အခြားဘာသာတွေမှာလည်း ရှိတယ် ဆိုပြီး စတင်ခဲ့ခြင်း ဖြစ်သည်။)

စတင်တည်ထောင်ခြင်း

ကိုကျော်သူနှင့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ ဦးဆောင်သည့် ရန်ကုန်မြို့ နာရေးကူညီမှုအသင်း ဖြစ်မြောက်ရေးကော်မတီကို ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဗြဟ္မ၀ိဟာရပရိယတ္တိစာသင်တိုက်၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်ကျွန်းမြို့နယ်မှာ စတင် ဖွဲ့စည်း တည်ထောင်ပြီး ပထမဦးဆုံး နာရေးကူညီမှုပြုခြင်း အထိမ်းအမှတ်အဖြစ် မြန်မာ့ပန်းပုပညာရှင် ဆရာကြီး ဦးဟန်တင်၏ ဈာပနကို မြန်မာအနုပညာရှင် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ အကယ်ဒမီ ကိုကျော်သူက နာရေးယာဉ်ကို ကိုယ်တိုင်မောင်းနှင်၍ ပို့ဆောင်ပေးခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှစ၍ နာရေးကိစ္စပေါင်း ၆ သောင်းခန့် အခမဲ့ ကူညီပေးနိုင်ခဲ့ပြီး နေ့စဉ် နာရေးကိစ္စ ၃၀ မှ ၅၀ အတွင်း ကူညီနေသည်။

ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ မရွေး အခမဲ့ အကူအညီပေးမည် ဟူသော အသင်း၏ ဆုံးဖြတ်ချက်အတိုင်း ဆရာကြီးဦးဟန်တင် ကဲ့သို့သော ချမ်းသာကြွယ်ဝသူ၊ ငွေကြေးတတ်နိုင်သူတို့၏ တဖန်ပြန်လည် လှူဒါန်းငွေများဖြင့်လည်း ငွေကြေးချို့တဲ့ နွမ်းပါးသူတို့၏ နာရေးကိစ္စများတွင် အားဖြည့်သုံးစွဲခွင့် ရခဲ့သည်။

ဆရာကြီး ဦးသုခ၏ အိပ်မက်နှင့် မန္တလေးဗြဟ္မာစိုရ်အသင်းကြီး၏ လမ်းပြမှုမှ အကောင်အထည် ပေါ်လာသော 'ရန်ကုန်မြို့ နာရေးကူညီမှုအသင်း' ဖြစ်မြောက်ရေး ကော်မတီတွင် လူတန်းစားမျိုးစုံ ပါဝင်သည်။ နိုင်ငံကျော် အနုပညာရှင်များ၊ စာရေးဆရာကြီးများ၊ မဂ္ဂဇင်းထုတ်ဝေသူများ၊ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များ၊ ၀န်ထမ်းများ၊ လက်လုပ်လက်စားများ၊ စသည့် လူတန်းစား အမျိုးအမည် မညီမျှကြသော်လည်း တခဲနက်ညီညွတ်ခြင်းကား 'ကိုယ်ကျိုးစွန့်' သည့် စိတ်ဓာတ်များပင်ဖြစ်သည်။ အဓိက လိုအပ်ချက်သည်ကား ထို 'တန်ဖိုး' သာဖြစ်ပေသည်။

လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး ခုနှစ်ရက်သားသမီးတို့၏ နာရေးကိစ္စများ၊ ဆေးကုသမှုများ၊ လေးဘေး၊ မီးဘေး၊ ရေဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အခမဲ့ ကူညီ ဆောင်ရွက်ပေးနေသော နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ကို နေရာအသစ်သို့ ပြောင်းရွှေ့ရန်အတွက် အလှူငွေများ လိုအပ်လျက်ရှိသည်ဟု သတင်းရရှိသည်။ လက်ရှိတွင် သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မ၀ိဟာရ ပရိယတ္တိ စာသင်တိုက်တွင် ရုံးခန်းဖွင့်ထားသော နာရေးကူညီမှုအသင်းသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) ၄၈ ရပ်ကွက်သို့ တစ်နှစ်အတွင်း ပြောင်းရွှေ့ရန် စီစဉ်နေပြီး ၄င်းအတွက် အလှူငွေများ လိုအပ်နေခြင်းဖြစ်သည်။

အသင်းရုံးချုပ် အပြောင်းအရွှေ့နှင့်ပတ်သတ်၍ အသင်းတာဝန်ရှိသူ ကိုကျော်သူက “ဒဂုံမြို့သစ် (မြောက်ပိုင်း) ၄၈ ရပ်ကွက်မှာ အသင်းအတွက် မြေ ၂ ဧကရှိပါတယ်။ မြေဆိုပေမယ့် အမှိုက်တွေ ဖို့ထားတာပါ။ အဆောက်အဦးအတွက် Pile တွေတော့ စိုက်ထား ပြီးပါပြီ။ အဆောက်အဦးကတော့ တစ်နှစ်အတွင်း အပြီးဆောက်ရမှာပါ။ ကားတွေဝင်ထွက်ဖို့ လမ်းတွေ အသားကျဖို့ကတော့ အချိန်ယူရမှာပါ။ ကျွန်တော်တို့မှာ အလှုငွေတွေက နာရေးအတွက် လှူတဲ့အလှုငွေကို နာရေးအတွက်ပဲ သုံးပါတယ်။ သုခ(အခမဲ့)ဆေးခန်းအတွက် အလှူငွေ ကို ဆေးခန်းအတွက်ပဲ သုံးတာပါ။ အခြားမီးဘေး၊ ရေဘေးတို့အတွက် အလှူငွေတွေကိုလည်း သီးခြားစီသုံးစွဲတဲ့အတွက် ရုံးချုပ် အဆောက်အဦးအတွက် အလှူငွေတွေလည်း လိုအပ်လျှက် ရှိနေပါတယ်” ဟုပြောပါသည်။

သုခ ကုသိုလ်ဖြစ် ဆေးခန်း

အသင်းကြီးသည် ရန်ကုန်တိုင်းအတွင်း သေဆုံးသူ ရာချီရှိသည့် အရေအတွက်ကို လစဉ်နီးပါး လိုက်လံသဂြုင်္ိဟ် ပေးနေသလို၊၂၀၀၇ ခုနှစ် မတ်လ ကမ္ဘာ့ကျန်းမာရေးနေ့မှာ ဖွင့်ခဲ့သော သုခ ကုသိုလ်ဖြစ် ဆေးခန်း ကလည်း နေ့စဉ်နှင့်အမျှ လူနာပေါင်း ၁၅ဝ ကျော်ကို အခမဲ့ ကုသပေးရင်း လည်ပတ်လာခဲ့သည်။သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ပါရဂူဘွဲ့ရဆရာဝန်ကြီးများအပါအ၀င် ဆရာဝန် (၃၀) ခန့်က အခမဲ့ပညာအလှူပြု ကုသပေးလျက်ရှိသည်။

သို့သော် လာမည့်နှစ် ဇူလိုင်လတွင် ဆေးခန်းနေရာ ပြောင်းရွှေ့ပေးရမည် ဖြစ်သဖြင့် အဆောက်အဦးသစ် တည်ဆောက်ရန်အတွက် ကျပ်ငွေသိန်းပေါင်း ၁၂ဝဝ ခန့် လိုအပ်နေသည်ဟု သိရသည်။ ရုံးချုပ်အဆောက်အဦး ဆောက်လုပ်ရေးအတွက် လှူဒါန်းလိုသူများ အောက်ပါလိပ်စာနှင့် ဖုံးနံပတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

နာရေးပို့ဆောင်နေပုံ

မြောက်ဒဂုံမြို့နယ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခြင်း

(၆၂) နှစ်မြောက် အာဇာနည်နေ့တွင် သုခဆေးခန်းနှင့် နာရေးကူညီမှုအသင်းရုံးခန်းကို သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ် သို့ ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

မြောက်ဒဂုံရှိ နာရေးကူညီမှုအသင်းပိုင် မြေ (၂) ဧကကျော်ပေါ်တွင် ကျပ်သိန်းနှစ်ထောင်ဝန်းကျင်ကုန်ကျသည့် နှစ်ထပ်ဆေးခန်း တခုသာ တည်ဆောက်နိုင်သေးပြီး နာရေးကူညီမှုအသင်းရုံးခန်း၊ လူနာနားနေဆောင်နှင့် နိဗ္ဗာန်ယာဉ်ပြုပြင်ခန်းများတည်ဆောက် ရန် ကျန်ရှိနေသည်။

“ဒီအဆောက်အဦက ပိုင်ရိုက်ပြီးဆောက်ခဲ့ရတာ။ ကျနော်တို့ ရထားတဲ့နေရာက အရင်က အမှိုက်ပုံကြီးဆိုတော့ ပေ (၂၀) တူးလည်း မြေသားကို မတွေ့သေးဘူး။ ပလတ်စတစ်အိတ်တွေချည်းပဲ။ နောက်ဆုံး ပိုင်ရိုက်ပြီး ဆောက်လိုက်ရတဲ့အတွက် ကုန်ကျစရိတ်က ပိုများသွားတယ်” ဟု ဦးကျော်သူက ပြောသည်။

အောက်ခံမြေသားမရှိသည့်အတွက် အရိပ်ရပင်စိုက်ပျိုးမှုလည်း မအောင်မြင်သေးပေ။ လောလောဆယ်တွင် အမှိုက်ပုံပေါ် သဲဖြူခင်းက လူသွားလမ်းလုပ်ထားရသဖြင့် နောင်တွင် သန့်ရှင်းမှုရှိစေရန် လူနာနားနေဆောင်၊ အသင်းရုံးခန်းနှင့် သုခဆေးခန်း တို့ကို ဆက်သွယ်ပေးမည့် ကွန်ကရစ်လူသွားလမ်းတခုလည်း ဆောက်လုပ်ရန်လိုသည်ဟု ဦးကျော်သူက ပြောသည်။

နာရေးကူညီမှုအသင်းရုံးခန်းအပါအ၀င် လိုအပ်သည့်အဆောက်အဦများကို ဆက်လက်ဆောက်လုပ်ရန် ကျပ်သိန်းနှစ်ထောင် ကျော်ခန့် ထပ်မံလိုအပ်လိမ့်ဦးမည်ဟုလည်း ၎င်းက ခန့်မှန်းပြောဆိုသည်။

“အလှူရှင်တွေအနေနဲ့ကတော့ ဆက်သွယ်လှူဒါန်းဖို့ နည်းနည်တော့ လှမ်းသွားတာပေါ့။ ဒါပေမယ့် အခုဒီဘက်မှာ ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်ဆိုတော့ လူနာပိုများမယ်။ နွမ်းပါးတဲ့လူနာတွေအတွက်တော့ ပိုအဆင်ပြေသွားမှာပေါ့” ဟု ဦးကျော်သူက ပြောသည်။

မြောက်ဒဂုံရှိ သုခဆေးခန်းသည် မီးလိုင်းတလိုင်းသာရရှိထားကာ မီးပျက်မှုများသည့်အတွက် မီးစက်ကိုသာ အားထားနေရ ကြောင်း၊ ရေရရှိမှုမှာလည်း အ၀ီစိတွင်းကိုသာ အားပြုနေရပြီး အစိုးရပိုက်လိုင်း ရေသွယ်တန်းနိုင်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

“အသင်းရုံးရှေ့မှာရှိတဲ့ ပိုက်လိုင်းကနေ သွယ်ခွင့်ပြုဖို့လျှောက်တာ စည်ပင်က မရနိုင်ဘူးလို့ပြောတယ်။ ကိုက်နှစ်ထောင်ကျော် လောက်မှာရှိတဲ့ ကြံ့ခိုင်ရေးက ကန်ထရိုက်ယူထားတဲ့ ပိုက်လိုင်းကနေ ကြံ့ခိုင်ရေးကို အလှူငွေပေးပြီး ယူရင်တော့ ရမယ်တဲ့။ ဒါပေမယ့် အဲဒီလောက်အဝေးကြီးကနေယူရင် ရေအားမကောင်းနိုင်ဘူး” ဟု ဦးကျော်သူက ရှင်းလင်းပြောဆိုသည်။

နာရေးကူညီမှုအသင်းပိုင်နိဗ္ဗာန်ယာဉ်များကို ရေဝေးသုသာန်တွင် စည်ပင်သာယာအား မြေငှားရမ်းခ တလကျပ် (၁) သောင်း ပေးကာ ကိုယ်ပိုင်အဆောက်အဦ ဆောက်လုပ်၍ ထားရှိရသည်။ ရေဝေးကားထိန်းသိမ်းရေးစခန်းတွင် ဖုန်းတလုံးတပ်ဆင်ထား သော်လည်း မကြာခဏဖုန်းကြိုးဖြုတ်ခိုးခံနေရကြောင်း ဦးကျော်သူက ပြောသည်။

“အဲလိုဖုန်းကြိုးတောင် အခိုးခံနေရတော့ ကားတွေလုံခြုံရေးကို ပိုဂရုစိုက်ရတယ်။ အဲဒီမှာ ကားစခန်းညစောင့်အတွက်ကို လူ (၃) ယောက် ငှားထားရတယ်။ ဒီကြားထဲ ထိန်ပင်သုသာန်မှာပါ ကားတွေခွဲထားရမယ်ဆိုပြီး စည်ပင်က စာပို့တယ်။ ကျနော်တို့ အဲလောက်ကြီးတော့ မလုပ်နိုင်တော့ဘူးဗျာ။ အဆောက်အဦဆောက်ဖို့၊ လုံခြုံရေးချဖို့ ကိစ္စတွေက အများကြီး ၀န်ကြီးတယ်”ဟု ၎င်းက ပြောသည်။

Comments