မုဟမ္မဒ်

တမန်တော်မုဟမ္မဒ်သည် အစ္စလာမ်ဘာသာကို အလ္လာဟ်အရှင်မြတ်(ဘုရားသခင်)ထံမှ ညွှန်ကြားမှုဖြင့် လူအပေါင်းတို့ကို တဆင့်ပြန်လည် သွန်သင်ဆုံးမသူဖြစ်သည်။ဘာသာရေးခေါင်းဆောင်တို့၏ ထုံးစံအတိုင်း ကွယ်လွန်ချိန်ထိတိုင် မနေမနားပင် အလ္လာရှင်မြတ်၏ အဆုံးအမတို့ကို လူအများအား သွန်သင်ခြင်းအမှုအား အားထုတ်ခဲ့သည်။

မုဟမ္မဒ်သခင်တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို ခရစ်သက္ကရာဇ် ၅၇၁-ခု၊ ဧပြီလ (၂၂)ရက် တနင်္လာနေ့တွင်ဖွားမြင်တော်မူခဲ့သည်။ မမွေးဖွားလာခင်ကပင် ဖခင်ဖြစ်သူကွယ်လွန်သွားသည့်အတွက် မိခင်မုဆိုးမဖြစ်သူက ခက်ခဲစွာ စောင့်ရှောက်ခဲ့ရပြီး ၆ နှစ်သားအရောက်တွင် မိခင်ပါကွယ်လွန်သွားခဲ့ပြန်သည်။ထိုနောက် ဦးလေးတော်စပ်သူက ကျွေးမွေးစောင့်ရှောက်မှုဖြင့် လူလားမြောက်လာသည်ဆိုသော်လည်း ကြမ်းတမ်းသည့် ဘ၀ကိုဖြတ်သန်းခဲ့ရသည်။ကျမ်းစာအထောက်အထားများအရ စာပေသင်ကြားတတ်မြောက်ခြင်းမရှိဟု သိရသည်။သို့သော် အသက် ၂၅ နှစ်အရွယ်တွင် မကာမြို့နေ ငွေကြေးပြည့်စုံသည့် မုဆိုးမတစ်ဦး နှင့်အိမ်ထောင်ကျသဖြင့် ဘ၀တိုးတက်လာခဲ့သည်။ပင်ကိုယ်ကပင် ရိုးသားခြင်း၊ဖြောင့်မတ်ခြင်းတို့ဖြင့် ပြည့်စုံသည်ဟုလည်းဆိုကြသည်။ လူအများ၏ယုံကြည်ခြင်း ကိုခံယူရရှိသဖြင့် အများသူငါက လာရောက်ပြီး ပစည်းများအပ်နှံခြင်းကိုခံရသည်။ အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ဂျူးနှင့်ခရစ်ယာန် ကုန်သည်များနှင့် ဆက်ဆံရသဖြင့် ၄င်းတို့ထံမှ တစ်ဆူတည်းသောဘုရားဝါဒကို နာကြားရသဖြင့် ဘုရားသခင်ကို ကိုးကွယ်ယုံကြည်စိတ်ကိန်းဝတ်လာပြီး ဌာနေလူများကိုးကွယ်သည့် အယူမှားကိုပယ်ပြီး ဘုရားသခင်နှင့်နီးစပ်မှုရရန် အားထုတ်တော့သည်။တစ်ကိုယ်တည်း ဧကစာရီအကျင့် ကျင့်သုံးရာမှ အလ္လာအရှင်မြတ်၏ ချစ်မြတ်နိုးမှုကို ခံရသဖြင့်တမန်တော် ဂါဘရီရယ်မှတဆင့် သူ့အားတမန်တော် အဖြစ်သတ်မှတ်ခြင်းခံရကာ ဘုရားသခင်ရှိရာ ကောင်းကင်ဘုံသို့လည်းခေါ်ဆောင်ကာ ဖူးမျှော်ခွင့်ကိုရသည်ဟုဆိုသည်။

ထိုသို့သော် ချီးမြှောက်မှုကို ရရှိပြီးနောက် မုဟမ္မဒ်သခင်သည် မိမိနှင့် ဆက်ဆံရသူအနည်းအကျင်းကို စတင်ဟောပြောပို့ချရာမှ အစ္စလာမ်သာသနာစတင်လာခဲ့သည်။၆၁၃တွင် ၄င်း၏ ဟောပြောမှုတို့ကို ယုံကြည်သဖြင့် နောက်လိုက်အင်အားတိုးပွားလာပြီး မကာစော်ဘွား၏ မျက်စိစူးမှုကိုပါ တစ်ပါတည်းခံရတော့သည်။ထို့ကြောင့် ၆၂၂တွင် မုဟမ္မဒ်သခင်အနေဖြင့် မက္ကာတွင်ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည့်အလျှောက် မက္ကာမြို့၏ မြောက်ဖက်မိုင် ၂၀၀ရှိ မဒီနာမြို့(Medina) သို့ရှောင်တိမ်းပြီး ဘုရားသခင်၏ အဆုံးအမကို လူအပေါင်းအား ဆက်လက် ဟောပြောသည်။ထိုသို့တိမ်းရှောင်ရသည်ကို ဟေဂိရ(Hegira) ဟုခေါ်ပြီး တမန်တော်ဘ၀ကျင့်စဉ်တွင် အတက်တစ်ကွေ့ဖြစ်သည်ဟုသတ်မှတ်သည်။အမှန်လည်း အောင်မြင်မှုကြီးကြီးရသည်။မဒီနာစော်ဘွား၏ ဆရာကဲ့သို့ပင် အာဏာရလာပြီး လူအများကို ဦးဆောင်နိုင်သည့်အတွက် မကာကိုတိုက်ခိုက်ပြီး ၆၃၀ခုနှစ်တွင်အနိုင်ရကာ အောင်နိုင်သူဖြစ်လာခဲ့သည်။ထိုအချိန်မှစပြီး နောင်တစ်နှစ်ခွဲကြာ သူမကွယ်လွန်မှီအထိကို အာရပ်အမျိုးနွယ်စုလေးများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အယူသစ်ကို ကူးပြောင်းယုံကြည်လာသည့် အတွက် ကွယ်လွန်ချိန် ၆၁၃ တွင်အာရေဘီးယားကျွန်းဆွယ်တောင်ဖက်ပိုင်းတစ်ခုလုံးကို ကောင်းစွာသြဇာလွမ်းမိုးထားခဲ့သည်။

မုဟမ္မဒ်သခင်ကို တမန်တော်ဟုဆိုပြီးဘာသာရေးအရသာ အထွတ်အမြတ်ထားနိုင်သည်မဟုတ်ပေ။ နိုင်ငံရေး၊အမျိုးသားရေးနှင့် လူမှုရေးတို့တွင်လည်း ဦးဆောင်သူအဖြစ် သတ်မှတ်နိုင်သည်။အစုစုကွဲပြားနေသည့် အာရပ်မျိုးနွယ်စုတို့ကို ဘာသာရေးဦးဆောင်မှုဖြင့် စုစည်းပေးနိုင်ပြီး မိမိထက်အင်အားခြင်း မယှဉ်နိုင်အောင်များပြားကျယ်ပြန့်သည့် အရှေ့ဖက်မှ ဆက်စနစ်(Sassanids)တို့၏ ပါရှအင်ပါယာသစ်(Neo-parsian Empire) နှင့် အနောက်ဖက်မှ အရှေ့ရောမအင်ပါယာ(ခေါ်)ဘိုင်ဇန်တိုင်းအင်ပါယာ (Byzantine Empire)တို့ကို အနိုင်ယူပြီး အယူဝါဒအသစ်ကို ပြန့်ပွားရန်အတွက် လမ်းခင်းပေးခဲ့သည်။ထို့နောက်တွင် အာရှမှ အာရပ်တို့ဦးဆောင်သည့် မွတ်စလင်တို့၏ ဘာသာရေးလှုပ်ရှားမှုတစ်ဖြစ်လဲ နယ်ပယ်ချဲ့ထွင်မှုသည် အရှေ့ဖက်တွင် အိန္ဒိယအနောက်မြောက်ပိုင်း၊နောက်တွင် အာဖရိကမြောက်ပိုင်းဒေသ အကုန် သာမက ဥရောပကုန်းမြေရှိစပိန်နိုင်ငံထိ သိမ်းယူနိုင်သည်အထိအင်အားကြီးခဲ့သည်။သို့သော် ၇၃၂ ခု၊ပြင်သစ်နိုင်ငံ အလယ်ပိုင်းတွင် တိုက်ခိုက်သည့် နာမည်ကျော် တိုး စစ်ပွဲတွင် မွတ်စလင်တို့ ရှုံးနှိမ့်ပြီးမှသာ ထိုချဲ့ထွင်မှုရပ်တန့်တော့သည်။

လူမှုရေး၊ယဉ်ကျေးမှုနယ်ပယ်တွင်လည်း အာရပ်ယဉ်ကျေးမှုကို အားကောင်းမောင်းသန် ပြန့်ပွားရန်အတွက် လမ်းဖွင့်ပေးခဲ့သည်။ အထက်တွင်ဆိုခဲ့သည့်အတိုင်း အာဖရိက မြောက်ပိုင်းမှသည် အရှေ့ဖက် အိန္ဒိယ အနောက်မြောက်ဖက်တိုင် အာရပ်ယဉ်ကျေးမှုကို ရှင်သန်စေရန် ကိုရမ်ကျမ်းကဆောင်ရွက်ပေးခဲ့သည်။မည်သည့် လူမျိုးဖြစ်စေ အာရဗီ ဘာသာဖြင့်သာ ရွတ်ဖတ်ပူဇော်ရမြဲဖြစ်သဖြင့် အာရဗီဘာသာမှာ အားအလွန်ကောင်းလာသည်။

အချုပ်ဆိုရလျှင် သာမန်လူတန်းစား အညတရဘ၀မှသည် ဘာသာရေး၊နိုင်ငံရေး၊လူမှုရေး၊ယဉ်ကျေးမှုတို့တွင် ခေါင်းဆောင်မှုပေးနိုင်သူအဖြစမုဟမ္မဒ်သခင်ကို သတ်မှတ်ချီးမွမ်းနိုင်သည်။

Comments