မလိယန်ရွာ

မလိယန်ရွာသည် မလိခမြစ်ဘေးတွင် တည်ရှိပြီး ရွှေထွက်ရှိသော ရွာတစ်ရွာဖြစ်သည်။
ကချင်ပြည်နယ် သည် မြန်မာနိုင်ငံ၏ အထင်ကရနှင့် တန်ဖိုးမဖြတ် နိုင်သော ကျောက်စိမ်း  နှင့်  ရွှေ ရတနာများ အများအပြားထွက်ရှိရာ ပြည်နယ် ဒေသတစ်ခုဖြစ်သည်။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြရာတွင် အနယ်နယ်
အရပ်ရပ်မှ တိုင်းရင်းသားပေါင်းစုံ အလွှာပေါင်းစုံ
စုဝေးရောက်ရှိသောဒေသ တစ်ခုလည်းဖြစ်လေသည်။ မြန်မာနိုင်ငံ၏ အဓိကအားထားရသော ဧရာဝတီမြစ်
ကြီး၏ မြစ်ဖျားခံရာ ဒေသ လည်းဖြစ်သည်။ မေခနှင့်မလိခပေါင်းဆုံ၍ ဧရာဝတီမြစ်အဖြစ်စီးဆင်းလာခဲ့ရာ
ရှုမျှော်ခင်းများနှင့် သဘာဝအလှအပ များလည်း
ကချင်ပြည်နယ်တွင်တည်ရှိလေသည်။ ကချင်ပြည်နယ်၏မြို့တော် ဖြစ်သော မြစ်ကြီးနားမြို့ကြီး မှာလည်း
 ခေတ်နှင့်အညီ တစ်နေ့ တခြားတိုးတက် ပြောင်းလဲခဲ့သည်မှာ လူမှုရေး၊ စီးပွားရေး အစစအရာရာပင် ဖြစ်လေသည်။ အလွှာပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံ လုပ်ကိုင်အဆင်ပြေသော မြို့တစ်မြို့လည်း ဖြစ်သည်။ ထိုလုပ်ငန်းပေါင်းစုံထဲတွင် ဧရာဝတီမြစ်ကြီးအားအမှီပြု၍ လုပ်ကိုင် စားသောက်ကြသူများ ဟိုးယခင်မှ ယနေ့တိုင်ရှိလေသည်။
 မြစ်ကြီးနားမြစ် ဆိပ်မှ စက်လှေများမှာ နေရာဒေသအသီးသီးသို့
နေ့စဉ်နှင့်အမျှ ပြေးဆွဲ ပေးလျက်ရှိသည်ကို တွေ့ရပေသည်။ ယနေ့အချိန်ထိ ကားလမ်းဖောက်ရန် မလွယ်ကူ၍ ရေကြောင်းကိုသာ အားကိုးနေရသော ဒေသများလည်းရှိသည်။ မလိယန်ရွာလည်းအပါအ၀င်ဖြစ်ပြီး
ထိုရွာသည် မလိခမြစ်ကမ်းဘေးတွင် တည်ရှိ လေ သည်။ မြစ်များအတွင်း ရွှေလုပ်ငန်းလုပ်ကိုင်ကြရာတွင် ထိုရွာ သည် အကြီးကျယ်ဆုံးလုပ်ငန်းနေရာဒေသတစ်ခုဖြစ်သည်။
မလိယန်ရွာ သို့ သွားလိုလျှင် မြစ်ကြီးနားဆိပ်ကမ်းမှ စက်လှေစီး၍သာ သွားရောက်ရ ပေသည်။ မြစ်ကြီးနားမှစတင်ထွက်ခွာပြီး
မြစ်ဆုံသို့ရောက်ရှိ၍ ထိုမှ မလိခ မြစ်အတွင်းသို့ ဆန်တက်ရလေသည်။ မလိယန်ရွာသို့သွားသောခရီးစဉ်မှာ ရွာမရောက်မီ လမ်း၌ နှစ်ညတိတိအိပ်စက်ရသည်။ လမ်းခရီးမှာ အဆိုးရွား ကြီးမဟုတ်လှသော်လည်း အတွေ့အကြုံမရှိသူများ
အတွက်တော့ ရင်ဖိုစရာ ကောင်းလှပေသည်။ ဆောင်းရာသီနှင့်နွေရာသီတွင်သာ သွားလာရေးလွယ် ကူပြီး မိုးရာသီကာလတွင်တော့ အလွန်ပင် ခက်ခဲ လှသည်ဟု သိရသည်။ ယခုလိုနွေရာသီအချိန်တွင် မြစ်မှာ ကျဉ်း၍ရေစီးအားလည်း သန်လေသည်။
ဤခရီးသည် သွားရောက်လိုက စီးနင်းလိုက်ပါသော စက်လှေမှာ စက် ကောင်းမွန်ရန် အတော်ပင် အရေးပါလှ သည်။
တချို့နေရာများမှာ မြစ်ကျဉ်းပြီး ရေ အားသန်သောကြောင့် စက်မှာ မရုန်းနိုင် ဘဲဖြစ်တတ်သည်။ ထိုအချိန်အခါမျိုးတွင် တော့
စက်လှေကို ကမ်းကပ်ခရီးသည်များ ဆင်းကာ ကျောက်ဆောင်များအတိုင်း လမ်းလျှောက်ပေးရလေသည်။ ပထမဆုံး အိပ်စက်
နားရသော ရွာမှာ သီယန်ဇွတ်ရွာ ဟု သိရသည်။ ရွာဟုခေါ်ဆိုသော်လည်း မှော်ဒေသတစ်ခုဖြစ်ခြင်းကြောင့် လူအသုံး အဆောင်နှင့်
စားနပ်ရိက္ခာမှာ စုံလင်စွာ ရှိသည်။ သီယန်ဇွတ်ရွာတွင် တစ်ညတာ အိပ်စက်၍ မနက်လင်းသည်နှင့် ခရီးစ ထွက်ရလေသည်။
ထို့နောက် လယန်ဟု အမည်ရသောရွာသို့ ရောက်ရှိကာ ထိုရွာ မှာပင် တစ်ညတာ ပြန်လည်အိပ်စက်ရ လေသည်။ ထိုရွာသည်လည်း အတော်ပင် စည်ကားလှသည်။ မနက်လင်းသည်နှင့်စ တင် ခရီးဆက်ရပြီး မလိယန်ရွာသို့ ညနေ စောင်းအချိန်တွင် ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိတော့သည်။ မြစ်ကြီးနားမှ မလိ ယန်ရွာအရောက် စက်လှေခမှာ လူတစ်ဦး လျှင် ကျပ်သုံးသောင်းဖြစ်ပြီး ကုန်ပစ္စည်း များကိုတော့ အနည်းအများပေါ်ကြည့်၍ ကောက်ခံလေသည်။ တချို့ကုန်သည်များ မှာ စက်လှေကို စင်းလုံးငှားကြသည်။
အဆန်ခရီးမှာ စက်လှေခများသော်လည်း အစုန်ခရီးမှာ ကျပ်တစ်သောင်းသာပေးရ တော့သည်။ စက်လှေသမားများအနေဖြင့်
အသွားအပြန် တစ်ခေါက်လျှင် ကျပ်ကိုး သိန်း၊ ဆယ်သိန်းပုံမှန်ရသည်ဟုသိရသည်။ ထိုဒေသတွင် စက်လှေမောင်းသော လုပ် ငန်းမှာ အမှန်တကယ် ကြီးပွားချမ်းသာနိုင် ပေသည်။ မလိယန်ရွာသည် မကြီးမားလှ သော်လည်း လူဦးရေမှာ အ၀င်အထွက် များပြား လှသည်။ ရွှေလုပ်ငန်းများမှာလည်း မြစ်ကြောင်းတစ်လျှောက် စီတန်းလျက် လုပ်ကိုင်နေကြလေသည်။ လုပ်ငန်းကိုတော့ ယာဘက်ခြမ်း၊ ၀ဲဘက်ခြမ်းနှစ်မျိုး ခွဲခြားထား သည်။ ရွှေဖောင်လုပ်ငန်းများသာ လုပ်ကိုင် ကြလေသည်။ ရွှေဖောင်လုပ်ငန်းဆို သည်
မှာ မလိခမြစ်၏ အောက်ခြေတွင်ရှိသော သဲစာများကို အပေါ်သို့ သယ်ဆောင်၍ မျောဆင်လုပ်ရသော လုပ်ငန်းဖြစ်လေ သည်။
ထိုလုပ်ငန်းမှာ ရေငုပ်ကျွမ်းကျင်ဖို့ကအဓိကကျသည်။ မြစ်အလယ်တွင်လည်း ကောင်း၊ မြစ်ကမ်းနားတွင်လည်းကောင်း ဖောင်များ
ဖွဲ့၍ လုပ်ကိုင်ကြရလေသည်။ ယခင်က မြစ်အောက်သဲစာများကို မိမိတို့ ဥာဏ်မီသလိုနည်းများသုံး၍ သယ်ဆောင် ကြရ သော်လည်း ယခုအခါတွင်တော့ ခေတ် မီယန္တရားစက်များဖြင့် အဆင့်ဆင့်လုပ်ကိုင် နေကြပြီကို တွေ့ရလေသည်။ မလိခမြစ်အ တွင်း ရွှေထွက်နှုန်း မှာ မြန်မာနိုင်ငံရှိ ရွှေ တွင်းများတွင် ထွက်ရှိသော နှုန်းများထက် သာလွန်ပြီး ရွှေအရည်အသွေးမှာ အလွန် ပင် စံချိန်မီသည် ဟု သိရ သည်။ ထို့အတွက် ကြောင့် မလိယန်ရွာတွင် အနယ်နယ်အရပ်ရပ် နှင့် လူမျိုးစုံအလွှာစုံတို့ လာရောက်လုပ် ကိုင်နေကြခြင်း ဖြစ်လေ သည်။ မလိခမြစ် ကြောင်းတစ်လျှောက် ဆက်ကာဆက်ကာ ရွာငယ်လေးများရှိသော်လည်း မလိယန်ရွာ သည် နာမည်ကြီးပြီး အချက်အချာကျလှ ပေသည်။ မလိယန်ရွာမှတစ်ဆင့် ဆွမ်ပရာ ဘွမ်မြို့သို့လည်းကောင်း၊ တနိုင်းမြို့သို့ လည်းကောင်း ခရီးဆက်နိုင်
လေသည်။ မလိယန်ရွာတွင် ကချင်၊ ဂျိမ်းဖော၊ ရ၀မ်နှင့် လီဆူးများ ဟိုအရင်ကနဦးမှ နေထိုင်လာခဲ့ ကြသည်ဟုသိရလေသည်။
ယခုအခါတွင် ရွှေလုပ်ငန်းများမှာ လျော့သွားသည်မရှိဘဲ တိုး၍သာလာခဲ့ပြီး လူနေမှုမှာလည်း တိုး ပွားခဲ့လေသည်။
ရိုးသား၍ကြိုးစားကာ စီးပွားရှာလို့ အမှန်တကယ်ကောင်းမွန်လှ သော ရွာကြီးတစ်ရွာဟုဆိုလျှင် မှားမည် မဟုတ်ပါချေ။ ။
Comments