မြန်မာပြက္ခဒိန် (ခရစ် ၁၁ ရာစုနှစ်)

မြန်မာတို့သည် တောင်သူလယ်သမားများ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအတွင်း ဝင်ရောက် နေထိုင်ပြီးနောက် ၄င်းတို့အသုံးပြုသော ပြက္ခဒိန်သည်စိုက်ပျိုးရေးကို အခြေခံသည့်၊ စိုက်ပျိုးရေးနှင့်ပတ်သက်သော ပြက္ခဒိန် ဖြစ်သည်။ ထို့အပြင် ကိုးကွယ်ယုံကြည်မှုနှင့်လည်း ဆက်ယှက်ပေါင်းစပ်ထားသော ပြက္ခဒိန်လည်းဖြစ်လာသည်။ စိုက်ပျိုးရေးနှင့် ကိုးကွယ်ယုံကြည်မှုတို့သည် ရှေးခေတ်ဦးမြန်မာတို့ နေ့စဉ် ကြုံတွေ့နေရသည့် ကိစ္စများဖြစ်သည်မှာ မှန်ကန်ကြောင်းသက်သေအားဖြင့် တဆယ့်နှစ်လ အမည်များအား ကြည့်လျှင် သိသာထင်ရှားပါသည်။


တန်ခူးလ (တန်ခူးလ)

နှစ်သစ်ကို တန်ခူ (တန်ခူးလ) လမှ စတင်ပါသည်။ ခြောက်သွေ့ဒေသများတွင် ထန်းပင်များ များများ စိုက်ပျိုးကြသည့် မြန်မာတို့အတွက် တန်ခူလ ဆိုသည့်ဝေါဟာရမှာ “ထန်းသီးခူးသည့် လ”ဟု အဓိပ္ပာယ် သက်ရောက်ပြီး သက္ကတဘာသာ “တာလ”မှ ဆင်းသက်သောအမည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ထန်းပင်သည် အိန္ဒိယမှ မြန်မာနိုင်ငံအတွင်းသို့ ခရစ်နှစ် အစောပိုင်းလောက်ကပင် ရောက်ရှိခဲ့သည့်အပင် ဖြစ်သည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၏ ရာသီဥတုနှင့်ကိုက်ညီပြီး၊ ခန်းခြောက်ဒေသမှာပင် ကောင်းမွန်စွာပေါက်ရောက်နိုင်စွမ်း ရှိသည်။ ဘုန်းကြီးကျောင်း၊ ရေကန်၊လယ်ကွင်း ဝန်းကျင်တို့တွင် ထန်းပင်များအား အတန်းလိုက်စီပြီး စိုက်ထားလေ့ ရှိသည်။ ထန်းမှထွက်ရှိသည့် ထန်းလျက်ဖြင့် မုန့်အချိုပွဲများကို ပြုလုပ်ကြသကဲ့သို့ ယမကာ အဖျော်ကို ထန်းရည်ဖြင့် ပြုလုပ်ရသည်။ ရှေးမြန်မာတို့သည် မြေ အရောင်းအဝယ် ပြုပြီးသည့်အခါတွင်လည်းကောင်း၊သားသမီးများ အိမ်ထောင်ချသည့်အခါ အခမ်းအနားတွင်လည်းကောင်း အများသိစေရန် ဖိတ်ကြားပြီး အမဲ၊ ကြက်၊ ဝက်နဲ့ သေရည်ပါတဲ့ စားသောက်ပွဲကြီး ပေးလေ့ရှိကြောင်း ပုဂံခေတ်ဆိုင်ရာ ကျောက်စာအထောက်အထားများအရ သိရှိရသည်။ ထိုသို့သောအခမ်းအနားများတွင် သေရည်နှင့်အတူ ထန်းရည်မှချက်လုပ်သည့် ယမကာ အဖျော်ကိုလည်း သောက်ကြကြောင်း အထောက်အထားများ တွေ့ရပါသည်။

ထို့အပြင်ထန်းရွက်ကိုလည်း အိမ်အမိုး၊ရဟန်းဆောင် ယပ်တောင်စသည်ဖြင့် အသုံးချကြသေးသည်။ ပေရွက်ကဲ့သို့ပင် ထန်းရွက်ပေါ်၌လည်း စာရေးနိုင်သည်။ ထန်းပင်စည်မှ ဖြစ်သော ထန်းလုံးဖြင့် အိမ်၊အဆောက်အဦး၊ကာကွယ်ရေး အတွက် ခံတပ် စသည်ဖြင့် ဆောက်လုပ်အသုံးချကြပါသေးသည်။ ဆည်ဖို့ရာ၌လည်း ထန်းလုံးများကို ဆည်ပိတ်ရာတွင် သုံးပြန်သည်။ တန်ခူးလသည် ခရစ်ပြက္ခဒိန်အရ မတ်လနှင့်ဧပြီလများအတွင်း ကျရောက်ပါသည်။ ကံ့ကော်ပန်း (Mesua ferrea)သည် တန်ခူးလ၏ အထိမ်းအမှတ်ပန်း ဖြစ်သည်။

ကုဆုန်လ(ကဆုန်လ)

ဒုတိယလဖြစ်သည့် ကဆုန် (ကုဆန်) လသည် ခရစ်ပြက္ခဒိန်တွင် ဧပြီလ-မေလ အတွင်းဖြစ်သည်။ 'ကု' သည် 'ရေ' ဟုအဓိပ္ပာယ်ရပြီး 'ဆုန်' မှာ 'သွန်းလောင်းခြင်း' အဓိပ္ပာယ် ရှိသည့်အတွက်ကြောင့် အလွန်ပူပြင်းသည့်နွေရာသီ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟု ယူဆပါသည်။ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှ ဗောဓိညောင်ပင်၏ မျိုးပွားအပင်များကို မြန်မာတို့ဆောင်ယူလာကြပြီး အထွတ်အမြတ် စိုက်ပျိုးထားကာ ထိုဗောဓိညောင်ပင်တို့ကိုလည်း ရေသွန်းလောင်းလေ့ရှိပြန်သည်။ကဆုန်လ၏ အထိမ်းအမှတ် ပန်းမှာ စကားပန်း (Talauma Spongocarpa) ဖြစ်သည်။

နံယုန်လ (နယုန်လ)

နံယုန် (နယုန်)သည် တတိယလဖြစ်ပြီး မေလနှင့်ဇွန်လအတွင်း ကျရောက်ပါသည်။ မိုးစတင် ရွာပြီဖြစ်သောကြောင့် 'နံ' ဆိုသည်မှာ 'အချိန်ကာလ' ကို ရည်ညွှန်းပြီး 'ယုန်' မှာ 'အရည်ယိုစီးခြင်း' အဓိပ္ပာယ်ဆောင်သဖြင့် 'မိုးကျပြီ' ဟုဆိုလိုခြင်းဖြစ်ပါသည်။ စပါးစိုက်ကြသည့်တောင်သူများ ပျိုးခင်းစတင်ပျိုးထောင်ရန်နှင့် ပျိုးပင်ငယ်တို့ကို ကျေညက်အောင် ထွန်ယက်ထားသည့် လယ်ကွက်အတွင်းသို့ နယုန်လ အလယ်ခန့်တွင် စတင်ပြောင်းရွှေ့ စိုက်ရလေ့ရှိပါသည်။ ယခုလ၏ အထိမ်းအမှတ် ပန်းမှာ စပယ်ပန်း (Jasminum-decussatum) ဖြစ်တယ်။

မယ်တာလ (ဝါဆိုလ)

မ႞ယ်တာ (ဝါဆို) အမည်ရှိသည့်စတုတ္ထလသည် ဂျွန်-ဂျူလိုင်တွင် ကျရောက်သည်။ 'မ႞ယ်' သည် “မြေ” ကို ရည်ညွှန်းပြီး 'တာ' က “ထွန်ယက်စိုက်ပျိုးသည့် မြေကို လိုသလောက် တိုင်းတာသည်”ဟု အဓိပ္ပာယ်ရသောကြောင့် ယခုလသည် ကောက်ပင် စိုက်ပျိုးမည့် မြေကို အကွက်ငယ်များအဖြစ် တိုင်းကာမြေကွက်များအား ကဇင်းတင်သည့်လုဖြစ်ကြောင်း ပေါ်လွင်ပါသည်။ ထိုမြေကွက်အတွင်း ကောက်စိုက်ရသည်။ အခုအခါ ဝါဆိုဟု ပြောင်းလဲခေါ်ရခြင်းမှာ ယခုလကမှ အစပြုပြီး ရဟန်းသံဃာတို့အနေဖြင့် မိမိ သီတင်းသုံးမြဲ ကျောင်းသင်္ခမ်းကို ခွဲခွာ၍ အခြားအရပ်တပါးသို့ မသွားရဟု စတင် ကန့်သတ်သည့်ကာလ ဖြစ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယခုလ၏ အထိမ်းအမှတ် ပန်းမှာ မြတ်လေးပန်း (Pomea coccinea) ဖြစ်သည်။

နံကာလ (ဝါခေါင်လ)

ပဉ္စမမြောက် ဖြစ်သည့်နံကာ (ဝါခေါင်) လမှာ ဇူလိုင်- သြဂုတ်အတွင်းတွင် ကျရောက်ပါသည်။ 'နံ' မှာ 'အချိန်ကာလ အပိုင်းအခြား' ကို ဖော်ပြပြီး 'ကာ' က 'အလုပ်တာဝန်' ကို ရည်ညွှန်းသည်ဟု ထင်မြင်ယူဆကြပါသည်။ ထို့ကြောင့်နံနှင့်ကာကို ပေါင်းလိုက်သောအခါ လယ်သမားများအလုပ်ရှုပ်ကြသည့် အချိန်ဟုဆိုလိုကြောင်းထင်ရှားပေသည်။ ကောက်စိုက်သောအခါ အပင်ငယ်များဖြစ်ထွန်းအောင် အထူး ကြပ်မက်ဂရုစိုက်ရပြီး ရေကို လိုသလောက် သွင်းပေးရသကဲ့သို့ အပင်ငယ်များရေမမွန်းစေရန်အတွက် ရေပိုမရှိအောင် ချိန်ရသည်မှာလည်း မလွယ်ကူပေ။ အခုအခါတွင် ဝါခေါင်လဟု ခေါ်ဝေါ်နေကြခြင်းမှာ ဝါတွင်း သုံးလ၏အလယ် ဖြစ်သောကြောင့် ဖြစ်ပါသည်။ အထိမ်းအမှတ်ပန်းက ခတ္တာပန်း (Crinumamoenum) ဖြစ်သည်။

တဝ်သလင်း (တော်သလင်း)

တဝ်သလင်း (တော်သလင်း) သည် ခြောက်လမြောက် ဖြစ်ပြီး သြဂုတ်နှင့်စက်တင်ဘာလအတွင်း ကျရောက်သည်။ 'သလင်' သည် 'ကြည်လင် သန့်ရှင်းခြင်း' ကို ရည်ညွှန်းပြီး 'တဝ်' မှာ “အမြင့်”အားရည်ညွှန်းသည် ဖြစ်သောကြောင့် 'မိုးကောင်းကင်' ဟုအဓိပ္ပာယ်ရပေသည်။ ထို့ကြောင့် တဝ်သလင်းမှာ 'မိုးကောင်းကင် ကြည်လင်သာယာသည်' ဟူသောအနက်ကို ဆောင်လေသည်။ လေပြင်း မိုးပြင်း တိုက်ခတ် ရွာသွန်းသောကာလ ပြီးဆုံးလေပြီ ဟုလည်းဆိုလိုသည်။ ခရစ် ၁၆ ရာစုနှစ် အတွင်းက ယခုလအား 'သစ်ဆင်း' လို့လည်း ခေါ်ခဲ့ဖူးသည့်အထောက်အထားများ ရှိခဲ့သည်။ ရေကန်၊ မြစ်ကမ်းစပ်များတွင် လေးတိုင်စင်ဆောက်၍ စင်ပေါ်မှ ကခုန် မြူးထူးပြီး ရေထဲကို ခုန်ချသည့်ပျော်ရွှင်ပွဲ၊ လှေပွဲများကို ကျင်းပကြပါသည်။ ကောက်စိုက်ချိန်ကာလအတွင်း အလုပ်ပင်ပန်းခဲ့ကြသည့် တောင်သူများ အလုပ်ပြီးမြောက်ကုန်ဆုံး၍ မြူးထူး ပျော်ပါးသည့်လ ဟုလည်းဆိုနိုင်ပါသည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ယင်းမာပန်း (Chukrosia tabulais) ကိုသတ်မှတ်သည်။

သန်တူလ (သီတင်းကျွတ်လ)

ခုနစ်လမြောက် သန်တူ (သီတင်းကျွတ်)မှာ စက်တင်ဘာလ- အောက်တိုဘာလတွင် ကျရောက်ပါသည်။ 'သန်' သည် 'စပါးပင်' ကို ရည်ညွှန်းကာ 'တူ' သည် 'ထူ' ဖြစ်ပြီး “စပါးပင်များ ထူထူထောင်ထောင် ပေါက်ရောက်လျက် ရှိပြီ ”ဟုဆိုလိုပါသည်။ ထိုကဲ့သို့ အပင်များ အောင်မြင်သည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြန်သည်။ ယခု သီတင်းကျွတ် ဟူသည့်အခေါ်အဝေါ်မှာ “ရဟန်းသံဃာများ ဝါဆိုကြခြင်းမှ ပြီးဆုံးပြီ” ဟူသောအဓိပ္ပာယ်ဖြင့် ပြောင်းလဲခေါ်ဝေါ်လာကြခြင်းဖြစ်သည်။ အထိမ်းအမှတ် ပန်းမှာ ကြာဖြူပန်း (Nymphaea lotus) ဖြစ်သည်။

တန်ဆောင်မှုန်းလ (တန်ဆောင်မုန်းလ)

တန်ဆောင်မှုန်း (တန်ဆောင်မုန်း) ခေါ် ရှစ်လမြောက်လသည် အောက်တိုဘာလ၊ နိုဝင်ဘာလ အတွင်း ကျရောက်သည်။ 'တန်ဆောင်' မှာ 'မီးတိုင်' ဖြစ်ပြီး 'မှုန်း' မှာ 'ပျံနှံ့စေခြင်း' အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင် 'မျက်စိတဆုံး ဆီမီးတိုင်များ ပွားများ ထွန်းလင်းနေသည်' ဟုဆိုလိုသောကြောင့် မီးထွန်းပွဲကို ရည်ညွှန်းပါသည်။ တောင်သူအများ ကောက်လျင် (ခေါ်) ကောက်ငယ်ရိတ်သိမ်းချိန် ကျရောက်သည့်ကာလလည်း ဖြစ်ပေသည်။ တန်ဆောင်မုန်းလအတွက် အထိမ်းအမှတ်ပန်းမှာ ခဝဲပန်း (Dysolobium grande) ဖြစ်သည်။

နတ်တဝ်လ (နတ်တော်လ)

နတ်တဝ် (နတ်တော်) အမည်ရှိသည့် ကိုးလမြောက် မြန်မာလသည် နိုဝင်ဘာ၊ ဒီဇင်ဘာ အတွင်း ကျရောက်သည်။ ရှေးမြန်မာတို့ နတ်ကိုးခြင်းမှာ ဗုဒ္ဓသာသနာအား လက်ခံရရှိခြင်း မရှိခဲ့စဉ်ကတည်းက ဖြစ်သောကြောင့် 'တဝ်' ဝေါဟာရသည် 'မြတ်သည်' ဟုအဓိပ္ပာယ် ရပြီး ယခုလအတွင်း ကောက်ပဲသီးနှံ ရိတ်သိမ်းသည့်အခါ သီးနှံ အများအပြား ရစေရန် နတ်ကိုးလေ့ရှိကြသလို ယခုလအတွင်း တောင်သူများ ကောက်ကြီးစပါး ရိတ်သိမ်းကြသည်။ အထိမ်းအမှတ် ပန်းမျာ သဇင်ပန်း (Bulbaphyllum-auricomum) ဖြစ်တယ်။


ပ႞သိုဝ် (ပြာသို)လ

ပ႞သိုဝ် (ပြာသို) ဆယ်လသည် ဒီဇင်ဘာ၊ ဇန်နဝါရီ အတွင်း ကျရောက်သည်။ 'ပ႞' ကို 'ပ်' ဟုရေးသားကာ 'ပျားကောင်' ကို ရည်ညွှန်းသည်။ 'သိုဝ်' မှာ 'စုဆောင်း သိုလှောင်ခြင်း' ဖြစ်ပါသည်။ ယခုလတွင် ပျားရည်နှင့် ပျားဖယောင်းများကို စုဆောင်းကြသည်ဟု ခန့်မှန်းနိုင်သည်။ ရှေးမြန်မာတို့သည် ပျားရည်ဖြင့်ပြုလုပ်သည့် ယနံ့ (ရနံ့) ကို ကြိုက်နှစ်သက်သဖြင့် ဤကဲ့သို့ စုဆောင်းခြင်းဖြစ်ပါသည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ခွာညိုပန်း (Clematis smilacifolia) ကို သတ်မှတ်သည်။

တပိုဝ်တွဲလ (တပို့တွဲလ)

တပိုဝ်တွဲ (တပို့တွဲ) သည် ဇန်နဝါရီ၊ ဖေဖော်ဝါရီ အတွင်း ကျသည်။ 'တပိုဝ်' သည် 'ထန်းဖူး' ကို ဆိုလိုပြီး 'တွဲ' သည် 'အသီးခိုင် တွဲလောင်းကျသည်' ကိုရည်ညွှန်းသည်ကြောင့် တပို့တွဲလတွင် ထန်းဖူးများအား အောက်ရောက်အောင် ဆွဲချပြီး ထန်းရည်ခံသည့် ကာလဖြစ်သည်မှာ ထင်ရှားသည်။ အထိမ်းအမှတ်ပန်းမှာ ပေါက်ပန်း ( Butea monosperma) ဖြစ်ပေသည်။

တပေါင်လ (တပေါင်းလ)

တပေါင် (တပေါင်း) ခေါ် ဆယ့်နှစ်လမြောက်လသည် ဖေဖော်ဝါရီ၊ မတ် အတွင်း ကျရောက်ပါသည်။ ထန်းပင်နှင့် သက်ဆိုင်သော အမည် ဖြစ်သည်။ ထန်းဖိုပင်များမှ ခံယူရရှိသည့် ထန်းရည်ကို မီးနှင့် ကျိုချက်ပြီး ထန်းလျက် ပြုလုပ်သည့် လဖြစ်သည်။ ဤလ၏ အထိမ်းအမှတ် ပန်းသည် သရဖီပန်း (Calophyllum amnenum) ဖြစ်ပါသည်။


သုံးသပ်ချက်

ရှေးမြန်မာတို့၏ တဆယ့်နှစ်လ နာမည်များကို အဓိပ္ပာယ်ဖော်ထုတ်လေ့လာခြင်းအားဖြင့် ခရစ် ၁၁ ရာစုနှစ် အတွင်းက မြန်မာတို့၏ နှစ်ပတ်လည်မည်သို့ အလုပ်လုပ်ခြင်း၊ မည်သို့စားသောက် နေထိုင်ကြခြင်း စသည်တို့ကို ကောင်းစွာသိမြင်နိုင်ပေသည်။ တနည်းအားဖြင့် ရှေးခေတ်ရှေးအခါက မြန်မာတို့၏ လူမှုစီးပွားရေးဘ၀ကို သိနိုင်ပေသည်။ နှစ်သစ်ကူး သင်္ကြန်ပွဲပြီးနောက် မြန်မာတို့ ထန်းမပင်များမှထန်းသီး ခူးကြကြောင်း၊ ကလေးငယ်များ ထန်းသီး ကြိုက်ကြောင်း၊ အိမ်ရှင်မများ ထန်းသီးမုန့် လုပ်ကြောင်း၊ နေအပူရှိန် တစ်ရက်ထက် တစ်ရက် တိုးလာကြောင်း၊ မည်သည့်အလုပ်ကိုမျှ အပင်ပန်းခံပြီး ကြိုးစား ဆောင်ရွက်နိုင်တောမည် မဟုတ်ကြောင်း၊ ဗောဓိညောင်ပင်များ ခန်းခြောက်ရေငတ်နေပြီ ဖြစ်သည့်အတွက် လူတိုင်းက ညောင်ရေသွန်းပွဲ လုပ်ရန် စိတ်အားထက်သန် နေကြကြောင်း၊ ခန်းခြောက်နေသည့် မြေပြင်တွင် လူတိုင်းက မိုးကို တမ်းတ နေကြကြောင်း၊ မကြာခင် မိုးရွာသွန်းသည့်အတွက် စိုက်ခင်း ပျိုးခင်းတွေ စတင်လုပ်ကိုင်ကြတော့မည့်အကြောင်း၊ လူတိုင်း ပျော်ရွှင်ပြီး အမှုကိစ္စများအား လက်ဖြင့်မပြတ်တမ်း ဆောင်ရွက်ချိန် ရောက်ပြီဖြစ်ကြောင်း၊ သီးသန့် ပြင်ဆင်ထားသည့် ပျိုးခင်းများမှ ကောက်ပင်ငယ်တို့ကို ပျိုးထောင်ကြောင်း၊ လယ်ကွင်းကို လယ်ကွက်ငယ်များအဖြစ် ပိုင်းခြားပြီး အနားသတ် ကန်သင်း ဖို့ကာ ရေနည်းနည်းစီသွင်းကြောင်း၊ ထို့နောက် ကောက်စိုက်ရန့် ပြင်ဆင်ကြောင်း၊ ကောက်စိုက်ပြီးလျှင် အပင်ငယ်များရှင်သန်စေရန် အထူး ဂရုစိုက်ကြရကြောင်း၊ သုံးလေးလမျှကြိုးစားဆောင်ရွက်ပြီးနောက် ခေတ္တခဏ အနားယူဖို့ ခွင့်ရကြောင်း၊ ကောက်ပင်ငယ်များ ရှင်သန်ကြီးထွားလာသည်ကို ကြည့်ပြီး အလွန်ပင်ဝမ်းမြောက်ကြကြောင်း၊ ပွဲလမ်းသဘင် လုပ်ဖို့ သတိရကြကြောင်း၊လှေပွဲများကျင်းပကြသည့်အကြောင်း၊ ကိုးကွယ် ယုံကြည်မှုနှင့် တွဲစပ်ပြီး မီးထွန်းပွဲ လုပ်ကြကြောင်း၊ ထိုနောက် နှစ်လတိုင်တိုင် အလုပ် ပြန်လုပ်ကြကြောင်း၊ ကောက်ပဲသီးနှံများကိုရိတ်သိမ်းပြီး ကျီများအတွင်း သိမ်းဆည်းသိုလှောင်ပြီးသည်အထိ အချိန်ပြည့် ကြိုးစား ဆောင်ရွက်ရကြောင်း၊ တဖက်မှာလည်း ကောက်ပဲသီးနှံ ပိုလျှံစေရန် နတ်သိကြားတို့ကို မှိုင်းမပူဇော်ပသရကြောင်း၊ ဝမ်းစာစပါးတို့ကို စပါးကျီတွင်း အပြည့်သိမ်းဆည်းပြီးနောက် ငါးလတာအနားရပြန်သည့်အကြောင်း၊ မည်သည့်အလုပ်မျှ အပင်ပန်းခံ မလုပ်တော့သည့်အပြင် အသင့်အတင့် ရီဝေယစ်မူးစေသည့် ထန်းရည်ကို သောက်ပြီး အေးအေးဆေးဆေး နေခွင့်ရကြောင်း၊ သားမြေးနှင့်အနီးအနာရှိ ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များအား ရှင်ပြုပေးပြီး ဘုန်းတော်ကြီးကျောင်းသို့ စာသင်ရန်ပို့ထားသည့်အကြောင်း၊ စုဆောင်းထားသောစပါး တချို့ကို သုံးပြီး အခုဘဝ၊ နောက်ဘဝ အကျိုးကျေးဇူး ရှိရာ ရှိကြောင်း ကောင်းမှုကုသိုလ်များကိုပြုလုပ်ကြကြောင်း၊ မင်းနှင့်တကွ ပြည်သူအများကလည်း မိဘ ဘိုးဘွား ဆွေမျိုး မိတ်သင်္ဂဟတို့ကို ကောင်းမှု၏အကျိုးတူ ရစေရန်အတွင် အမျှဝေပြီး သာဓု အနုမောဒနာ ခေါ်ကြကြောင်း စသည်ဖြင့် သိရှိနိုင်ပါသည်။ (ဒေါက်တာ သန်းထွန်း) 

ကိုးကား

  1.  ၂၀၀၄ ခု၊ ဇူလိုင်လမှာ မုံရွေး စာအုပ်တိုက် အမှတ်စဉ် (၁၃၄) အဖြစ် ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိလိုက်တဲ့ ဒေါက်တာ သန်းထွန်းရဲ့ 'မြန်မာ့ သမိုင်းပုံ' Myanmar History Told in Picture စာအုပ်မှ
Comments