ဂဠုန်ဦးစော

ဂဠုန်ဦးစော

မွေးသက္ကရာဇ်
အမည်ရင်း ဦးစော
မိဘအမည် ဦးဖိုးကြူး + ဒေါ်ပန်း
နိုင်ငံသား မြန်မာ
လူမျိုး {{{လူမျိုး}}}
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
မွေးဖွားရာဒေသ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့
ပညာအရည်အချင်း ရှေ့နေ စာမေးပွဲ အောင်မြင်
အလုပ်အကိုင် နန်းရင်းဝန်
ကြင်ဖော် {{{ကြင်ဖော်}}}
သားသမီး {{{သားသမီး}}}
ထင်ပေါ်ကျော်ကြားမှု အာဇာနည် ခေါင်းဆောင်များကို လုပ်ကြံ သတ်ဖြတ်ခဲ့သော အဖွဲ့၏ ခေါင်းဆောင်
ကွယ်လွန်ရက် ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့
ကွန်ယက်


ဂဠုန်ဦးစောသည် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ကြိုးစားခဲ့သောဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်များကို လုပ်ကြံ သတ်ဖြတ်ခဲ့သော အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ အာဏာရရန် ဆရာရင်း ဘကြီးဘဖေကိုပင် ထောင်သွင်း အကျဉ်းချခဲ့သည်။ ကိုယ်ကျိုးစွန့် နိုင်ငံရေးသမား သခင်လူငယ်များကို ဝါရင်းတုတ်ဖြင့် ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့သည်။ ကိုယ်ကျိုးအတွက် နိုင်ငံရေးစတန့် အမျိုးမျိုး ထွင်ခဲ့သည်။ လွှတ်တော်အတွင်း ဗြိတိသျှ ကုန်သည်ကြီးများ အကြိုက် စခန်းသွားခဲ့သည်။ နောက်ဆုံး တိုင်းပြည်အကျိုးထက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ကာ အငြိုအတေး အာဃာတ ကြီးမားစွာဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ့လွတ်လပ်ရေး ပိသုကာ အပေါင်းကို လုပ်ကြံခဲ့သည့် နိုင်ငံတော် လုပ်ကြံမှုကြီး၏ တရားခံအဖြစ် ဇာတ်သိမ်းခဲ့ရသည့် နန်းရင်ဝန်ဟောင်း ဂဠုန်ဦးစော

ဂဠုန်ဦးစော (၁၉၀၀-၁၉၄၈)

ဂဠုန်ဦးစောကို ၁၉၀၀ ပြည့်နှစ်၊ မေလ ၁၆ ရက်တွင် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၌ အဖ မြေပိုင်ရှင် ဦးဖိုးကြူး၊ အမိ ဒေါ်ပန်း တို့က မွေးဖွားသည်။ ညီအကို နှစ်ယောက်တွင် အကြီး ဖြစ်၍ အမည်ရင်း မောင်စော ဖြစ်သည်။


ကြို့ပင်ကောက်မြို့ ရိုမန်ကက်သလစ် သာသနပြုကျောင်းမှာ ၅ တန်း အထိ ပညာသင်ယူခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နောက်ဆုံး ကျင်းပခဲ့သော တတိယတန်း ရှေ့နေ (ခေါ်) အောက်တန်း ရှေ့နေ စာမေးပွဲ အောင်မြင်ခဲ့ပြီး၊ ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။


သာယာဝတီမြို့မ ဝံသာနုကောင်စီတွင် အတွင်းရေးမှူး အဖြစ် တာဝန်ယူကာ ဝံသာနု နိုင်ငံရေး လှုပ်ရှားမှုမှ တဆင့် ကိုလိုနီခေတ် နိုင်ငံရေး လောကသို့ ဝင်ရောက်လာခဲ့သည်။ ၁၉၂၁ ခုနှစ် ဂျီစီဘီအေ အကွဲတွင် ဖခင် ဦးဖိုးကြူးနှင့် အတူ ၂၁ ဦး အဖွဲ့ဘက်မှ ပါဝင် ရပ်တည်ခဲ့သည်။


၁၉၂၅ ခုနှစ်၊ ပထမအကြိမ် ဒိုင်အာခီ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပြီး၊ ၁၉၂၇ ခုနှစ် ဒိုင်အာခီ ရွေးကောင်ပွဲတွင်မှ သယာဝတီတောင်ပိုင်း မဲဆန္ဒနယ်မှ အမတ်အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရသည်။ ထို့မှစပြီး ၁၉၂၉ ခုနှစ် သယာဝတီတောင်ပိုင်း မဲဆန္ဒနယ်မှ လည်းကောင်း၊ ၁၉၃၆ ခုနှစ်တွင် ဟင်္သာတမြောက်ပိုင်း မဲဆန္ဒနယ်မှ လည်းကောင်း အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။


၁၉၃၁ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် တောင်သူလယ်သမား အရေးတော်ပုံ ဂဠုန် ခေါင်းဆောင် ဆရာစံသည် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ အဖမ်းခံခဲ့ရပြီး၊ အင်္ဂလိပ် ကိုလိုနီ အစိုးရက ဆရာစံကို သယာဝတီမြို့တွင် အထူးခုံရုံးဖွင့် စစ်ဆေးခဲ့ရာတွင် ဦးစောသည် ဆရာစံဘက်မှ ရှေ့နေ တဦးအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်။ တောင်သူ လယ်သမား ပုန်ကန်မှုနှင့် ပတ်သက်၍ အင်္ဂလိပ် အစိုးရသည် ပုန်ကန်သူများအား ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ကြောင်း အစိုးရထံ အိတ်ဖွင့်ပေးစာ တစောင် ရေးသားခဲ့သည်။ ဥပဒေပြု လွှတ်တော် အစည်းအဝေးတွင်လည်း ဆရာစံ ပုန်ကန်မှုနှင့် ပတ်သက်၍ အင်္ဂလိပ် အစိုးရ၏ အရေးယူ ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြားခဲ့ရာ ထိုစဉ်က ပြည်ထဲရေး အတွင်းဝန် မစ္စတာ ဘုသ်ဂရေ့ဗလီ (Mr. Booth Gravely) က ဦးစောအား "မောင်စော ဂဠုန် ဖြစ်လာပြီ" ဟု ပြောရာမှ 'ဂဠုန်ဦးစော' ဟု အမည်တွင်လာခဲ့သည်။


၁၉၃၄ ခုနှစ်တွင် ရန်ကုန် မြူနီစပယ် လူကြီးအဖြစ် ဝင်ရောက် ဆောင်ရွက်ခဲ့သည်။


၁၉၃၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် သူရိယ သတင်းစာတိုက် ကိုယ်စားလှယ် အဖြစ် ဂျပန်နိုင်ငံသို့ သွားခဲ့ပြီး၊ အပြန်ခရီးတွင် ကိုရီးယား၊ တရုတ်၊ ထိုင်း၊ မလေးရှား နိုင်ငံများသို့ ဝင်၍ လေ့လာခဲ့သေးသည်။


ဂျပန်မှ ပြန်ရောက်လာတဲ့ အခါ 'ဂျပန် လမ်းညွှန်' (A Guide to Japan) စာအုပ်ရေးပြီး သူရိယမှ ထုတ်ဝေခဲ့သည်။ သူရိယ သတင်းစာ ရှယ်ယာများကို ထပ်မံ ဝယ်ယူခဲ့ပြီး ၁၉၃၆ ခုနှစ်တွင် သူရိယ သတင်းစာ ဒါရိုက်တာ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။


၁၉၃၆ ခုနှစ်တွင် ဝါးရင်းဒုတ်ကိုင် ဂဠုန်တပ်ကို ဖွဲ့စည်းပြီး၊ ဂဠုန် စစ်သူကြီးဘွဲ့ခံ၍ ဂဠုန်တပ် ဗိုလ်ချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။


၁၉၃၈ ခုနှစ်၊ မတ်လတွင် မျိုးချစ်ပါတီကို ဖွဲ့စည်းခဲ့သည်။ မျိုးချစ်ပါတီ ဌာနချုပ်ကို သူရိယ သတင်းစာတိုက် မျက်နှာချင်းဆိုင်နေရာနှင့် ဦးစော၏ အေဒီလမ်း နေအိမ်တွင် ထားရှိခဲ့သည်။ မျိုးချစ်ပါတီတွင် ဝတ်လုံတော်ရ ဦးအေး၊ ဖျာပုံသူဌေး ဦးအုန်းခင်၊ ဟင်္သာတ ဦးမြ၊ ပဲခူး ဦးစိန်ဝင်းတို့ ခေါင်းဆောင်များ အဖြစ် ပါဝင်ခဲ့သည်။


၁၉၃၈ ခုနှစ်တွင် သူရိယ သတင်းစာ အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ သူရိယ သတင်းစာ၏ မူဝါဒကို ကြိုင်းကိုင် ပြောင်းလဲခဲ့သည်။


တထောင့်သုံးရာပြည့် အရေးတော်ပုံကြောင့် ဒေါက်တာဘမော် ဦးဆောင်သော ညွန့်ပေါင်း အစိုးရ ပြုတ်ကျခဲ့ပြီးနောက်၊ ၁၉၃၉ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ရွှေကျင် ဦးပု ခေါင်းဆောင်သည့် ညွန့်ပေါင်း အစိုးရ အဖွဲ့တွင် ဂဠုန်ဦးစောသည် လယ်ယာနှင့် သစ်တောရေး ဝန်ကြီး ဖြစ်လာခဲ့သည်။


၁၉၄၀ ပြည့်နှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် နန်းရင်းဝန် ဦးပု အစိုးရမှ နှုတ်ထွက်ပြီး၊ ဦးပု အစိုးရကို အယုံအကြည် မရှိ အဆို တင်သွင်းဖြုတ်ချပြီး၊ ဂဠုန်ဦးစော ကိုယ်တိုင် နန်းရင်းဝန် အဖြစ် ဦးဆောင်ပြီး အစိုးရ အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။


ဂဠုန်ဦးစော နန်းရင်းဝန် ဖြစ်လာသောအခါ နယ်ချဲ့ ဗြိတိသျှ အစိုးရနှင့် အင်္ဂလိပ် ကုန်သည်ကြီးတို့ အလိုကျ ငြိမ်ဝပ်ပိပြားရေးကို ဦးစားပေးကာ လွတ်လပ်ရေး လှုပ်ရှားမှုများကို ခပ်ကြမ်းကြမ်း ဖိနှိပ်ပြီး ကိုင်တွယ်ခဲ့သည်။ ဂဠုတပ်ကို ဒို့ဗမာ အစည်းအရုံးဝင် သခင်များအား ဝါးရင်းဒုတ်များဖြင့် ရိုက်ရန် စေခိုင်းခဲ့သလို၊ လုပ်ဖော်ကိုင်ဖက် ဒေါက်တာဘမော်၊ ဦးဘဦး၊ ဦးဘဝင်းနှင့် ဦးဘဘေ တို့ကို ဖမ်းဆီး ထောင်ချခဲ့သည်။


ထို့အပြင် တို့ဗမာ အစည်းအရုံး သိက္ခာကျစေရန် 'လယ်သမား ဖိုးရွှေလုံး ညည်းချင်းနှင့် သခင်ဋီကာ' စာအုပ်ကို အစိုးရငွေဖြင့် စောင်ရေ အမြောက်အမြား ပုံနှိပ် ဖြန့်ချိခဲ့သည်။


၁၉၄၁ ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပရမှာ ဖြစ်သော်လည်း ဒုတိယကမ္ဘာစစ်ကို အကြောင်းပြုလျက် ရွေးကောက်ပွဲ မကျင်းပတော့ဘဲ၊ မြန်မာပြည် ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဂဠုန်ဦးစောကို ဆက်လက် အာဏာ အပ်နှင်းခဲ့သည်။


၁၉၄၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ဗြိတိန် ဝန်ကြီးချုပ် ချာချီနှင့် တွေ့ပြီး ဒိုမေနီယန် တောင်းဆိုရန် ဂဠုန်ဦးစောသည် အိုင်စီအက်စ် ဝန်ထမ်း ဦးတင်ထွဋ်ကို အကြံပေး အဖြစ် ခန့်ကာ အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ ဗြိတိသျှ နန်းရင်းဝန် ချာချီနှင့် တွေ့ခွင့်ရခဲ့သော်လည်း အောင်မြင်မှု မရခဲ့ဘဲ၊ အပြန်တွင် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ ဂျပန် ကောင်စစ်ဝန်နှင့် ဝင်ရောက် တွေ့ဆုံရာက အင်္ဂလိပ်တို့ သိသွားပြီး၊ ပါလက်စတိုင်း၊ ဟိုင်ဖာမြို့ (ယခု အစ္စရေး) အရောက်တွင် အင်္ဂလိပ်တို့က ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ထို့နောက် ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နန်းရင်းဝန် ဦးစောအား မြန်မာပြည် ပြန်ခွင့်မပြုဘဲ ဆက်လက် ထိန်းသိမ်းကြောင်း အင်္ဂလိပ် အစိုးရက ကြေညာခဲ့ပြီး၊ ဒုတိယကမ္ဘာစစ် အတွင်းတွင် အာဖရိကတိုက်ရှိ ယူဂန္ဓာနိုင်ငံသို့ ပို့ဆောင် အကျဉ်းချထားခြင်း ခံခဲ့ရသည်။


ဒုတိယကမ္ဘာစစ် အပြီးတွင် စစ်ပြေးဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလကို ရင်ဆိုင်ရန် ယူဂန္ဓာမှ ဂဠုန်ဦးစောကို ပြန်လည် ခေါ်ယူခဲ့သဖြင့်၊ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။ ဂဠုန်ဦးစောသည် ထိုနှစ် မေလတွင် မျိုးချစ်ပါတီကို ပြန်လည် ဖွဲ့စည်းခဲ့သည်။


၁၉၄၆ ခု၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ မြေနီကုန်း စိန့်ဗင်းဆင့် ဘုရားကျောင်းရှေ့၌ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရပြီး၊ မျက်စိ ဒဏ်ရာ ရခဲ့သည်။


စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ပညာရေး ဝန်ကြီး အဖြစ် ခန့်အပ်ခံရသည်။


၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဗြိတိသျှ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ဆွေးနွေးရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ အင်္ဂလန်သို့ သွားရောက်ရာတွင် အဖွဲ့ဝင် တဦး အဖြစ် လိုက်ပါသွားခဲ့သည်။ သို့သော် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ချုပ်ဆိုသော အောင်ဆန်း-အက်တလီ စာချုပ်ကို အသိအမှတ်ပြုရန် သခင်ဗစိန် နှင့်အတူ ငြင်းဆန်ခဲ့သူ ဖြစ်သည်။


မြန်မာပြည်သို့ ပြန်ရောက်လာပြီးနောက်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဝန်ကြီး အဖြစ်မှ နုတ်ထွက်ခဲ့သည်။


အစိုးရ အဖွဲ့မှ နုတ်ထွက်ပြီးနောက် သခင်ဗစိန်၊ ဒေါက်တာဗမော်တို့နှင့် မဟာမိတ်ပြုပြီး 'မဟာဗမာ' အဖွဲ့ကို ဖွဲ့စည်းကို ဖဆပလ အစိုးရကို အတိုက်အခံ ပြုခဲ့သည်။ ထိုအဖွဲ့ကို ထိုခေတ် သတင်းစာများက 'စောစိန်မော်' ဂိုဏ်းဟု ခေါ်ဝေါ် ရေးသားခဲ့ကြသည်။


၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်က ဖြစ်ပွားခဲ့သော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ့ အမှုဆောင် ကောင်စီ လုပ်ဖော်ကိုင်ဖက်များအား သတ်ဖြတ်မှုဖြင့် ထိုနေ့တွင်ပင် အဖမ်းခံရလျက်၊ စွဲဆိုထားသည့် အတိုင်း ပြစ်မှု ထင်ရှားသဖြင့် အပြစ်ပေးခံရပြီး၊ ၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် အင်းစိန်ထောင်၌ အပေါင်းအပါ အချို့နှင့် အတူ ကြိုးပေးခံခဲ့ရသည်။


ဒုတိယကမ္ဘာစစ် အပြီး ဗြိတိန်၏ ဝန်ကြီးချုပ် အသစ် အဖြစ် ရွေးကောက် တင်မြှောက်ခံရသော လေဘာ ပါတီ ခေါင်းဆောင် 'ကလီးမင့် အက်တလီ' (Clement Atlee၊ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုပြီး မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည်ဟု အာမခံခဲ့သူ) က ၁၉၄၇ ခု၊ ဇန်နဝါရီလ အတွင်း ကျင်းပခဲ့သည့် လန်ဒန် ဆွေးနွေးပွဲတွင် အဖွဲ့ဝင် တဦး အဖြစ် ပါဝင် ဆွေးနွေးခဲ့သူ ဂဠုန်ဦးစော အပေါ် ယခုကဲ့သို့ မှတ်ချက်ပြုခဲ့သည်။


"လူနည်းစု ပါတီရဲ့ ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးစောက လွဲလို့ သူတို့ အားလုံးဟာ နှစ်လိုဖွယ်ရာ ကောင်းလှပါတယ်။ စစ်ကြီး မပြီးခင်က ကျနော် ဦးစောကို တွေ့ခဲ့ဖူးပါတယ်။ သူဟာ 'ပြုံးပြုံးကလေးနှင့် မိုက်တဲ့သူ' ဆိုတဲ့ လူစားမျိုးလို့ ကျနော် သူ့ကို အကဲခတ်ပြီး အသိအမှတ် ပြုခဲ့ပါတယ်"။

ဘ၀နိဂုံး

၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့တွင် နိုင်ငံတော်လုပ်ကြံမှုဖြင့် အင်းစိန်ထောင်ကြီးနှင့် (၁၂) မိုင်ခန့် ဝေးကွာသည့် ရန်ကုန်အကျဉ်းထောင် ကြိုးစင်၌ ကြိုးပေးခံရသည်။ ဂဠုန်ဦးစောနှင့် အတူ မောင်စိုး၊ သက်နှင်းနှင့် မှုန်ကြီးတို့ကိုလည်း ကြိုးပေးခဲ့သည်။

ရန်ကုန်အကျဉ်းထောင်ကြိုးစင်၌ ကြိုးပေးခံရပုံ

ကိုးကား

  1. သန်းဝင်းလှိုင်၏ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့များ စာအုပ်(၂၀၀၉-ခုနှစ်)
  • မြန်မာလူကျော် ၁၀၀ (ပထမအုပ်)၊ မောင်ဇေယျာ၊ UNITY စာပေ၊ ပထမအကြိမ်၊ ၂၀၁၀၊ မတ်လ။
  • ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ၊ အောင်ခင်၊ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုသူ၊ ဒေါက်တာတင့်ဝေနှင့် ဒေါက်တာအေးကျော်၊ စာတည်းဖြတ်သူ၊ မြဝတီရဲခေါင်၊ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာ၊ တတိယအကြိမ်၊ ထုတ်ဝေသူ၊ ဒေါ်ခင်မျိုးအေး၊ ခေတ်ပြိုင် ဂျာနယ်တိုက်။
Comments