ဂျီစီဘီအေ

ဂျီစီဘီအေ ဆိုသည်မှာ မြန်မာ နိုင်ငံလုံး ဆိုင်ရာ မြန်မာ အသင်းချုပ်ကြီးကို ခေါ်ခြင်း ဖြစ်သည်။ ယင်း အသင်းချုပ်ကြီးကို အင်္ဂလိပ်လိုGeneral Council of Burmese Associationsဟု ခေါ်သောကြောင့် အင်္ဂလိပ် စကားလုံး လေးလုံးမှ ထိပ်ဆုံး အက္ခရာ များကို ယူ၍ ဂျီစီဘီအေဟု အတိုကောက် ခေါ်နေကြခြင်း ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ပြည်မြို့၌ ကျင်းပသော ဝိုင်အမ်ဘီအေ ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း နှစ်ပတ်လည် ညီလာခံ၌ ဝိုင်အမ်ဘီအေကို ဂျီစီဘီအေ(အမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု)ဟု ပြောင်းလဲ လိုက်သဖြင့် ဂျီစီဘီအေ အသင်းကြီး ပေါ်လာ ခဲ့သည်။ ဂျီစီဘီအေ၏ ပထမဆုံး ဥက္ကဋ္ဌမှာ ဦးချစ်လှိုင် ဖြစ်သည်။ ပထမတွင် ဂျီစီဘီအေ ဥက္ကဋ္ဌကို သမ္မတဟု အသုံး များသည်။ နောက်မှ ဥက္ကဋ္ဌဟု ခေါ်ကြသည်။ ဂျီစီဘီအေကို ခေါင်းဆောင် သူများမှာ ခေတ်ပညာတတ် လူငယ်များ ဖြစ်ကြသည်။ ဂျီစီဘီအေကို ဝံသာနု အဖွဲ့ချုပ်ကြီး ဟုလည်း ခေါ်သေးသည်။ ထို့ကြောင့် ဂျီစီဘီအေနှင့် ဆက်သွယ်သော အသင်းသား များကို ဝံသာနု များဟု ခေါ်ကြသည်။ ဂျီစီဘီအေသည် မြန်မာ တနိုင်ငံ လုံးမှ အမည် အမျိုးမျိုးရှိ အသင်းအဖွဲ့ များနှင့် ဆက်သွယ်၍ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး အတွက် ဆက်လက် ဦးဆောင် ခဲ့သည်။

ဝိုင်အမ်ဘီအေမှ ဂျီစီဘီအေဟု ပြောင်းလဲ ဖွဲ့စည်း လိုက်ပြီးသော အခါ ဂျီစီဘီအေ၏ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ငန်း များမှာ ပို၍ တက့်က လာပြီး ပြင်းထန် လာသည်။ လုပ်သား ပြည်သူ တို့၏ ပါဝင် အားပေးမှု စည်းလုံးမှုလည်း ပို၍ ကြီးထွား လာခဲ့သည်။ ထို့ကြောင့် ဂျီစီဘီအေသည် အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကြီး သဖွယ် ဖြစ်လာသည်။ ဂျီစီဘီအေ၏ သြဇာ အာဏာ သည်လည်း မြန်မာ တနိုင်ငံလုံး အနှံ့ ပျံ့ခဲ့သည်။ ဂျီစီဘီအေ၏ ရည်ရွယ်ချက် များမှာ ကိုယ်ပိုင် အုပ်ချုပ်ရေး ခေါ် တာဝန်ခံ အုပ်ချုပ်ရေး ရရှိရေး၊ အစိုးရ ရာထူးကြီး များတွင် မြန်မာ တိုင်းရင်းသားများ ခန့်ထားရေးနှင့် စီးပွားရေး လုပ်ငန်း များကို မြန်မာ တိုင်းရင်းသားများ လုပ်ခွင့် ရရေးတို့ ဖြစ်သည်။ ဂျီစီဘီအေ၏ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး နည်းဗျူဟာမှာ အကြမ်း မဖက် အနုနည်းဖြင့် အာဏာ ဖီဆန်ရေး နည်းဗျူဟာပင် ဖြစ်သည်။ ဂျီစီဘီအေသည် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်ကို အားပေးပြီး အမျိုးသား ကျောင်းများ ပေါ်ထွန်း လာရေး အတွက်လည်း ကူညီသည့် နည်းဖြင့် ဗြိတိသျှ နည်ချဲ့ကို ဆန့်ကျင် ခဲ့သည်။ မြန်မာ နိုင်ငံကို ဒိုင်အာခီ အုပ်ချုပ်ရေး တိုးပေးရေး အတွက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ၁၉၂၁ ခုနှစ် နိုဝင်ဘာ အတွင်းက လာသော ဝှိုက်ကော်မတီ ကိုလည်း ဂျီစီဘီအေက သပိတ် မှောက်ခဲ့သည်။ ၁၉၂၂ ခုနှစ် ဇန်နဝါရီလ အတွင်းက မြန်မာ နိုင်ငံသို့ ဝေလ မင်းသား လာသော အခါ တွင်လည်း ဗြိတိသျှ နယ်ချဲ့ကို ဆန့်ကျင် ပြသည့် အနေဖြင့် ဝေလ မင်းသားကို ကြိုဆို ဧည့်ခံခြင်း မလုပ်ဘဲ သပိတ် မှောက်ခဲ့သည်။ အင်္ဂလိပ်က ပေးသာ ဒိုင်အာခီ အုပ်ချုပ်ရေး ကိုလည်း ဂျီစီဘီအေ အများစုက လက်မခံဘဲ သပိတ် မှောက်ခဲ့သည်။ မြန်မာ နိုင်ငံအား အိန္ဒိယမှ ခွဲထုတ်ပြီး ၉၁ ဌာန အုပ်ချုပ်ရေး ပေးရန် အတွက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ၁၉၂၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက လာသော ဆိုင်မွန် ကော်မရှင် ကိုလည်း ဂျီစီဘီအေက သပိတ် မှောက်ခဲ့သည်။ ဂျီစီဘီအေ ကြီးမှူး၍ လူခွန်နှင့် မြေခွန် မပေးရေး တိုက်ပွဲ ကိုလည်း ဆင်နွှဲ ခဲ့သည်။ ဗြိတိသျှ အာဏာပိုင် များနှင့် မဆက်ဆံရေး လမ်းစဉ် ကိုလည်း ကျင့်သုံး ခဲ့သည်။ (ဘူး အသင်းများပေါ်ပေါက်လာစေခြင်း)

မြန်မာ တိုင်းရင်းသား တို့ကို ဖိနှိပ် ချုပ်ချယ် ထားသော ဥပဒေများ ဖျက်သိမ်းရေး ကိုလည်း အခါအခွင့် သင့်တိုင်း အစိုးရသို့ တင်ပြ တောင်းဆို ခဲ့သည်။ ပြည်သူ တို့၏ အကျိုးကို ဆန့်ကျင်သည့် ဗြိတိသျှ နယ်ချဲ့ အစိုးရ၏ လုပ်ငန်း မှန်သမျှကို ဝေဖန် ပြစ်တင်ခြင်းနှင့် သပိတ်မှောက်ခြင်း တို့ဖြင့် နယ်ချဲ့ကို ဆန့်ကျင် ခဲ့သည်။ ဂျီစီဘီအေ၏ ဦးဆောင်မှု ဖြင့်ပင် မြို့နယ်နှင့် ကျေးရွာ ဝံသာနု ခုံသမာဓိ အဖွဲ့များ ဖွဲ့၍ တရားမ မှုများ၊ ပုလိပ် အရေး မပိုင်သော အမှုအခင်းများ၊ အမွေမှုများ၊ အကြွေးမှုများ၊ ငြင်းခုံ ဆဲဆိုမှု များကို ဆုံးဖြတ် ဖြေရှင်း ပေးခဲ့သည်။ ဝံသာနု ခုံသမာဓိ ရုံးများသည် အင်္ဂလိပ် အစိုးရနှင့် စင်ပြိုင် အစိုးရကဲ့သို့ပင် ဖြစ်လာသည်။ ကျေးရွာ ဝံသာနု အသင်းများ ကလည်း ကျေးရွာ သူကြီးများ၏ အာဏာကို ဖီဆန် ခဲ့ကြသည်။ 

ထို့ကြောင့်လည်း ၁၉၂၄ - ၂၅ အတွင်း ရောက်သော အခါ လုံခြုံရေး အတွက်ဟု အကြောင်း ပြကာ အင်္ဂလိပ် အစိုးရက ဂျီစီဘီအေ အသင်းချုပ် ခေါင်းဆောင်များကို ဖမ်းဆီး ခဲ့သည့် အပြင် ဝံသာနု အသင်း များစွာကို မတရား အသင်းဟု ကြေညာ ခဲ့သည်။ စီးပွားရေးဖက်တွင် ဂျီစီဘီအေအဖွဲ့ချုပ်ကြီး အနေဖြင့် ဗြိတိသျှ ကုမ္ပဏီ များက ရေနံ တူးဖော်ခြင်း၊ သတ္တု တူးဖော်ခြင်း အပါအဝင် မြန်မာ နိုင်ငံမှ သံယဇာတ ပစ္စည်း များကို မိမိတို့ စိတ်ကြိုက် ထုတ်ယူ သုံးစွဲ နေခြင်းကို ကန့်ကွက် ခဲ့သည်။ ဂျီစီဘီအေမှ ကြီးမှူး၍ ရေနံစက်၊ အထည်စက်နှင့် အမျိုးသား ဝံသာနု ဘဏ် တည်ထောင်ရန်လည်း ကြိုးစား ခဲ့သည်။ ဗြိတိသျှ နယ်ချဲ့ အရင်းရှင် များ၏ အမြတ် ထုတ်မှုကို ဆန့်ကျင် ပြသည့် အနေဖြင့် နိုင်ငံခြား ကုန်ပစ္စည်း များကို အသုံး မပြုဘဲ ပြည်တွင်းဖြစ် အားပေးရေးကို နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှု တခု အနေဖြင့် ဆောင်ရွက် ခဲ့သည်။

အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကြီး သဖွယ် ဖြစ်ခဲ့သော ဂျီစီဘီအေသည် အင်္ဂလိပ် ကပေးသော ဒိုင်အာခီ အုပ်ချုပ်ရေး ကို လက်ခံ သင့် မသင့် သဘောထား ကွဲရာမှ ၁၉၂၂ ခုနှစ်တွင် ပထမဆုံး အကြိမ် နှစ်ဖွဲ့ ကွဲသွား ရသည်။ ဦးချစ်လှိုင် ဂျီစီဘီအေ ခေါ် သပိတ်မှောက် ဂျီစီဘီအေနှင့် ဦးဘဘေ ဦးစီးသော ၂၁ ဦး ဂျီစီဘီအေဟု ပထမဆုံး နှစ်ဖွဲ့ ကွဲသွားသည်။ ထို့နောက် ၁၉၂၅ ရောက်သော အခါ ဦးချစ်လှိုင် ဂျီစီဘီအေမှ ဦးစိုးသိမ်း ဂျီစီဘီအေ ထပ်၍ ကွဲသွား ပြန်သည်။ ၁၉၂၉ ရောက်သော အခါ ဦးစိုးသိမ်း ဂျီစီဘီအေ မှပင် ဦးစု ဂျီစီဘီအေဟု ကွဲထွက် ပြန်သောကြောင့် အစုစု ဂျီစီဘီအေ လေးစု ကွဲသွားသည်။ နောက်ဆုံး ဂျီစီဘီအေ အသင်း ကွဲပေါင်း ခြောက်သင်း အထိ အစိတ်စိတ် အမွှာအမွှာ ကွဲသွားသည်။ ထိုသို့ ဂျီစီဘီအေကြီး အစိတ်စိတ် အမွှာအမွှာ ကွဲရသည့် အကြောင်းရင်း များမှာ ဒိုင်အာခီ ကို လက်ခံရေး မခံရေး တည်းဟူသော နိုင်ငံရေး အယူအဆ ကွဲရာမှ စ၍ ခေါင်းဆောင် အချင်းချင်း အဆင် မပြေမှုနှင့် အသင်း၏ ရန်ပုံ ငွေများ သုံးစွဲသည့် ကိစ္စနှင့် ပတ်သက်၍ မကျေနပ်မှုများ ရော့ပမ်း နေကြောင်း တွေ့ရသည်။ စည်းလုံးမှု ပြိုကွဲ သွားသည်နှင့် အမျှ ဂျီစီဘီအေသည် ၁၉၃၀ လောက်မှ စ၍ နိုင်ငံ့ အကျိုး အတွက် ထိထိရောက်ရောက် မဆောင်ရွက် နိုင်တော့ပေ။ ၁၉၃၆ ရောက်သော အခါ ဂျီစီဘီအေ၏ အမည် လုံးဝ ပျောက်ကွယ် သွားခဲ့ ရသည်။ ဂျီစီဘီအေသည် ၎င်း၏ အမြင့်ဆုံး ရည်မှန်းချက် ဖြစ်သော ကိုယ်ပိုင် အုပ်ချုပ်ရေးကို အရယူ မပေး နိုင်ဘဲ ပျောက်ကွယ် ခဲ့ရ သော်လည်း အမျိုးသား စိတ်ဓာတ် နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်နှင့် လွတ်လပ်ရေး တိုက်ပွဲဝင် စိတ်ဓာတ်များ တိုးပွား လာစေရန် အများဆုံး လှုံ့ဆော် ပေးခဲ့သည့် အဖွဲ့ကြီး တခု အဖြစ် မြန်မာ့ သမိုင်းတွင် အရေး ပါနေ ပေသည်။

Comments