ကျောက်တော်ကြီးဘုရား(မန္တလေး)

ကျောက်တော်ကြီးဘုရားသည် မန္တလေးမြို့ မြောက်ဘက်၊ မန္တလေးတောင်ခြေအနီးတွင် တည်ရှိသည်။

မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား(၁၉၁၀ နောက်ပိုင်း)

ကျောက်တော်ကြီးဘုရားသည် မန္တလေးရတနာပုံ ရွှေမြို့တော်ကြီးကို တည်ထောင်တော်မူသော ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း ၏ ကုသိုလ်ဖြစ်သည်။ မြို့တော်တည်ထောင်ပြီး ငါးနှစ်ခန့်အကြာ မြန်မာသက္ကရာဇ် ၁၂၂၆-ခုနှစ်၌ မတ္တရာမြို့ရှိ စကျင်တောင်မှ ရရှိသော စကျင်ကျောက်ကြီးကို ပုံတော်ကြမ်း ထုဆစ်စေခဲ့ပြီး မန္တလေးသို့ သယ်ဆောင်ယူကာ မင်းတရားကြီးကိုယ်တိုင် မျက်ခုံး၊ မျက်ရေးတို့ကို ရေးဆွဲလျှက် “မဟာသကျမာရဇိန်”ဟု ကမ္ပည်းတင်ခဲ့သည်။ ကျောက်တော်ကြီး ဘုရားဟုလည်း ခေါ်တွင်သည်။ ကျောက်တော်ကြီး ဘုရားသည် ကျောက်သားတစ်တုံးတည်းကို ထုဆစ်ထားခြင်း ဖြစ်သည်။

ကျောက်သပိတ်ကြီး

ကျောက်တော်ကြီးဘုရားအတွင်းရှိ ကျောက်သပိတ်ကြီး

ယင်းသို့ ဘုရားထုဆစ်ပြီး ပိုနေသောကျောက်အသားစကို ကျောက်သပိတ်ကြီး တစ်လုံးရရှိရန် မင်းတုန်းမင်းတရားကြီး၏ အစီအမံဖြင့် ထုဆစ်ခဲ့သည်။ ထိုကျောက်သပိတ်ကြီး၏ အရွယ်အစားမှာ အပြင်နုတ်ခမ်း ၅-ပေ ၂-လက္မ၊ အတွင်းနုတ်ခမ်း ၄-ပေ ၅-လက္မ၊ အမြင့် ၃-ပေ ၈-လက္မ၊ လုံးပတ် ၂၁-ပေ ၄-လက္မ တို့ ဖြစ်သည်။

ကျောက်တော်ကြီးဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း (၆)ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ စည်ကားစွာ ကျင်းပလေ့ရှိသည်။

ကိုးကား

  1. ပြည်မြန်မာ ဂျာနယ် (၂၄.၁၂.၂၀၀၉)
Comments