ကုလသမဂ္ဂ

ကမ္ဘာ့ ကုလသမဂ္ဂသည် နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေး ၊ လုံခြုံရေး ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ဖွဲ့စည်းထားသည့် နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၂) နိုင်ငံရှိပြီး အဖွဲ့ဌာနချုပ်ကို အမေရိကန်နိုင်ငံ ၊ နယူးရောက်တွင် ဖွဲ့စည်းထားသည်။


သမိုင်းကြောင်း

ကမ္ဘာ့ ကုလသမဂ္ဂသည် နိုင်ငံပေါင်းချုပ်အသင်းကြီး ၏ သမိုင်းအမွေကို ဆက်ခံသော အဖွဲ့ကြီး ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ (United Nations) ဟူသော အမည်သည် ၁၉၄၂ ခုနှစ် ၊ ကုလသမဂ္ဂ ကြေညာစာတမ်း (Declaration By United Nations) တွင် ၀င်စတန်ချာချီ နှင့် ရုစဗဲ့တို့က စတင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၄၅ ဧပြီ (၂၅) တွင် ကုလသမဂ္ဂ ညီလာခံကို ဆန်ဖရန် စစ်စကိုမြို့တွင် ကျင်းပခဲ့ရာ နိုင်ငံပေါင်း (၅၀) တက်ရောက်ခဲ့ကြကာ ကုလသမဂ္ဂ ကြေညာစာတမ်း (Charter of the United Nations ) မူကြမ်းကို အတည်ပြုနိုင်ခဲ့ကြသည်။ ၁၉၄၅ အောက်တိုဘာ (၂၄) တွင် ကမ္ဘာ့ကုလသမဂ္ဂ အမည်ဖြင့် တရားဝင် ပေါ်ထွန်းခဲ့ပြီး ပြင်သစ် ၊ တရုတ် ၊ ဆိုဗီယက် ၊ ဗြိတိန် နှင့် အမေရိကန် နိုင်ငံ (၅) နိုင်ငံသည် အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်လာကာ အခြား နိုင်ငံ (၄၆) နိုင်ငံလည်း ပါဝင်ခဲ့သည်။ ပထမဆုံး အထွေထွေ ညီလာခံကို ၁၉၄၆ ဇန်န၀ါရီတွင် လန်ဒန်၌ ကျင်းပခဲ့ပြီး အဖွဲ့ဝင် နိုင်ငံ (၅၁) နိုင်ငံ တက်ရောက်ခဲ့ကြသည်။

ပထမကမ္ဘာစစ်ပြီးစီးသည့်နောက်တွင် နိုင်ငံ ပေါင်းချုပ် အသင်းကြီးပေါ်ပေါက်လာသကဲ့သို့၊ ဒုတိယကမ္ဘာစစ် အပြီးတွင် ကုလသမဂ္ဂပေါ်ပေါက်လာလေသည်။ ယူ၊ အင်၊ အို ဟုခေါ်သော ကုလသမဂ္ဂသည် အသင်းဝင်နိုင်ငံအများဆုံးနှင့် လူမျိုးအများဆုံးပါဝင်သော အင်အားအကြီးမားဆုံး ကမ္ဘာ့ အစည်းအရုံးဖြစ်လေသည်။ ရှေးကရှိခဲ့သော နိုင်ငံပေါင်းချုပ် အသင်း ကြီးထက်လည်း အင်အားကြီးမားသည်။ နိုင်ငံပေါင်းချုပ် အသင်းကြီးတွင် မပါဝင်ခဲ့သော အမေရိကန်ပြည်ထောင်စု နှင့် အခြားနိုင်ငံများသည် ကုလသမဂ္ဂတွင် စိတ်အားထက်သန်သော အဖွဲ့ဝင်များ ဖြစ်လာကြလေသည်။


ကုလသမဂ္ဂ စာချုပ်ကြီးကိုအခြေခံ၍ ကုလသမဂ္ဂကို ဖွဲ့စည်းထားသည်။ ကုလသမဂ္ဂဝင်နိုင်ငံများသည် ကြီး ငယ်မဟူ၊ လက်ဝဲ လက်ယာမရွေး၊ ကုလသမဂ္ဂစာချုပ်ကြီးတွင် ပြဋ္ဌာန်းထားသော တာဝန်ဝတ္တရားများကို လက်ခံပါသည်။ လိုက်နာ ပါမည်ဟု ကတိခံဝန်ပြုရသည်။ ကုလသမဂ္ဂ၏ အချုပ်အချာမဏ္ဍိုင်ကား ကုလသမဂ္ဂစာချုပ်ကြီးပင် ဖြစ်လေသည်။ စာချုပ်ကို မကျူးကျော် မဖေါက်ဖျက်ရချေ။ စာချုပ်က ချပေးထားသော လမ်းစဉ်အတိုင်းသာ လိုက်နာဆောင်ရွက် ရသည်။ ကုလသမဂ္ဂဝင်တစ်နိုင်ငံသည် ကုလသမဂ္ဂစာချုပ်ကြီး တွင် ပြဋ္ဌာန်းထားသော တာဝန်ဝတ္တရားများနှင့်၊ အခြားနိုင်ငံ များနှင့် ချုပ်ဆိုထားသောစာချုပ်တွင် ပြဋ္ဌာန်းထားသော တာဝန် ဝတ္တရားများ အပြိုင်အဆိုင်ဖြစ်နေသော်၊ ကုလသမဂ္ဂစာချုပ်ကြီး တွင် ပြဋ္ဌာန်းထားသော တာဝန်ဝတ္တရား များကိုသာ ဦးစားပေး ရမည် ဖြစ်သည်။

ရည်ရွယ်ချက်များတွင် ကုလသမဂ္ဂနှင့် နိုင်ငံပေါင်းချုပ် အသင်းကြီးသည် များစွာ မခြားနားလှပေ။ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့ တည်မြဲအောင်လုံးပန်းရန်၊ လူများသည် တူညီသောအခွင့်အရေးများနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်များရရှိရေးကို အခြေခံလျက်၊ ပြည်ထောင် အချင်းချင်း ချစ်ကြည်ရေးကို ခိုင်မြဲအောင် ဆောင်ရွက်၍ အခြားလျော်ကန်သော အစီအမံများဖြင့် ငြိမ်းချမ်းရေး ခိုင်မြဲအောင် ကြိုးစားရန်၊ အမျိုးဘာသာစကား ကျား၊ မ အယူဝါဒမခွဲခြားဘဲ ပြည်ထောင် ချင်းချင်းဆိုင်ရာ စီးပွားရေး၊ လူမှုရေးရာ၊ ယဉ်ကျေးမှုနှင့် လူအချင်းချင်း ကြင်နာမှု ပြဿနာ များကို ဖြေရှင်းရာ၌၄င်း၊ လူတို့ ၏အခွင့်အရေးများနှင့် အခြေခံ လွတ်လပ်မှု အခွင့်အရေးများကို ရိုသေလေးစားအောင် ဆောင်ရွက်ရာတွင်၎င်း၊ ပြုမူဆောင်ရွက်ခွင့်ကို ရရှိစေရန်နှင့်၊ ထိုအချက်များ ထမြောက်အောင်မြင်စေခြင်းငှါ ကုလသမဂ္ဂ သည် နိုင်ငံအသီးသီးတို့၏ ပြုမူဆောင်ရွက်ချက် များကို တညီ တညွတ်တည်းဖြစ်အောင် ပြုပြင်မည့် မဏ္ဍိုင်သဖွယ်ဖြစ်စေရန် ကုလသမဂ္ဂကို ဖွဲ့စည်းစဉ်က ရည်ရွယ်လေသည်။ ထိုပြင် ကုလသမဂ္ဂကို အောက်ပါသဘောတရားများပေါ်တွင် အခြေခံ၍ တည်ထောင်ခဲ့၏။ ယင်းတို့မှာ

  • အဖွဲ့ဝင်နိုင်ငံအားလုံးသည် အချုပ်အချာအာဏာပိုင် နိုင်ငံများဖြစ်၍ အဆင့်အတန်းချင်း တူညီသည်။
  • အဖွဲ့ဝင်နိုင်ငံအားလုံးသည် စိတ်ကောင်းသဘောကောင်းနှင့် စာချုပ်ကြီးတွင် ဖေါ်ပြထားသော တာဝန်ဝတ္တရားများကို

ထိန်းသိမ်း ဆောင်ရွက်ရန် တာဝန်ခံသည်။

  • အဖွဲ့ဝင်နိုင်ငံများသည် ယင်းတို့၏ အငြင်းပွားမှုများကို

အေးချမ်းသောနည်းများဖြင့်ဖြစ်စေ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တရားမျှတရေးတို့ကို မပျက်ပြားစေဘဲဖြစ်စေ၊ ဖြေရှင်းရန် တာဝန်ခံသည်။

  • နိုင်ငံအချင်းချင်းဆက်ဆံရာတွင် အဖွဲ့ဝင်နိုင်ငံတစ်ခုသည်

အခြားတစ်နိုင်ငံ၏ နယ်မြေနှင့် လွတ်လပ်မှု အခွင့်အရေးတို့ကို ထိပါးစေသောအကြမ်းမှုကို မဖက်ရ၊ အကြမ်းဖက်မည်ဟု မခြိမ်းခြောက်ရ၊သို့မဟုတ် ကုလသမဂ္ဂ၏ရည်ရွယ်ချက်များနှင့် ဆန့်ကျင်၍ မပြုမူရ၊

  • ကုလသမဂ္ဂသည် စာချုပ်ပါအချက်အလက်များနှင့်

လျော်ညီစွာ ငြိမ်းချမ်းရေး တည်မြဲအောင်နှင့် ငြိမ်းချမ်းရေး ပြန်လည်ရရှိအောင် အရေးယူသောအခါ၊ အဖွဲ့ဝင်နိုင်ငံတိုင်းသည် လိုအပ်သော အကူအညီများပေးရမည့်ပြင် အရေးယူခြင်း ခံရ သော နိုင်ငံအား အကူအညီမပေးရန် တာဝန်ခံသည်။

  • ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို စောင့်ထိန်းရန် လိုအပ်

သည်နှင့်အမျှ၊ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများသည်လည်း စာချုပ်ပါ အချက်အလက်များအတိုင်း ဆောင်ရွက်ရေးအတွက် အဖွဲ့ကြီးက စီမံပေးရမည်။

  • အဖွဲ့ဝင်နိုင်ငံတစ်ခု၏ပြည်တွင်းရေးကိစ္စများတွင် ငြိမ်းချမ်း

ရေးရရှိရန် ဆောင်ရွက်သည့်အခါမှတစ်ပါး၊ ကုလသမဂ္ဂသည် ဝင်ရောက်စွက်ဖက်ခြင်း မပြုရ စသည်တို့ဖြစ်လေသည်။


ကုလသမဂ္ဂကြီးပေါ်ပေါက်လာစေရန်နိုင်ငံကြီးများသည် အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်၍ ခရီးအဆင့်ဆင့် ဖြတ်ကျော် ခဲ့ရသည်။ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွား၍ ၂၂ လမျှအကြာ၊ ၁၉၄၁ ခု ဇွန်လတွင် ဗြိတိသျှ အစိုးရနှင့် ၉ နိုင်ငံမှ စစ်ပြေး အစိုးရတို့သည် လန်ဒန်မြို့တော်ရှိ စိန်ဂျိမ်းနန်းတော်တွင် စစ် ဖြစ်စေသည့် အခြေခံအကြောင်းရင်းများကို အမြစ်ကလှန်၍ ဖြိုဖျက်ရန်နှင့် ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးအတွက် ဘဝသစ် ဖန်တီးပေးရန် မျက်နှာစုံညီ ဆွေးနွေးပြီးသော်၊ စိန်ဂျိမ်းနန်းတော် ကျေညာစာတမ်းကို ထုတ်ပြန်လိုက် လေသည်။ ကုလသမဂ္ဂ ပေါ်ပေါက်ရေးအတွက် ရှေးဦးစွာ လမ်းခင်းပေးလိုက်သော ကျေညာ စာတမ်းပင် ဖြစ်ပေသည်။

ထိုနောက် အမေရိကန်သမ္မတကြီး ရူးဇဗဲ့နှင့် ဗြိတိသျှ ဝန်ကြီးချုပ် မစ္စတာချာချီတို့သည် ၁၉၄၁ ခု သြဂုတ် လ၌ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တစ်နေရာတွင် လျှို့ဝှက်စွာ တွေ့ဆုံဆွေးနွေး၍၊ သြဂုတ်လ ၁၂ ရက်နေ့ တွင် သူတို့နှစ်ဦး ပေါင်းကာ နောင်အခါတွင် 'အတ္တလန္တိတ်စာချုပ်'ဟု ကျော်ကြား ခဲ့သော ကျေညာစာတမ်း တစ်စောင်ကို ထုတ်ပြန်ခဲ့၏။ အတ္တလန္တိတ်စာချုပ်တွင် ကုလသမဂ္ဂကြီး၏အခြေခံရည်ရွယ် ချက် အချို့ပါဝင်လေသည်။

ထိုနှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် ဂျာမနီသိမ်းပိုက်ထား သော ဥရောပနိုင်ငံ ၉ နိုင်ငံနှင့် ဆိုဗီယက်ရုရှ အစိုးရများက အတ္တလန္တိတ်စာချုပ်ကို သဘောတူထောက်ခံကြောင်း လက်မှတ် ရေးထိုးခဲ့သည်။ ယင်းသို့အားဖြင့် ကုလသမဂ္ဂ ပေါ်ပေါက်ရန် ရှေ့သို့ တစ်ဆင့်လှမ်းခဲ့ပြန်သည်။

၁၉၄၂ ခု နှစ်သစ်ကူးနေ့တွင် 'ကြီးလေးကြီး'ဟု သတင်းစာ များက ကင်ပွန်းတပ်လိုက်သော အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဆိုဗီယက်ရုရှနှင့် တရုတ်နိုင်ငံများအပါအဝင် နိုင်ငံ ပေါင်း ၂၆ နိုင်ငံတို့သည် စစ်အောင်နိုင်ရေးအတွက် တစ်ဦးကို တစ်ဦး ကူညီရန်နှင့် သီးခြားငြိမ်းချမ်းရေးစာချုပ် မချုပ်ရန် 'နိုင်ငံပေါင်းစုံ ကျေညာစာတမ်းကြီး'ကို လက်မှတ်ရေးထားခဲ့ကြ သည်။ထိုနှစ်ဆောင်ဦးပေါက်တွင် ကြီးလေးကြီးမှ ကိုယ်စားလှယ် များသည် မောစကိုမြို့တော်၌ တွေ့ဆုံဆွေးနွေး ပြီးသော်၊ ငြိမ်းချမ်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း တစ်ခု လိုအပ်ကြောင်း ဖေါ်ပြကာ 'မောစကို ကျေညာစာတမ်း' ကို လက်မှတ် ရေးထိုး၍ ထုတ်ပြန်လိုက်လေသည်။

ထိုနောက် ကြီးလေးကြီးကိုယ်စားလှယ်များသည် ၁၉၄၄ ခု သြဂုတ်လ ၂၁ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိ၊ ဝါရှင်တန်မြို့တော်ရှိ ဒမ်ဗာတန်အုတ်အဆောက်အအုံတွင်၊ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခု အတွက် အသေးစိတ် လျာထားချက်များကို ထပ်မံစဉ်းစားဆွေးနွေးခဲ့၏။ အမေရိကန်သမ္မတကြီး ရူးစဗဲ့၊ ဗြိတိသျှဝန်ကြီးချုပ် မစ္စတာချာချီနှင့် ဆိုဗီယက်ရုရှခေါင်းဆောင်ကြီး စတာလင် တို့သည် ၁၉၄၅ ခု ဖေဖော်ဝါရီလတွင် ကရိုင်းမီးယားနယ် ယော်လတာမြို့၌ တွေ့ဆုံကာ ထိုလျာထားချက်များကို ပြန်လည် ဆွေးနွေးကြသည်။ ထိုအစည်းအဝေးတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အဖွဲ့ကြီးတစ်ခု ဖွဲ့စည်းရန်သဘောတူ ဆုံးဖြတ်ပြီးသော်၊ နိုင်ငံပေါင်းစုံ ကျေညာစာတမ်းကြီးကို လက်မှတ်ရေးထားခဲ့သော ၂၆ နိုင်ငံသာမက၊ ဂျပန်နှင့် ဂျာမနီ တို့ကို တိုက်ခိုက်နေသော အခြားနိုင်ငံများ အပါအဝင် နိုင်ငံ ပေါင်းစုံ ညီလာခံတစ်ရပ်ကိုလည်း ၁၉၄၅ ခုဧပြီလ ၂၅ ရက် နေ့တွင် အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပရန် သဘောတူခဲ့ကြသည်။

၁၉၄၅ ခု ဇွန်လ ၂၅ ရက်နေ့တွင် ဆန်ဖရန်စစ္စကို ညီလာခံမှ ကုလသမဂ္ဂစာချုပ်ကို တညီတညွတ်တည်း သဘော တူညီခဲ့ပြီးသော်၊ နောက်တနေ့တွင် ပိုလန်နိုင်ငံမှအပ နိုင်ငံ ပေါင်း ၅ဝ မှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးကြလေ သည်။ မူလအဖွဲ့ဝင်တစ်ဦးဖြစ်သော ပိုလန်နိုင်ငံသည် နောင် တွင်မှ လက်မှတ်ရေးထိုး ခဲ့၏။ ထိုသို့ လက်မှတ်ရေးထိုးကြ၍ အဖွဲ့ဝင် အားလုံး၏ အတည်ပြုချက် ရရှိပြီးသည်အဆုံး၌ ကုလသမဂ္ဂ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မားမားမတ်မတ်ပေါ်လာလေသည်။ ယခုအခါ ထိုအဖွဲ့ဝင် နိုင်ငံများတွင် အထိမ်းအမှတ်ပွဲများ ကျင်းပခြင်းဖြင့် အမြတ် တနိုး ပြုလျက်ရှိကြလေပြီ။

ကုလသမဂ္ဂ၏ မူလအဖွဲ့ဝင် နိုင်ငံပေါင်းမှာ ၅၁ နိုင်ငံဖြစ်၏။ ကုလသမဂ္ဂသို့ ဝင်ရန်အတွက် ထူးခြားသောအရည်အခြင်း များ မလိုပေ။ ငြိမ်းချမ်းရေးကို မြတ်နိုးသော မည်သည့်နိုင်ငံ မဆို ကုလသမဂ္ဂစာချုပ်ပါ တာဝန်ဝတ္တရားများကို လိုက်နာပါ မည်ဟု ဝန်ခံသောအခါ၊ အဖွဲ့ကြီးက ထိုနိုင်ငံသည် စာချုပ်ပါ တာဝန်ဝတ္တရားများကို လိုက်နာပါမည်ဟု ဝန်ခံသောအခါ၊ အဖွဲ့ ကြီးက ထိုနိုင်ငံသည် စာချုပ်ပါတာဝန် ဝတ္တရားများကို လိုက်နာလိုသည့်ပြင် လိုက်နာနိုင်မည်ဟု ထင်မြင်လျှင် ပါဝင် ခွင့်ပြုလေတော့သည်။

ကုလသမဂ္ဂဝင်နိုင်ငံများ

(က) မူလအဖွဲ့ဝင်နိုင်ငံများ။

  1. ကနေဒါ
  2. ကော်စတာရီးကား
  3. ကိုလုံးဗီးယား
  4. ကျူးဘား
  5. ချီလီ
  6. ချက်ကိုဆလိုဗားကီးယား
  7. ဂရိ
  8. ဂွာတီမားလား
  9. ဆီးရီးယား
  10. ဆော်ဒီအာရေဗျ
  11. ဆိုဗီယက်ရုရှ
  12. တရုပ်
  13. တူရကီ
  14. တောင်အာဖရိကပြည်ထောင်စု
  15. ဒိုမင်နီကန် ရီပတ်ဗလစ်
  16. ဒိန်းမတ်
  17. နယူးဇီလန်
  18. နယ်သာလင်
  19. နော်ဝေး
  20. နစ်ကရားဂွ
  21. ပနားမား
  22. ပါရဂွေး
  23. ပီးရူး
  24. ပိုလန်
  25. ပြင်သစ်
  26. ဖိလစ်ပိုင်
  27. ဘရာဇီး
  28. ဘဲလဂျီယမ်
  29. ဗိုလစ်ဗီးယား
  30. ဗင်နီးဇွဲးလား
  31. ဗျဲလိုရုရှ
  32. မက္ကဆီကို
  33. ယူကရိန်း
  34. ယူဂိုစလားဗီးယား
  35. ယူနိုက်တက်ကင်းဒမ်း
  36. လက်ဘနွန်
  37. လိုက်ဗီးရီးယား
  38. လပ်ဇင်ဗတ်
  39. ဟေးတီး
  40. ဟွန်းဒူးရပ်
  41. အမေရိကန်ပြည်ထောင်စု
  42. အာဂျင်တီးနား
  43. အီဂျစ်
  44. အီရက်
  45. အီရန်
  46. အီသီအိုးပီးယား
  47. အုရုဂွေး
  48. အယ်ဆယ်လဗာဒေါ
  49. သြစတြေးရီးယား
  50. အက်ကွာဒေါ
  51. အိန္ဒိယ

(ခ) နောက်ထပ်ဝင်ခွင့်ရသောနိုင်ငံများ (ခုနှစ်အလိုက်)

  1. အာဖဂနိစတန် (၁၉၄၆)
  2. အိုက်စလန် (၁၉၄၆)
  3. ဆွီဒင် (၁၉၄၆)
  4. ယိုးဒယား (၁၉၄၇)
  5. ပါကစ္စတန်(၁၉၄၇)
  6. ယေမင် (၁၉၄၈)
  7. မြန်မာ (၁၉၄၈)
  8. အဇ္ဇရီယမ်(၁၉၄၉)
  9. အင်ဒိုနီးရှား (၁၉၅၁)

ကုလသမဂ္ဂတွင် ပါဝင်သောအဖွဲ့ကြီးများ

ကုလသမဂ္ဂ၏ဆောင်ရွက်ဖွယ်များမှာ တစ်ကမ္ဘာလုံးနှင့် အကျုံးဝင်နေသည့်အလျောက်

  1. အထွေထွေလွှတ်တော်
  2. လုံခြုံရေးကောင်စီ
  3. စီပွားရေးနှင့် လူမှုရေးအဖွဲ့
  4. နိုင်ငံငယ်များထိန်းသိမ်းရေးအဖွဲ့
  5. အပြည်ပြည်ဆိုင်ရာတရားရုံးတော်
  6. အတွင်းရေးမှူးရုံး ဟူသောအဖွဲ့ကြီး ၆ ဖွဲ့ဖြင့်၎င်း၊ လိုအပ်လျှင် အဖွဲငယ် အဖွဲ့ခွဲကလေးများဖွဲ့၍၄င်း၊ ဆောင်ရွက်ရလေသည်။

(၁) အထွေထွေလွှတ်တော်။

အထွေထွေလွှတ်တော်သည် နိုင်ငံအများရှိ ပါလီမန် လွှတ်တော်တို့နှင့် သဘောချင်းတူသည်ဟု ဆိုနိုင်ပေ သည်။ အထွေထွေ လွှတ်တော်သို့ ကုလသမဂ္ဂဝင်နိုင်ငံတိုင်း တက် ရောက်ခွင့်ရှိ၍ ကိုယ်စားလှယ် ၅ဦးအထိ စေလွှတ်နိုင်ခွင့် ရှိသော်လည်း၊ မဲပေးသောအခါ တစ်နိုင်ငံလျှင် တစ်မဲသာ ပေးခွင့်ရှိသည်။ တစ်နှစ်လျှင် တစ်ကြိမ်ကျ ကုလသမဂ္ဂတည်ရာ ဌာနချုပ်၌ ညီလာခံ ကျင်းပလေသည်။ ကုလသမဂ္ဂဝင်နိုင်ငံ များစုကသော်၎င်း၊ လုံခြုံရေးကောင်စီက သော်၎င်း၊ အထူးညီလာခံများ ကျင်းပရန် တောင်းဆိုသောအခါ၊ အတွင်းရေးမှူးချုပ်က အထူးညီလာခံ ခေါ်ပေးရလေသည်။ အထွေထွေလွှတ်တော် ညီလာခံကျင်းပတိုင်း ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကို မဲဖြင့် ရွေးချယ်ရသည်။ အထွေထွေလွှတ်တော်သည် ကုလသမဂ္ဂစာချုပ်တွင် အကျုံးဝင်သော ပြဿနာရပ်များ ကိစ္စရပ်များကို၎င်း၊ အခြား အဖွဲ့များ၏အာဏာများ အလုပ်တာဝန်များကို၎င်း၊ ဆွေးနွေး နိုင်သည်။ ထောက်ခံချက်များပေးနိုင်သည်။ သို့ရာတွင် အငြင်းပွားမှု အခြေအနေ အရပ်ရပ်ကို လုံခြုံရေးကောင်စီက ဖြေရှင်းနေခိုက်တွင်၊ ထိုအငြင်းပွားမှု သို့မဟုတ် အခြေအနေ နှင့်စပ်လျဉ်း၍ အထွေထွေလွှတ်တော်သည် စဉ်းစားဆွေးနွေးနိုင် သော်လည်း၊ ထိုအဖွဲ့က မတောင်းဆိုဘဲ ထောက်ခံချက်များ မပေးနိုင်ချေ။

အရေးကြီးသော ပြဿာနာများ အဆိုများကို ဆုံးဖြတ်သော အခါ၊ အစည်းအဝေး တက်ရောက်သော အဖွဲ့ဝင်နိုင်ငံများ၏ မဲ ၃ ပုံ ၂ ပုံရမှသာ အတည်ဖြစ်သည်။ သာမန်ပြဿနာများ အဆိုများကိုမူကား အစည်းအဝေး တက်ရောက်သော အဖွဲ့ဝင် များ၏ မဲများရာဖြင့် ဆုံးဖြတ်လေသည်။

အထွေထွေလွှတ်တော်သို့ အခြားအဖွဲ့များက နှစ်ချုပ် အစီရင်ခံစာများ အထူးအစီရင်ခံစာများပေးပို့ရသည်။ ထို အစီရင်ခံစာများကို စဉ်းစားဆွေးနွေးရန်မှာ အထွေထွေ လွှတ်တော်၏တာဝန် ဖြစ်၏။ လုံခြုံရေးကောင်စီ၏ ထောက်ခံ ချက်အရ ကုလသမဂ္ဂဝင်အဖြစ် လက်ခံခြင်း ဖြည့်စွက်ခြင်း စသည်တို့ကို အထွေထွေလွှတ်တော်က သာလျှင် ဆောင်ရွက်ရ လေသည်။ အထွေထွေလွှတ်တော်သည် ကုလသမဂ္ဂကြီးတစ်ခု လုံးအတွက် ရသုံးမှန်းခြေ စာရင်းကို စဉ်းစားဆွေးနွေး အတည်ပြုပြီးသော်၊ ကျန်ကျငွေကို အသင်းဝင်နိုင်ငံများက ထည့်ဝင်ရန် ဝေပုံကျ သတ်မှတ်ပေးလေသည်။ ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများက ထည့်ဝင်ငွေများဖြင့် တည်မြဲနေရပေသည်။

(၂) လုံခြုံရေးကောင်စီ

လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်၍၊ မဲပေးရာတွင်လည်း တစ် နိုင်ငံလျှင် တစ်မဲသာပေးနိုင်သည်။ အဖွဲ့ဝင်များတွင် ထာဝရ အဖွဲ့ဝင် ၅နိုင်ငံဖြစ်သော ဆိုဗီယက် ရုရှ၊ ပြင်သစ်၊ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း နိုင်ငံများနှင့် အထွေထွေလွှတ်တော်က မဲဖြင့် ရွေးချယ်၍ သက်တမ်း ၂ နှစ်မျှသာရှိသည့် ထာဝရမဟုတ်သော အဖွဲ့ဝင် ၆ နိုင်ငံတို့ ပါဝင်၏။

လုံခြုံရေးကောင်စီသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တည်ဆောက်ရန်အတွက် အဓိက တာဝန်ယူထားရ လေသည်။ နိုင်ငံအချင်းချင်း ပဋိပက္ခဖြစ်မည့် အခြေအနေတို့ကို စုံစမ်း စစ်ဆေးနိုင်၏။ သက်ဆိုင်ရာနိုင်ငံ များအား အငြင်းပွားမှုကို စေ့စပ်၊ ဖြန်ဖြေ၊ အနုညာတခုံတင်၊ အပြည်ပြည်ဆိုင်ရာ တရား ရုံးတော်သို့ တင်သွင်းရန် ညွှန်ကြားနိုင်သည်။ ထိုသို့ ညွှန်ကြား သည်ကို မလိုက်နာလျှင် ကျူးလွန်သောနိုင်ငံနှင့် နိုင်ငံရေး အဆက်အသွယ်ဖြတ်ရန် ညွှန်ကြားနိုင်သည်။ ထိုနောက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းက ပေးပို့ရန် ကတိပြုထားသော စစ်တပ်များကို အသုံးပြုနိုင်သည်။

လုံခြုံရေးကောင်စီ အစည်းအဝေးသည် ဆက်တိုက်ရှိနေသည် ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံတိုင်းသည် အမြဲတမ်း ကိုယ်စားလှယ် တစ်ဦးကျထားရှိရ၏။ ၂ ပတ်လျှင် အနည်းဆုံးတစ်ကြိမ် စည်းဝေးရန် လျာထားသော်လည်း ထိုထက်အကြိမ်ပေါင်း ပို၍ စည်းဝေးလေ့ရှိသည်။ မည်သည့်နေရာတွင်မဆို စည်းဝေး နိုင်သည်။

လုံခြုံရေးကောင်စီဝင် မဟုတ်သော ကုလသမဂ္ဂဝင် နိုင်ငံ များသာမက ကုလသမဂ္ဂဝင်မဟုတ်သော နိုင်ငံများ ကိုလည်း ယင်းတို့၏ အကျိုးစီးပွားနှင့် သက်ဆိုင်သောကိစ္စများကို ဆွေးနွေးသော လုံခြုံရေးကောင်စီ စည်းဝေးပွဲသို့ ဖိတ်ခေါ် ဆွေးနွေး နိုင်သည်။ သို့သော် ထိုနိုင်ငံများတွင် မဲပေးပိုင်ခွင့် မရှိချေ။ လုံခြုံရေး ကောင်စီ၏ ဥက္ကဋ္ဌကို အဖွဲ့ဝင်နိုင်ငံအမည် များ၏ အက္ခရာစဉ်အလိုက် လစဉ်အလှည့်ကျ တင်မြှောက် သည်။ ကျင့်ထုံးကိစ္စများတွင် အဖွဲ့ဝင်တို့မဲ ၇ မဲရမှ အတည် ဖြစ်သည်။ အခြားကိစ္စများတွင်ကား ထာဝရအဖွဲ့ဝင် များ၏ မဲအားလုံးပါဝင်သော မဲ ၇ မဲရမှသာ အတည်ဖြစ်လေသည်။ သို့ဖြစ်၍ ထာဝရအဖွဲ့ဝင် တစ်ဦး၏ သဘောမတူသောမဲသည် ဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်သည်။ တစ်နည်းဆိုရသော် ထာဝရအဖွဲ့ဝင်များတွင် ဗီတိုအာဏာရှိလေသည်။

လုံခြုံရေးကောင်စီ၏ အသေးစိတ်လုပ်ငန်းများကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေး ကောင်စီ အောက်တွင် ကြီးငါးကြီးမှ စစ်ဦးစီးချုပ်များ ပါဝင်၍ ကုလသမဂ္ဂ တပ်များ၏စစ်ဆင်မှုကို ကြိုးကိုင် သောစစ်ဦးစီး အဖွဲ့၊ လုံခြုံရေးကောင်စီဝင် နိုင်ငံများနှင့် ကနေဒါနိုင်ငံတို့မှ ကိုယ်စားလှယ်တစ်ဦးစီပါဝင်သော အနုမြူအင်အား စောင့်ရှောက်ရေးအဖွဲ့၊ လုံခြုံရေးကောင်စီဝင် ၁၁ နိုင်ငံမှ ကိုယ်စားလှယ်များပါဝင်၍ စစ်တပ်နှင့် လက်နက်လျော့ပေါ့ ကန့်သတ်ရေး အစီအစဉ်များကို လေ့လာရန်ဖြစ်သော လက်နက် ကန့်သတ်ရေးအဖွဲ့ စသည့် အကြံပေးအဖွဲ့များ ရှိလေသည်။ အနုမြူအင်အားစောင့်ရှောက်ရေး အဖွဲ့နှင့် လက်နက်ကန့်သတ် ရေးအဖွဲ့တို့အစား လက်နက်လျှော့ပေါ့ရေးအဖွဲ့ဟူ၍ ၁၉၅၂ ခုနှစ်တွင် အသစ်ဖွဲ့စည်း ခဲ့သည်။

(၃) စီးပွားရေး လူမှုရေးအဖွဲ့

စီးပွားရေးနှင့် လူမှုရေးရာအဖွဲ့သည် အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားအလားတူကိစ္စများကိုသော်၎င်း၊ လူ့အခွင့်အရေးများ၊ အခြေခံလွတ်လပ်ခွင့်များနှင့် စပ်လျဉ်း၍သော်၎င်း၊ လေ့လာ၊ ဆွေးနွေး၊ အစီရင်ခံ၊ ထောက်ခံနိုင်၏။ ထိုကိစ္စရပ်များဆိုင်ရာ အကြမ်း သဘောတူညီချက်များကိုလည်း အထွေထွေ လွှတ်တော်သို့ တင်ပြရန် ရေးဆွဲရသည်။ လိုအပ်သည့်အခါ အပြည်ပြည်ဆိုင်ရာ ညီလာခံများ ဖိတ်ခေါ်နိုင်၏။ ယင်းအဖွဲ့သည် ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့စသော အထူးအဖွဲ့များ၏လုပ်ငန်းများကို ဆက်စပ် ပေးလေ သည်။

စီးပွားရေးနှင့်လူမှုရေးရာအဖွဲ့တွင် အထွေထွေလွှတ်တော်က မဲဖြင့် ရွေးချယ်တင်မြှောက်သော အဖွဲ့ဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်သည်။ အဖွဲ့ဝင် ပထမ ၆ ဦးကို ၃နှစ်သက်တမ်း၊ ဒုတိယ ၆ဦးကို ၂ နှစ်သက်တမ်းနှင့် ကျန် ၆ ဦးကို တစ်နှစ်သက်တမ်းဖြင့် ရွေးချယ်လေသည်။ တစ်နှစ်လျှင်အနည်းဆုံး ၃ ကြိမ် ညီလာခံကျင်းပရသည်။ လိုအပ်လျှင် အထူးညီလာခံများ ကျင်းပ နိုင်သည်။ ဥက္ကဋ္ဌကို တစ်နှစ်တစ်ကြိမ် အဖွဲ့ဝင်များ၏ မဲဖြင့်ရွေးချယ်သည်။ အဖွဲ့ဝင်တစ်ဦးလျှင် တစ်မဲကျ ပေးခွင့်ရှိသည်။ ဆုံးဖြတ်ချက် များကို အစည်းအဝေး တက်ရောက်သော အဖွဲ့ဝင်များ၏ မဲများရာဖြင့် အတည် ပြုလေသည်။ စီးပွားရေးနှင့် လူမှုရေး အဖွဲ့သည် ယင်း၏ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လိုသလို ကော်မရှင်အဖွဲ့များ ဖွဲ့နိုင်၍၊ စီးပွားရေး၊ အလုပ် ရရှိရေး၊ ကူးသန်းသွားလာရေး၊ လူဦးရေပြဿနာ၊ လူ့အခွင့် အရေးများစသော အထူးကိစ္စများကို ဆောင်ရွက်စေရ၏။ ထိုပြင် ဥရောပ၊ အာရှနှင့် အရှေ့ဖျား၊ လက်တင် အမေရိက ဒေသဆိုင်ရာ စီးပွားရေးကော်မရှင်အဖွဲ့ ၃ ခုကိုလည်း ဖွဲ့စည်း ထားသည်။

(၄) နိုင်ငံငယ်များ ထိန်းသိမ်းရေးအဖွဲ့

ကုလသမဂ္ဂ စာချုပ်ကြီးတွင် အချို့သောနယ်ပယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်အတွက် မသင့်လျော် သေးကြောင်း အသိအမှတ်ပြုထားသည်။ ယင်းကဲ့သို့သော နယ်ပယ်များကို အပြည်ပြည်ဆိုင်ရာ နိုင်ငံငယ်များ ထိန်းသိမ်းရေးစနစ်အရ အုပ်ချုပ်ရန် ယင်းတို့ကို အုပ်ချုပ်နေသောနိုင်ငံများက လွှဲ အပ်နိုင်၏။ အထွေထွေ လွှတ်တော် သို့မဟုတ် အချက်အခြာ ကျသော နယ်ပယ်များအတွက် လုံခြုံရေးကောင်စီသည် နိုင်ငံ ငယ်များ ထိန်းသိမ်းရေးအဖွဲ့၏ အကူအညီဖြင့် ထိုနယ်များ အုပ်ချုပ်ရေးကို ကြီးကြပ်ပေးလေသည်။

နိုင်ငံငယ်များ ထိန်းသိမ်းရေးအဖွဲ့တွင် နယ်ပယ်များ ထိန်းသိမ်းရန် တာဝန်ချထားခြင်း ခံရသော ကုလသမဂ္ဂဝင် နိုင်ငံများ၊ ထိုသို့တာဝန်ချထားခြင်းမခံရသော လုံခြုံရေးကောင်စီ ထာဝရအဖွဲ့ဝင်များ၊ နယ်ပယ်များ ထိန်းသိမ်းရသော အဖွဲ့ဝင် များနှင့် မထိန်းသိမ်းရသောအဖွဲ့ဝင်များ အရေအတွက် တူညီ အောင် အထွေထွေ လွှတ်တော်မှ ရွေးကောက်တင်မြှောက် လိုက်သော အဖွဲ့ဝင်များပါဝင်၏။ တစ်နှစ်လျှင် ၂ ကြိမ် စည်းဝေးသည်။ အဖွဲ့ဝင်တစ်ဦးလျှင် တစ်မဲပေးနိုင်၍ များရာ မဲဖြင့် ဆုံးဖြတ်လေသည်။

(၅) အပြည်ပြည်ဆိုင်ရာ တရားရုံးတော်

ကုလသမဂ္ဂကြီးအရ ဖွဲ့စည်းတည်ထောင်ခဲ့သော တရား စီရင်ရေးဆိုင်ရာဌာနချုပ်ဖြစ်၏။ အသင်းဝင်များက စွဲဆို တင်ပြသော အမှုအခင်းများကို ဤရုံးတော်က ဆုံးဖြတ် စီရင်လေသည်။ လုံခြုံရေးကောင်စီက ရေးဆွဲ ထားသော စည်းကမ်းချက်များအရ အခြားနိုင်ငံများက ဤရုံးတော်တွင် တရားစွဲဆိုနိုင်သည်။ အပြည်ပြည် ဆိုင်ရာရုံးတော်သည် အထွေထွေလွှတ်တော်နှင့် လုံခြုံရေးကောင်စီသို့ ဥပဒေအကြံ ဉာဏ်များ ပေးနိုင်သည်။

ဤရုံးတော်တွင် ရုံးထိုင်သောတရားသူကြီးများမှာ ပါတီဝါဒ စွဲကင်း စင်သောသူများသာဖြစ်သည်။ အကျင့်စာရိတ္တ အထူး ကောင်းမွန်ရ၍ အမြင့်ဆုံးသော တရားဌာနရာထူးများကို ဆက်ခံနိုင်သော အရည်အခြင်းနှင့် ပြည့်စုံရသည်။ သို့တည်း မဟုတ် ပြည်ထောင်ချင်းချင်း ဥပဒေတွင် ကျွမ်းကျင်သည့် ဥပဒေ သုခမိန်များ ဖြစ်ရသည်။

တရားသူကြီး ၁၅ ဦးရှိ၍ သက်တမ်းမှာ ၉ နှစ်ဖြစ်သည်။ တရားသူကြီးများကို အထွေထွေလွှတ်တော်နှင့် လုံခြုံရေး ကောင်စီတို့က ရွေးချယ်တင်မြှောက်သည်။ သို့သော် တစ် နိုင်ငံတည်းမှ ၂ဦး မရွေးရချေ။

အပြည်ပြည်ဆိုင်ရာ တရားရုံးတော်သည် ဟိတ်မြို့တော်တွင် အမြဲတမ်းလိုလို ရုံးထိုင်ကာ ရုံးပိတ်ရက်များမှ တစ်ပါး ရုံးဖွင့် ထားလေသည်။ သို့ရာတွင် တစ်ခါတစ်ရံ အခြားသင့်တော်သော ဒေသများတွင်လည်း ရုံးထိုင် နိုင်သည်။

ရုံးတော်တွင် တရားစီရင်ရာ၌ အနည်းဆုံးတရားသူကြီး ၉ ဦး တက်ရောက်ပါက တရားဝင်သော တရားခုံဖြစ်၍၊ တက် ရောက်သော တရားသူကြီးများ၏ များရာမဲဖြင့် ဆုံးဖြတ်လေ သည်။ တရားရုံးတော်၏ ဆုံးဖြတ်ချက်သည် အပြီးသတ် ဆုံးဖြတ်ချက်ပင်ဖြစ်သည်။

ကုလသမဂ္ဂ အဖွဲ့ဝင်များသည် ဤရုံးတော်နှင့်အလိုအလျောက် သက်ဆိုင်ပြီး ဖြစ်သော်လည်း သက်ဆိုင်ရာ နိုင်ငံတစ်ခုကို ရုံးတော်သို့ အမှုအခင်းတင်ပြရန် အတင်းအကြပ် မပြုနိုင်ချေ။ အဖွဲ့ဝင်နိုင်ငံတိုင်းသည် ရုံးတော်မှ ဆုံးဖြတ်ချက်ကို သက်ဆိုင် သမျှ လိုက်နာဆောင်ရွက်ရန် တာဝန်ခံရလေသည်။

(၆) အတွင်းရေးမှူးရုံး

ကုလသမဂ္ဂ၏ အကြီးဆုံးသော အုပ်ချုပ်ရေးအရာရှိချုပ်မှာ အတွင်းရေးမှူးချုပ် ဖြစ်သည်။ လုံခြုံရေး ကောင်စီ၏ ထောက်ခံချက်အရ အထွေထွေလွှတ်တော်က အတွင်းရေးမှူး ချုပ်ကို ခန့်ထားသည်။ ပထမဆုံးသော အတွင်းရေးမှူးချုပ် သည် နော်ဝေးနိုင်ငံမှ မစ္စတာထရစ်ဗီလီး ဖြစ်သည်။ အတွင်း ရေးမှူးချုပ် သက်တမ်းမှာ ၅ နှစ်ဖြစ်၍ နောက်ထပ် ၅ နှစ် ဆက်လက်ခန့်ထားနိုင်ခွင့်ရှိသည်။

အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂ အမှုထမ်းရာထမ်းများကို ခန့်ထားလေသည်။ ရာထမ်းမှုထမ်းများသည် အစည်းအဝေးများ အတွက် လိုအပ်သောအချက်အလက်များကို စုဆောင်းကာ၊ ကျွမ်းကျင်စွာ လေ့လာစုံစမ်း ရ၏။ အချုပ်ဆိုရသော် ကုလသမဂ္ဂ၏ ရုံးအလုပ်ကို လုပ်ကိုင်ကြရလေသည်။

ကုလသမဂ္ဂဌာနချုပ်

ကုလသမဂ္ဂ ဌာနချုပ်ကို နယူးယော့မြို့ ဖလပ်ရှင်းမဲဒိုးအရပ်ရှိ မြို့တော်အဆောက်အအုံတွင် ခေတ္တထား ရှိသည်။ အတွင်းရေး မှူးရုံးမှာကား လိပ်ဆပ်ဆက်အရပ်တွင် ရှိသည်။ ၁၉၄၆ ခု ဒီဇင်ဘာလတွင် အထွေထွေ လွှတ်တော်က ကုလသမဂ္ဂ ဌာနချုပ် ကို နယူးယော့မြို့၌ အမြဲတမ်းထားရှိရန် ဆုံးဖြတ်ပြီးလျှင်၊ ထိုဌာနချုပ်ဆောက်လုပ်ရန် မြေနေရာဝယ်ဖို့အတွက် ဂျွန်ရော့ ကီးဖဲလား (အငယ်)ထံမှ အလှူငွေ ဒေါ်လာ ၈၅ဝဝဝဝဝ ကို လက်ခံခဲ့လေသည်။ ၁၉၄၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အစိုးရထံမှ အတိုးမရှိ ဒေါ်လာ ၆၅ဝဝဝဝဝဝ ချေးငှါးရရှိခဲ့ ပြီးနောက် ၁၉၄၉ ခုနှစ်တွင် ပထမဆုံး အဆောက်အအုံကို စတင် ဆောက်လုပ်ခဲ့လေသည်။

အထူးအဖွဲ့များ

ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စေ ရန်အတွက် မြောက်မြားလှစွာသော ကမ္ဘာ့စီးပွားရေး ပြဿနာ များ၊ လူမှုရေးရာပြဿနာများကို အထူးအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်လေသည်။ အောက်ပါအဖွဲ့များ မှာ ၁၉၄၉ ခုနှစ် အထိ ဖွဲ့စည်းထားပြီးသောအဖွဲ့များဖြစ်သည်။

  1. အပြည်ပြည်ဆိုင်ရာ အလုပ်သမားအစည်းအရုံး
  2. ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့
  3. နိုင်ငံပေါင်းစုံပညာ၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့
  4. အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့
  5. ကမ္ဘာ့ငွေကြေးဆိုင်ရာရန်ပုံငွေအဖွဲ့
  6. ပြန်လည်ထူထောင်ရေးနှင့်တိုးတက်ရေးဆိုင်ရာ (ကမ္ဘာ့ဘဏ်)
  7. ကမ္ဘာ့စာပို့တိုက်သမဂ္ဂ
  8. ကမ္ဘာ့ကြေးနန်းဆက်သွယ်ရေးသမဂ္ဂ
  9. ကမ္ဘာ့ကျန်းမာရေးအဖွဲ့
  10. ကမ္ဘာ့ခိုကိုးရာမဲ့သူများ စောင့်ရှောက်ရေးအဖွဲ့
  11. ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေးအဖွဲ့

ကုလသမဂ္ဂနောင်ရေး

နိုင်ငံရေးရာ လေ့လာသူအများပင် ကုလသမဂ္ဂသည် ကမ္ဘာ့ ငြိမ်းချမ်းရေး တည်တံ့အောင် ကြိုးပမ်းရာ၌ နိုင်ငံပေါင်း ချုပ် အသင်းထက် အခွင့်အလမ်းသာသည်ဟု ယုံကြည်ကြသည်။ အကြောင်းမှာ ကုလသမဂ္ဂတွင် နိုင်ငံကြီးများ အားလုံးပင် ပါဝင်နေသောကြောင့်ဖြစ်၏။ သို့သော် အချို့က နိုင်ငံပေါင်းချုပ် အသင်း၏ ချွတ်ယွင်းချက် အတော်များများ ကုလသမဂ္ဂတွင် ပါရှိနေသေးသည် ဆိုပြန်လေသည်။ နိုင်ငံပေါင်းချုပ် ကဲ့သို့ပင် ထိထိရောက်ရောက် အရေးယူနိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံ များ၏ အကူအညီပေါ်တွင် တည်နေ၏။ ထိုပြင် ကုလသမဂ္ဂဖွဲ့စည်းလိုက်သဖြင့် ကမ္ဘာပေါ်တွင် နောက်ထပ် စစ်မဖြစ်တော့ဟု မပြောနိုင်သေးချေ။

သို့သော် ယခုအချိန်အထိ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး ရှိရန် အတွက် ကုလသမဂ္ဂသည် အကောင်းဆုံး သော မြှော်လင့်ချက်ဖြစ်နေပေသည်။ လွန်ခဲ့သောနှစ်များအတွင်းက အတွေ့အကြုံများအရ၊ ကုလသမဂ္ဂသည် ပြောင်းလဲလာသော အခြေအနေများနှင့်လျော်ညီစွာ ကျင့်တတ်ပြီးလျှင် အခက်အခဲ ကြီးများကို တတ်နိုင် သလောက် ကျော်နင်းနိုင်ခဲ့သည်ကို တွေ့ရ၏။ ၁၉၄၆ ခုနှစ်အတွင်းက ကုလသမဂ္ဂသည် အီရန်မှ ဆိုဗီယက် တပ်များ ပြောင်းရွှေ့ရေးနှင့် ဆီးရီးယားနှင့် လက်ဘနွန်တို့မှ ပြင်သစ်နှင့် ဗြိတိသျှတပ်များ ပြောင်းရွှေ့ရေး ကိစ္စများကို ဆွေးနွေးခဲ့၏။ ဖရန်ကို အုပ်စိုးသော စပိန်နိုင်ငံ၏ အခြေအနေကို ဆွေးနွေးပြီးလျှင် ကုလသမဂ္ဂ၏ အဖွဲ့ခွဲများ ဖြစ်သော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများတွင် ပါဝင်ခွင့်မပြု ရန်နှင့် အဖွဲ့ဝင် နိုင်ငံများကလည်း နိုင်ငံရေးအဆက်အသွယ် ဖြတ်ရန် ဆုံးဖြတ်ခဲ့၏။ အဖွဲ့ဝင်နိုင်ငံများတွင် အမျိုးသမီး များကို အမျိုးသားများနည်းတူ နိုင်ငံရေးအခွင့်အရေးများ ပေးရန်ကို ဆော်သြခဲ့၍၊ စစ်ဒဏ်ခံခဲ့ရသော နိုင်ငံများတွင် သုံးစွဲရန်အတွက် အပြည်ပြည်ဆိုင်ရာကလေးများ အရေးပေါ် ရန်ပုံငွေကို သတ်မှတ်ပေးခဲ့၏။

လုံခြုံရေးကောင်စီမှ လွှဲခဲ့သော အယ်လဗေးနီးယား၊ ဘူလဂေးရီးယားနှင့် ယူဂိုလားဗီးယားနိုင်ငံတို့သည် ဂရိ ပျောက်ကျား သူပုန်များကို ကူညီနေသည်ဟူသည့် ဂရိ၏ စွပ်စွဲ ချက်နှင့်စပ်လျဉ်း၍၊ အထွေထွေလွှတ်တော်သည် ထောက်ခံချက် များ ချမှတ်ခဲ့ပြီးလျှင် ၁၉၄၇ ခုနှစ်တွင် ထို ၄ နိုင်ငံတို့ လိုက်နာဆောင်ရွက်ခြင်းရှိ မရှိစုံစမ်းရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့၏။ ၁၉၄၉ ခုနှစ်တိုင်အောင် စေ့စပ်ဖြန်ဖြေကာ ဆောင်ရွက်ခဲ့၏။ ၁၉၄၈ ခု ဧပြီလ ၁ဝ ရက်နေ့တွင် လုံခြုံ ရေးကောင်စီက မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ သို့ဝင်ခွင့်ပြုရန် လျှောက်ထားချက်ကို တညီတညွတ်တည်း သဘောတူ ခွင့်ပြု ခဲ့၏။ ဧပြီလ ၁၉ ရက်နေ့တွင် အထွေထွေလွှတ်တော်က လုံခြုံရေးကောင်စီ၏ ထောက်ခံချက်အရ မြန်မာနိုင်ငံအား ကုလသမဂ္ဂဝင် နိုင်ငံတစ်ခုအဖြစ် အားလုံး သဘောတူ လက်ခံ ၍ အတည်ပြုလိုက်လေသည်။ မြန်မာနိုင်ငံသည် ၅၈ ခုမြောက် အဖွဲ့ဝင်ဖြစ်၏။

ပါလက်စတိုင်းပြဿနာနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂသည် အတော်ကြိုးပမ်းခဲ့ရ၏။ အထွေထွေလွှတ်တော် ထောက်ခံချက် အရ ယူနိုက်တက်ကင်းဒမ်းနိုင်ငံသည် ပါလက်စတိုင်းကို ထိန်းသိမ်းထားခြင်းမှ စွန့်လွတ် လိုက်ရ၏။ ၁၉၄၈ ခုနှစ်တွင် အထူးကျင်းပသော အထွေထွေလွှတ်တော်ညီလာခံက ပါလက် စတိုင်းပြဿနာ ဖြန်ဖြေရေးအရာရှိတစ်ဦး ခန့်ထားဖြေရှင်းစေ ခဲ့သည်။ အာရပ်နိုင်ငံများနှင့် အဇ္ဇရီယယ်နိုင်ငံတို့ စစ်ပြေငြိမ်း ရေး ကိုလည်း ကုလသမဂ္ဂက ဦးဆောင်ခဲ့၏။ ၁၉၄၉ ခုနှစ် တွင် အဇ္ဇရီယယ်နိုင်ငံသည် ကုလသမဂ္ဂဝင်နိုင်ငံ ဖြစ်လာလေ သည်။

၁၉၄၇ ခုနှစ်တွင် ကုလသမဂ္ဂသည် အင်ဒိုနီးရှားအရေးကို ဖြေရှင်းရပြန်သည်။ အင်ဒိုနီးရှားသမ္မတနိုင်ငံနှင့် ဒပ်ချတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ၊ ကုလသမဂ္ဂက အကျိုးဆောင်ကော်မတီ ဖွဲ့စည်းဆောင်ရွက်စေသည်တွင် ၁၉၄၈ ခုနှစ်၌ တိုက်ပွဲခေတ္တ ရပ်စဲသွားသော်လည်း မကြာမီ ပြန်လည်ဖြစ်ပွားခဲ့ပြန်သည်။ သို့သော် ဆက်လက် ဖြန်ဖြေခဲ့သဖြင့် နှစ်ဦးနှစ်ဖက် စေ့စပ် ဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ကာ ၁၉၄၉ ခုနှစ်တွင် အချုပ်အချာ အာဏာပိုင် အင်ဒိုနီးရှား ပြည်ထောင်စုသမ္မတနိုင်ငံ ဖြစ်ပေါ်လာ လေသည်။

ထို ၁၉၄၇ ခုနှစ်တွင် အထွေထွေလွှတ်တော်က ကိုရီးယား ပြဿာနာကို ဖြေရှင်းခဲ့ရ၏။ ၁၉၄၈ ခုနှစ်တွင် ကိုရီးယား တောင်ပိုင်းကို အထွေထွေလွှတ်တော်က အသိအမှတ် ပြုခဲ့ပြီး နောက် နိုင်ငံခြားတပ်များကို ရုပ်သိမ်းစေခဲ့သည်။ ကိုရီးယား မြောက်ပိုင်းအတွက်ကား မည်သို့မျှ မဆောင်ရွက်နိုင်ခဲ့သော် လည်း လွတ်လပ်ရေးရထိုက် သည်ဟု အသိအမှတ်ပြုခဲ့သော ကိုရီးယားနိုင်ငံ တလုံးတစည်းတည်းဖြစ်ရေးကို ဆောင်ရွက်ရန် အတွက် ကော်မရှင်တစ်ခု ဖွဲ့စည်းခဲ့၏။

ကုလသမဂ္ဂသည် ကသ္ဓီရအရေးနှင့်စပ်လျဉ်း၍ အိန္ဒိယနှင့် ပါကစ္စတန် ၂နိုင်ငံတို့ စစ်ဖြစ်ပွားမည်ရှိသည်ကို တားဆီးနိုင် ခဲ့၏။ ကသ္ဓီရအရေးမှာ လုံခြုံရေးကောင်စီသို့ ၁၉၄၈ ခု နှစ်ဦး တွင် ရောက်ရှိခဲ့ရာ နည်း အမျိုးမျိုးဖြင့် ထိုအရေးကို ဖြေရှင်း ရန် ကြိုးပမ်းနေဆဲဖြစ်လေသည်။

၁၉၄၈ ခုနှစ်တွင် အထွေထွေလွှတ်တော်သည် လူ့အခွင့် အရေး ကျေညာစာတမ်းကြီးကို ထုတ်ပြန်ခဲ့၏။ ၁၉၄၈ ခုနှစ်တွင် လက်တင်အမေရိကဒေသဆိုင်ရာ စီးပွာရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့၏။ လုံခြုံရေး ကောင်စီနှင့် အထွေထွေလွှတ်တော်တို့က ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ကြိုးပမ်းခဲ့သကဲ့သို့၊ အပြည်ပြည်ဆိုင်ရာ တရားရုံးတော်ကလည်း ပြည်ထောင်ချင်းချင်း အငြင်းပွားမှု များကို အေးချမ်းသောနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းခဲ့၏။ ၁၉၄၉ ခုနှစ် အထွေထွေလွှတ်တော် ညီလာခံတစ်ရပ်တွင် ဘာလင်ပိတ်ဆို့မှုကို စဉ်းစားခဲ့၏။ နောက်တွင် သဘောတူညီ ချက်ရရှိပြီးနောက် ယင်းပိတ်ဆို့မှုပြဿနာမှာ ပြီးပြေသွားလေ သည်။ ထိုနှစ်အထိ အပြည်ပြည် ဆိုင်ရာ နိုင်ငံငယ်များ ထိန်းသိမ်းထားရေးစနစ်အရ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား ထိန်းသိမ်းထားစေရန် လွှဲအပ်ထားသော ဒေသများမှာ ရူအန်း ဒါး-အူရွန်ဒီ၊ ဗြိတိသျှနှင့် ပြင်သစ်ကမ္မရွန်းနယ်များ၊ တိုဂိုလန်၊ တန်ဂန်ယီးက၊ နားအူးရူး၊ နယူးဂင်းနီ၊ အနောက် ဆမိုးအ၊ မာရှယ်ကျွန်းစု၊ မယ်ရီယန္နားကျွန်းစုနှင့် ကယ်ရို လိုင်းကျွန်းစု များ ဖြစ်လေသည်။

အထွေထွေလွှတ်တော် တတိယအကြိမ်ညီလာခံမှ မေတ္တာ ရပ်ခံချက်အရ အနုမြူအင်အား စောင့်ရှောက်ရေး အဖွဲ့နှင့် လက်နက်ကန့်သတ်ရေးအဖွဲ့တို့သည် လူအများ သေကြေ ပျက်စီးစေတတ်သော လက်နက်များ ဖျက်စီးရေးအတွက် ကုလသမဂ္ဂက တာဝန်ခံထားသည့်အတိုင်း ဆောင်ရွက်နိုင်ရန် နည်းလမ်းများကို ဆက်လက်ကြိုးပမ်းရှာဖွေခဲ့သည်။ ထိုပြင် အခြားလက်နက်များ လျှော့ပေါ့ရေးနှင့် အပြည်ပြည်ဆိုင်ရာ အနုမြူ အင်အားထိန်းသိမ်းရေးအတွက်လည်း ကြိုးပမ်းခဲ့၏။ ၁၉၅ဝ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့တွင် ကိုရီးယား မြောက်ပိုင်းတပ်များက ကိုရီးယားတောင်ပိုင်းကို ကျူးကျော် တိုက်ခိုက်ခဲ့သည်မှစ၍ ကိုရီးယားစစ်ပွဲစတင်ခဲ့သည်။ ကုလ သမဂ္ဂသည် ကိုရီးယားမြောက်ပိုင်းအား တိုက်ခိုက်မှုရပ်စဲရန် အရေးဆိုခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သဖြင့်၊ ကုလသမဂ္ဂ ဝင် နိုင်ငံများက သဘောတူဆုံးဖြတ်ကာ ကိုရီးယားတောင်ပိုင်း ဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးခဲ့သည်။ နောက်ဆုံး၌ ကုလ သမဂ္ဂကြီး၏ ကြိုးပမ်းမှုကြောင့် ၁၉၅၃ ခု ဇူလိုင်လ ၂၇ ရက် နေ့တွင် စစ်ရပ်ဆဲရေးစာချုပ်ကို နှစ်ဦးနှစ်ဖက် လက်မှတ် ရေးထိုးခဲ့သည်။

၁၉၅၁ ခုနှစ်တွင် အဇ္ဇရီယယ်အစိုးရက ဂျော်ဒန်မြစ်ကို ပြုပြင်ဖေါက်လုပ်သည်မှစ၍ ဆီးရီးယားနိုင်ငံနှင့် အချင်းများခဲ့ ကြသည်။ ဤကိစ္စမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ရောက် သဖြင့် ဖြန်ဖြေရေးအဖွဲ့ စေလွှတ်ခဲ့ရသည်။ တိုက်ခိုက်ရေး ရပ်စဲ မှုများကို နှစ်ပြည်ထောင်လုံးမှပင် လက်ခံကြသော်လည်း၊ အာရပ်နိုင်ငံများ၏ တင်းမာမှုကြောင့် ဆွေးနွေးပွဲများ ပျက်ပြား ခဲ့ရလေသည်။ ကုလသမဂ္ဂသည် ဂျာမနီနိုင်ငံတွင် အရှေ့ပိုင်းအနောက်ပိုင်း ဟု ခွဲခြားနေသည်ကို ပူးပေါင်ပေးရန် ကြိုးစား ခဲ့သည်။ ဤ ကိစ္စနှင့် စပ်လျဉ်း၍ စုံစမ်းရေးအဖွဲ့များ စေလွှတ်ရန် စီစဉ်သည့် အခါ၊ ဂျာမနီအရှေ့ပိုင်းက စုံစမ်းရေးအဖွဲ့ကို အဝင်မခံဟု တင်းမာစွာ ပြန်ကြားသဖြင့် ဤကိစ္စမှာ မအောင်မြင်ချေ။ ကုလသမဂ္ဂသည် ၁၉၅၁ ခုနှစ်အတွင်း ၄၅ ပြည်ထောင် အစိုးရ များနှင့် စီးပွားရေးစာချုပ်များ ချုပ်ဆိုကာ၊ မတိုးတက် သော နိုင်ငံများကို စက်မှုလက်မှု၊ စီးပွားရေးအကူအညီများ ပေးခဲ့သည်။ ကုလသမဂ္ဂ၏ ကြိုးပမ်းရှေ့ဆောင်မှုကြောင့်၊ ယခင်က အီတလီနိုင်ငံ လက်အောက်ခံဖြစ်ခဲ့သော လစ်ဗျား ပြည်မှာ လွတ်လပ်သော အချုပ်အချာ အာဏာပိုင်နိုင်ငံဖြစ်လာလေသည်။ ကုလသမဂ္ဂကြီးမှူး၍ ၃ နှစ်တိုင်တိုင် ရေးဆွဲခဲ့သော လူ့ အခွင့်အရေး ကျေညာစာတမ်းကို ပါရစ်မြို့၌ ကျင်းပသော ကုလသမဂ္ဂ မျက်နှာစုံညီ အစည်းအဝေးကြီးက ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ကန့်ကွက်သူမရှိ လက်ခံ အတည်ပြု ခဲ့သည်။ ထိုကျေညာစာတမ်းတွင် အပိုဒ်ပေါင်း ၃ဝ ပါဝင်၍ လူတိုင်းလူတိုင်း လွတ်လပ်စွာ နေထိုင်ခွင့်၊ လွတ်လပ် စွာ ပြောဆိုရေးသားခွင့်နှင့် ကျေးကျွန်စနစ် ပယ်ဖျက် ပိတ်ပင် ရေးစသည်တို့ကို ဖေါ်ပြထားသည်။ အတည်ပြုသည့်နေ့ကို အကြောင်းပြု၍ ဒီဇင်ဘာလ ၁ဝ ရက်နေ့ ကို လူ့အခွင့်အရေး နေ့အဖြစ် ကုလသမဂ္ဂအဖွဲ့က ဆုံးဖြတ်ထားလေသည်။


၁၉၅၃ ခု မတ်လ ၃၁ ရက်နေ့တွင် အမျိုးသမီးတို့၏ နိုင်ငံရေးအခွင့်အရေးများ ကျေညာချက်ကို ကုလသမဂ္ဂဝင် နိုင်ငံများက လက်ခံအတည်ပြုကြသည်။ ဤကျေညာစာတမ်း တွင် အမျိုးသမီးများအား ယောက်ျားများနှင့် တန်းတူရွေး ကောက်ပွဲများတွင် မဲပေးနိုင်ခွင့်၊ မဲဖြင့် ရွေးကောက်တင်မြှောက် ရသော အဖွဲ့အစည်းများ၌ ပါဝင်နိုင်ခွင့်၊ ရာထူးရာခံများတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရှိကြောင်း ပါဝင်လေသည်။ ၁၉၅၃ ခု ဧပြီလ ၇ ရက်နေ့တွင် ဆွီဒင်နိုင်ငံမှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် စီးပွားရေးပါရဂူဖြစ်သူ မစ္စတာဒက် ဂျာလမာအဂ္ဂနီဟမ်မာစယိုးအား နှုတ်ထွက်သွားသော ထရစ် ဗီလီး၏နေရာ၌ ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက်တင်မြှောက်လေသည်။ ဟမ်မာစယိုး၏ တိုက်တွန်း ချက်မှာ ကုလသမဂ္ဂအား မိမိတို့တိုင်းပြည်မျာတွင် ရင်ဆိုင် နေရသောပြဿနာများကို တင်ပြတိုင်ကြားရမည့် ဌာနတစ်ခုမျှ သာ သဘောမထားကြဘဲ၊ မိမိတို့နှင့် ရည်ရွယ်ချက်ချင်း တူညီ သောကိစ္စများအတွက် အောင်မြင်မှုကို ရှေးရှုလျက် ပူးပေါင်း ဆောင်ရွက်ကြရန် ဖြစ်ပေသည်။ ၁၉၅၃ ခု စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပသော အဋ္ဌမအကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေလွှတ်တော် ညီလာခံတွင် အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မဒမ်ဝိဇယလက်ရှမီ ပဏ္ဍစ်အား ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ သည်။ လက်ရှမီပဏ္ဍစ်က ဥက္ကဋ္ဌ မိန့်ခွန်းမြွတ်ကြားရာတွင် ကိုရီးယား စစ်ပွဲ ရပ်စဲသွားပြီးဖြစ်၍ ကမ္ဘာ့အရှေ့တိုင်း ပြဿနာ ရပ်များကို ဖြေရှင်းပေးရန် လမ်းပွင့်သွားပြီ ဖြစ်သည့်အပြင် အခွင့်အခါကောင်းလည်း ဆိုက်ရောက်နေပြီဖြစ်ကြောင်း ပြော ကြားခဲ့သည်။ မြန်မာနိုင်ငံတော်အတွင်းသို့ တရုတ်အမျိုးသားအစိုးရ တပ်သား ၁၂,ဝဝဝ ခန့် ဝင်ရောက်ကျူးကျော်မှုနှင့် စပ်လျဉ်း၍ ၁၉၅၃ ခု မတ်လ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ လွှတ်တော်ညီလာခံကြီးသို့ တိုင်တန်း ခဲ့သည်။ ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပသော နိုင်ငံရေးရာနှင့် လုံခြုံရေးကော်မတီ က နိုင်ငံခြား တပ်သားများသည် မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားရမည် သို့မဟုတ် လက်နက်များချအပ်၍ ချက်ခြင်း အဖမ်းခံရမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေလွှတ်တော်သို့ တင်ပြရာ ကန့်ကွက်သူ မရှိ ၅၉ မဲဖြင့် အတည်ပြုခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ တရုတ် တပ်များအရေးကို ဖြေရှင်းရန် ဗန်ကောက် မြို့တွင် တရုတ် အမျိုးသားအစိုးရ၊ အမေရိကန်၊ ယိုးဒယားနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များ ပါဝင် သော ၄ နိုင်ငံ ဆွေးနွေးပွဲပြုလုပ်ခဲ့ သည်။ ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ တင်ပြချက်ကို လက်မခံသဖြင့် မြန်မာကိုယ်စားလှယ်များ ထွက်လာခဲ့သည်။ သို့သော် ထပ်မံစေ့စပ်ချက်များအရ ၁၉၅၃ ခု နိုဝင်ဘာလ ၇ ရက်နေ့မှစ၍ တရုတ်အမျိုးသားစစ်တပ်များ မြန်မာနိုင်ငံတွင်းမှ တစ်သုတ်ပြီးတစ်သုတ် ထွက်ခွာနေသည် တွေ့ရ၏။ ဤထွက်ခွာရေးကို အမေရိကန်နိုင်ငံမှ ကာနယ်ပါးမား၊ တရုတ် အမျိုးသား အစိုးရဖက်မှ ကာနယ်အိုင်ပူဒီးနှင့် ယိုးဒယားနိုင်ငံမှ ကာနယ်ချတ်ချိုင်တို့ ပါဝင်သော ၃နိုင်ငံအဖွဲ့က ကြီးကြပ်လျက် ရှိသည်။ ပြည်ထောင်စုမြန်မာနိုင်ငံကမူ လေ့လာသူများအဖြစ် ဖြင့်သာ စောင့်ကြည့်ခဲ့လေသည်။ ဆိုခဲ့သည်အတိုင်း ကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တတိယကမ္ဘာစစ် မဖြစ်ပွားရေးတို့ကို ရှေးရှုလျက် ကမ္ဘာ့ အရပ်ရပ်တွင် ပေါ်ပေါက်လာသော ပြဿနာအရပ်ရပ်များကို မဆိုင်းမတွ ဖြေရှင်းစေ့စပ်ပေးလျက်ရှိသည်။ ထိုကြောင့် ဤ အဖွဲ့ချုပ်ကြီးကို တိုင်းငယ်ပြည်ငယ်ကလေးမျာက အထူး ယုံကြည် အားထားလာကြသည်။ ယခုတစ်နှစ် နှစ်နှစ်အတွင်းတွင် ကုလသမဂ္ဂအဖွဲ့ကြီးသည် အုံကြွလာသော ကမ္ဘာ့ပြဿနာရပ်ကြီးများကိုသာ ဖြေရှင်းပေးရုံ မျှမက၊ အဖွဲ့ဝင်နိုင်ငံများတွင် စီးပွားရေးခိုင်လုံမှု၊ စက်မူလက်မှု တိုးတက်မှု၊ စိုက်ပျိုးရေး ကောင်းမွန်လာစေမှုတို့ကို အနည်း နည်း အဖုံဖုံ ကူညီအားပေးခဲ့သည်။ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း များဖြစ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ပြန်လည် ထူထောင်ရေးနှင့် တိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ဘဏ်၊ ပညာ သိပ္ပံ နှင့် ယဉ်ကျေးမှုအဖွဲ့၊ ကလေးများ အရေးပေါ်ရန်ပုံငွေ အဖွဲ့တို့ မှာ ကမ္ဘာတစ်ဝှန်းလုံးတွင် ကျယ်ပြန့်စွာ လုပ်ကိုင် ဆောင်ရွက် လျက်ရှိကြသည်။ ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အောင်မြင်သည့်အခါ အောင်မြင်ခဲ့သော်လည်း မအောင်မြင် သည့် အခါများလည်း ရှိပေသည်။ သို့ရာတွင် နောက်ထပ် ကမ္ဘာစစ်ကြီး မဖြစ်ပွားရန် တည်းဟူသော အဓိက ရည်ရွယ် ချက် ဖြစ်သည့် ငြိမ်းချမ်းရေးမှာ တည်မြဲလျက် ရှိနေသေး သဖြင့်၊ ကုလသမဂ္ဂမှာ မြှော်လင့်ဖွယ်ရာရှိနေသေးပေသည်။ ထိုပြင် ကုလသမဂ္ဂ၏ အင်အားမှာ ကမ္ဘာပေါ်ရှိ သန်းပေါင်း ၁ဝဝဝ မျှ မကသော လူအပေါင်းတို့ တစ်ဦးနှင့်တစ်ဦး အေးချမ်းစွာ ပူးပေါင်းဆောင်ရွက်လိုမှုပေါ်တွင် တည်နေ၏။ တစ်နည်းဆိုရသော် ထိုလူအပေါင်း၏ ကိုယ်စားလှယ်များ ဖြစ်သော အစိုးရများ၏ အေးချမ်းစွာ ပူးပေါင်း ဆောင်ရွက်လိုမှု ပေါ်တွင် တည်နေလေသည်။ အချုပ်ကား ကုလသမဂ္ဂကြီး ထိရောက်စွာ ဆောင်ရွက်နိုင်မှုနှင့် ကုလသမဂ္ဂ၏ နောင်ရေး မြှော်လင့်ချက်မှာ နိုင်ငံများ၏ အသိဥာဏ်ပွင့်လင်းသော အကျိုး ဖြစ်ထွန်းစေမှုပေါ်တွင် တည်နေပေတော့သည်။ [1]

အဖွဲ့ဝင်နိုင်ငံများ

၂၀၀၆ ခုနှစ် ၊ ဇွန်လ (၂၈) ရက်နေ့တွင် မွန်တီနီဂရိုး နိုင်ငံ နောက်ဆုံးအဖွဲ့ဝင် ဖြစ်လာသည့်အတွက် လက်ရှိအနေဖြင့် ကမ္ဘာ့ ကုလသမဂ္ဂတွင် အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၂) နိုင်ငံ ရှိသည်။

Image: UN_Members.gif

ပါဝင်သော အဖွဲ့အစည်းများ

အထွေထွေ ညီလာခံ

အထွေထွေ ညီလာခံ

အထွေထွေ ညီလာခံသည် ကုလသမဂ္ဂ၏ အဓိက အစည်းအဝေးဖြစ်သည်။ နှစ်စဉ် ကျင်းပ၍ အဖွဲ့ဝင် နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


လုံခြုံရေးကောင်စီ

လုံခြုံရေး ကောင်စီ
လုံခြုံရေး ကောင်စီသည် အဖွဲ့ဝင်နိုင်ငံများ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုနှင့် လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်သည်။ အဖွဲ့ဝင်နိုင်ငံ (၁၅) နိုင်ငံ ပါဝင်ပြီး အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံနှင့် ယာယီအဖွဲ့ဝင် (၁၀) နိုင်ငံတို့ ပါဝင်ကြသည်။ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများမှာ တရုတ် ၊ ပြင်သစ် ၊ ရုရှ ၊ ဗြိတိန် နှင့် အမေရိကန်တို့ ဖြစ်ကြပြီး ၄င်းတို့သည် ဗီတိုအာဏာ သုံးစွဲပိုင်ခွင့် ရှိကြသည်။


အထွေထွေ အတွင်းရေးမှူးချုပ်ရုံး

အထွေထွေ အတွင်းရေးမှူးချုပ်ရုံး အဆောက်အဦ
အထွေထွေ အတွင်းရေးမှူးချုပ်ရုံးသည် နိုင်ငံတကာမှ ၀န်ထမ်းများဖြင့် ဖွဲ့စည်းထား၍ အထွေထွေ အတွင်းရေးမှူးချုပ် ရုံးထိုင်သည်။ ကုလသမဂ္ဂ၏ အစည်းအဝေးများအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ပြုစုသည်။ လုံခြုံရေး ကောင်စီနှင့် အထွေထွေ ညီလာခံတို့က တိုက်ရိုက် တာဝန်ပေးသည့် လုပ်ငန်းများလည်း ဆောင်ရွက်သည်။

ဘဏ္ဍာရေး

အဖွဲ့ဝင် နိုင်ငံများ၏ ရံပုံငွေ အချိုးကျ ထည့်ဝင်မှု
(၂၀၀၆)
နိုင်ငံ ထည့်ဝင်သည့် အချိုး
Image:USA.png အမေရိကန် ၂၂.၀၀၀ %
Image:Japan.png ဂျပန် ၁၆.၆၂၄ %
ဂျာမနီ ၈.၆၆၀ %
Image:UK.png ဗြိတိန် ၆.၁၃၀ %
Image:France.png ပြင်သစ် ၆.၀၃၀ %
Image:Italy.png အီတလီ ၄.၈၉၀ %
Image:Canada.png ကနေဒါ ၂.၈၁၀ %
Image:China.png တရုတ် ၂.၆၆၇ %
Image:Spain.png စပိန် ၂.၅၂၀ %
Image:Mexico.png မက္ကဆီကို ၁.၈၈၀ %
Image:Australia.png‎ ၾသစေၾတးလ် ၁.၅၉၀ %
Image:Brazil.png ဘရာဇီး ၁.၅၂၀ %
အခြား နိုင်ငံများ ၂၂.၆၇၉ %

ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများမှ အချိုးကျ ထည့်ဝင်သော ဘဏ္ဍာငွေများဖြင့် ရပ်တည်သည်။ လက်ရှိ အသုံးပြုလျက်ရှိသည့် ရံပုံငွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာ (၄.၁၉) ဘီလီယံ ခန့် ရှိသည်။ အဓိက အသုံးစရိတ်များသည် ကုလသမဂ္ဂ၏ အဓိက လုပ်ငန်းဖြစ်သော လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများတွင် အသုံးပြုသည်။ ၂၀၀၅ - ၀၆ ဘဏ္ဍာနှစ်၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများအတွက် အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ (၅) ဘီလီယံခန့ှ်ရှိသည်။

အထွေထွေ အတွင်းရေးမှူးချုပ်

အထွေထွေ အတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ဦးဆောင် ကျင်းပသူဖြစ်ပြီး ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့် ရှိသူနှင့် ခေါင်းဆောင်လည်း ဖြစ်သည်။ အထွေထွေ အတွင်းရေးမှူးချုပ်ကို မဲစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး လုံခြုံရေး ကောင်စီ၏ ထောက်ခံမှုဖြင့် အထွေထွေ ညီလာခံက အတည်ပြုခြင်း ဖြစ်သည်။ မဲပေးရာတွင် လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတိုင်းက မဲပေးခွင့် ရှိသည်။ တာဝန်ထမ်းဆောင်ခဲ့ကြသော အထွေထွေ အတွင်းရေးမှူးချုပ်များမှာ -

တာဝန်ထမ်းဆောင်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်များ
စဉ် အမည် နိုင်ငံ မှ ထိ မှတ်ချက်
ထရာဂွေးလီး (Trygve Lie ) Image:Norway.png နော်ေ၀၁၉၄၆ ဖေဖေါ်ဝါရီ ၂ ၁၉၅၂ နိုဝင်ဘာ ၂၀
ဒဂ် ဟားမားရှိုးဒ် (Dag Hammarskjöld ) Image: Sweden.png ဆွီဒင် ၁၉၅၃ ဧပြီ ၁၀ ၁၉၆၁စက်တင်ဘာ ၁၈
ဦးသန့်  (U Thant) Image:Myanmar.png မြန်မာ၁၉၆၁ နိုဝင်ဘာ ၃၀ ၁၉၇၂ ဇန်န၀ါရီ ၁
ကု ၀ဲလ်ဟိမ်း (Kurt Waldheim) Image:Austria.png သြစကြီးယား ၁၉၇၂ ဇန်န၀ါရီ ၁ ၁၉၈၂ ဇန်န၀ါရီ ၁
ဂျာဗီးယား ပေရက်ဇ် ဒီကွေးလျား (Javier Pérez de Cuéllar) Image:Peru.png ပီရူး ၁၉၈၂ ဇန်န၀ါရီ ၁၁၉၉၂ ဇန်န၀ါရီ ၁
ဘူးထရို့စ် ဘူးထရို့စ် ဂါလီ (Boutros Boutros-Ghali) Image:Egypt.png အီဂျစ် ၁၉၉၂ ဇန်န၀ါရီ ၁ ၁၉၉၇ ဇန်န၀ါရီ ၁
ကိုဖီ အာနန် (Kofi Annan) Image:Ghana.png ဂါနာ ၁၉၉၇ ဇန်န၀ါရီ ၁ ၂၀၀၇ ဇန်န၀ါရီ ၁
ဘန်ကီမွန်း (Ban Ki-moon) Image:S Korea.png‎ တောင်ကိုရီးယား ၂၀၀၇ ဇန်န၀ါရီ ၁ - လက်ရှိ


Comments