ကသစ်ဝိုင်ဆရာတော်

ကသစ်ဝိုင်ဆရာတော် အလောင်းအလျာကို ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် ၅-မိုင်ခန့်ဝေးသော အထက်စု အဗျားရွာတွင် ခမည်းတော် ဦးဘိုးကန်+မယ်တော် ဒေါ်စိမ်ရင် တို့က ကောဇာသက္ကရာဇ် ၁၂၆၅-ခုနှစ်၊ တပေါင်းလဆန်း(၁၀)ရက်၊ ဗုဒ္ဓဟူးနေ့မွန်းတည့်(၁၂)နာရီ၌ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။ မွေးချင်း ဆယ်ဦးအနက် အကြီးဆုံးသားဖြစ်သည်။ ငယ်မည်မှာ မောင်ရွှေဘ ဖြစ်သည်။ မိဘများမှာ လယ်ယာလုပ်ကိုင်သည်။

ငယ်ဘဝ

ငယ်စဉ်က ဖျားနာခြင်းမရှိ၊ ပူပန်ခြင်းမရှိ ရောဂါဝေဒနာ ကင်းရှင်းသည့်ပြင် စိတ်ရင်း အလွန်ဖြူစင်ပြီး ရွှေအဆင်းကဲ့သို့ ၀င်းဝါသော အသားအရေ ရှိသည်။ ငယ်စဉ်ကပင် တည်ငြိမ်သော ဣနြေ္ဒရှိသည်။ အသက်(၇)နှစ် အရွယ်တွင် လောကီ၊ လောကုတ္တရာ ပညာအရပ်ရပ်နှင့် ပြည့်စုံသော အဗျားအထက်စုကျောင်း ဆရာတော် ဦးကလျာဏထံတွင် ပညာသင်ကြားခဲ့သည်။ မောင်ရွှေဘသည် ထက်မြက်သောဉာဏ်၊ ပါရမီဓာတ်ခံ ရှိသောကြောင့် အတွက်အချက် ဂဏာန်းအတတ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခဲ့သည်။ သို့သော် လောကီအတတ်ပညာကို စိတ်ပါဝင်စားခြင်းနှင့် အားကိုးအားထား ပြုခြင်းမရှိဘဲ လောကုတ္တရာစာပေ၊ သဂြိုလ်ကျမ်းများကိုသာ အထူးကြိုးစားသင်ကြားခဲ့သည့်အတိုင်း ကျွမ်းကျင်စွာ တတ်မြောက်လာခဲ့သည်။

၁၂-နှစ်အရွယ်တွင် မိဘတို့က ဆရာတော် ဦးကလျာဏထံတွင် ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေပြုသည်။


Comments