ကဗျာ

ကဗျာ သည် ဘာသာစကား ၏ အလှအပ များကို အသုံးပြုပြီး မှုရင်း အဓိပ္ပါယ်ထက် ပိုမိုသော ခံစားမှု စွမ်းရည်ပေးသော စာပေ အနုပညာ တစ်မျိုးဖြစ်သည်။ ကဗျာကို နည်းမျိုးစုံဖြင့် ရေးသားနိုင်ပြီး အခြား အနုပညာများနှင့်လည်း ပေါင်းစပ်နိုင်ကာ သာမန် ကဗျာများအပြင် သီချင်း၊ ညဉ်းခြင်း ၊စာချိုး စသည်တို့လည်း ရှိကြသည်။

သမိုင်း


မြန်မာ့စာပေသမိုင်းတွင် ပထမဆုံးကဗျာကို ပုဂံခေတ်၌စတင်တွေ့ရှိခဲ့ရသည်။ သမိုင်းမှတ်တမ်းများအရ ရှေးအကျဆုံးကဗျာမှာ သေလည်ကြောင်မင်းလက်ထက်၌ ရေးစပ်သီကုံးခဲ့သော ရွှေနှင့်ယိုးမှားပန်းစံကား ကဗျာ ဖြစ်သည်။ မင်းမဟာဂီရိ နတ်မောင်နှမအကြောင်းကို ရေးစပ်သီကုံးထားသော ကဗျာ ဖြစ်သည်။

ဒုတိယမြောက် ရှေးအကျဆုံးကဗျာမှာ ကျန်စစ်သားမင်းလက်ထက်တွင် ရေးစပ်သီကုံးခဲ့သောမြကန်သာကဗျာ ဖြစ်ပြီး တတိယမြောက် ရှေးအကျဆုံးကဗျာမှာ အနန္တသူရိယ အမတ်ကြီး၏ သူတည်းတစ်ယောက် အစချီသော မျက်ဖြေလင်္ကာ ဖြစ်သည်။

စာရေးဆရာပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း လို့ အဓိပ္ပါယ်ရပါတယ်။ (ဒီနေရာမှာ ပညာရှိ ဆိုတာ က၀ိ လို့ ခေါ်ပါတယ်။ က၀ိ ဆိုတဲ့ ပါဠိစကားကတော့ ကဗျာသီချင်း စပ်ဆိုသီကုံးတတ်သူ စာရေးဆရာ ပညာရှိ လို့ အဓိပ္ပါယ်ရပါတယ်။)

မြန်မာကဗျာ အဖွင့်

ကဗျာဆိုသည် စာရေးဆရာပညာရှိတို့၏ပစ္စည်းဥစ္စာဟု ဆိုသည်။ စာဆိုက၀ိ ပညာရှိဆိုသည်မှာ ပါဠိစကား က၀ိ ဟု ခေါ်ဆိုသည်။ ကဗျာသီချင်း စပ်ဆိုသီကုံးတတ်သူ၊ စာရေးဆရာ ပညာရှိဟု အဓိပ္ပါယ်ရသည်။မူလပုဒ်ရင်းက 'က၀ိ' ဖြစ်ပါတယ်။ က၀ိ မှ ကာဝေယျ၊ - ကဗ္ဗ၊ -ကာဗျ၊ -ကဗျ ဆို၍ မြန်မာဘာသာနှင့် ကဗျာ ဆိုပြီးဖြစ်လာသည်ဟု ဆိုကြသည်။

စာဆိုက၀ိများသည် သူတို့စိတ်တွင် ထိတွေ့ခံစားရသော ခံစားချက်များကို တခြားသူများဆီ ကဗျာလင်္ကာများနှင့် ကူးစက်ထိတွေ့ ခံစားစေတတ်ပါသည်။ ကဗျာလင်္ကာဆိုသည် လူများ နေ့စဉ်ပြောဆိုသုံးစွဲနေသော သာမာန်စကားများကို တေးဂီတပမာ ပြေပြစ်ချောမောစွာနှင့် ချိုသာငြိမ့်ငြောင်းအောင် ရေးဖွဲ့သီကုံးထားသော စာဖြစ်ပါသည်။ တေးဂီတပမာဖွဲ့သီ ထားသော စာပန်းကုံးများလို့ ဆိုနိုင်ပါသည်။ ဒါ့အပြင် 'ဒေါသ' မှ ကင်းလွတ် ရပါမည်။ 'ဂုဏ်' မြောက်ရပါမည်။ ထိုသို့ ပြည့်စုံအောင်ဖွဲ့ဆိုထားသမျှ စာတွေကို သက္ကဋဘာသာ၊ မာဂဓ (ပါဠိ) ဘာသာတွေမှာ 'ဂါထာ' လို့ ခေါ်၍ မြန်မာဘာသာတွင် လင်္ကာသီချင်းများကို ကဗျာလင်္ကာဟု ခေါ်ပါသည်။ ကဗျာလင်္ကာဆိုသည် တေးဂီတမှနေ စတင်အခြေတည်ခဲ့သည်ဟု ယူဆကြပါသည်။ ကမ္ဘာကြီးတွင် သာယာသံ ဆိတ်သုဉ်းခြင်း မည်သည့်အခါကမျှ မရှိခဲ့ဟု ဆိုကြပါသည်။ ရေလှိုင်းခတ်သံ၊ လျှပ်စစ်ပြက် မိုးကြိုးထစ်သံ၊ သစ်ရွက် လေတိုးသံ၊ ကျေးငှက်တိရစ္ဆာန်တို့ အော်မြည် ရင့်ကျူးသံ စသော အသံများသည် သဘာဝ၏ ဂီတသံများ ဖြစ်ပါသည်။ ထိုအသံကို လူများသတိပြုမိ၊ အာရုံပြုမိရာက လိုက်တုပြီး အသံထွက်ကြရင်းနှင့် ဂီတဆိုတာ ဖြစ်လာခဲ့သည်။ ထိုဂီတ မှနေ ဂီတသံနှောသည့် စကားလုံးများကို စကားပြောဆိုရာမှာ သုံးစွဲရင်းမှ ကဗျာလင်္ကာ စတင်သန္ဓေတည် ခဲ့သည်ဟု မှတ်သားဘူးသည်။ စာပေအက္ခရာ ပေါ်ပေါက်လာသောအခါ ကဗျာလင်္ကာများ ရေးသားလာကြပါသည်။

ဂီတ၊ ကဗျာ၊ လင်္ကာ နှင့် သီချင်း

မြန်မာကဗျာ ဆိုသောအရာ အရင်းအမြစ်ကို ကြည့်လျှင် ဂီတ၊ ကဗျာ၊ လင်္ကာနှင့် သီချင်း ဆို၍ စတင်တွေ့ရှိရပါမည်။ ထို ဂီတ၊ ကဗျာ၊ လင်္ကာ၊ သီချင်း လေးမျိုးကို 'အဖွဲ့' ဟု့ ခေါ်ပါသည်။ အကြောင်းအရာများကို သီကုံးဖွဲ့နွဲ့ထားသောကြောင့် ဖြစ်သည်။

အဖွဲ့

အဖွဲ့ကို ပါဠိလို 'ဗန္ဓ' လို့ခေါ်ပါသည်။ ရေးသားသီကုံးဖွဲ့နွဲ့ထားသော စာမှန်သမျှ ဗန္ဓ ဖြစ်ပါသည်။ ထိုအဖွဲ့ကမှ 'ပဇ္ဇ' ဟုခေါ်သော 'ကဗျာ'၊ 'ဂဇ္ဇ' ဟုခေါ်သော 'စကားပြေ' နှင့် '၀ိမိဿ' ဟုခေါ်သော 'နှစ်ထွေရော' (ကဗျာနှင့် စကားပြေ ရောပြီးရေးထားသောအဖွဲ့ - ပြဇာတ် ဟုခေါ်လျှင် ခေါ်နိုင်ပါသည်။)ဟု ခွဲထွက်လာပါသည်။  ထို 'ပဇ္ဇ' ဟုခေါ်သော 'ကဗျာ' ပင်မ ကနေမှ 'ဂီတ' နှင့် 'လင်္ကာ'ဟု ထပ်မံခွဲထွက်လာပါသည်။ ပုံစံကို ကြည့်ပါ။

File:Family_Tree_of_poem.jpg

အခြေခံအချက်များ

မြန်မာကဗျာရေးဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်တွေကို စကြည့်ကြပါမယ်။ ကဗျာရေးတဲ့အခါ အခြေခံအချက်တွေက

  1. အသတ်၊ အလပ်
  2. ကာရန်၊ အသံ
  3. အစပ်၊ အဟပ်
  4. ကြိယာ ဆို၍ ရှိပါသည်။
(၁)အသတ်၊ အလပ်

အသတ် ဆိုတာ ကတော့ အက္ခရာပေါ်မှာ တံခွန်ထူထားတဲ့ -် ကိုပြောတာပါ။ အလပ် ဆိုတာကတော့ အဲဒီ အသတ်တံခွန်မပါဘဲ လစ်လပ်နေတာကို ပြောတာပါ။ အခြေခံမြန်မာသင်ပုန်းကြီးအရ အသတ် ၁၀ ပါး ရှိပါတယ်။ အဲဒါတွေကတော့

က သတ် (က်)၊ င သတ် (င်)၊ စ သတ် (စ်)၊ ည သတ် (ည်)၊ တ သတ် (တ်)၊ န သတ် (န်)၊ ပ သတ် (ပ်)၊ မ သတ် (မ်)၊ ယ သတ် (ယ်)၊ ၀ သတ် (၀်) - တို့ဖြစ်ပါတယ်။
ဒီ အသတ် ၁၀ မျိုးကို မူလအသတ် (သို့မဟုတ်) မုချအသတ် လို့ခေါ်ပါတယ်။ ဒီကနေဆက်ပြီး ပွားလာ တဲ့ အသတ်တွေကိုတော့ သာမတိယအသတ် (ပါဠိပျက်)အသတ်တွေ လို့ခေါ်ပါတယ်။ က သတ် = ခ်၊ ဂ်၊ ဃ် (မုခ်၊ ၀ဂ် စသည်ဖြင့်)
စ သတ် = ဆ်၊ ဇ်၊ စ်ျ၊
ည သတ် = သဝေထိုးသံ၊ နောက်ပစ်သံ (ရှည် = ရှေ)
တ သတ် = ဋ၊ ဌ၊ ဍ၊ ဎ၊ ထ၊ ဒ၊ ဓ၊ သ
န သတ် = ဏ၊ ရ၊ လ၊ ဟ၊ ဠ
ပ သတ် = ဖ၊ ဗ၊ ဘ
ကသတ် နဲ့ စာလုံးတွေကို ခ်၊ ဂ်၊ ဃ် စာလုံးတွေနဲ့ ကာရန်တူယူလို့ရတယ်လို့ ဆိုလို တာပါ။ ဥပမာ - ဘုရားဖူးထွက်၊ မဂ်ဖိုလ်ရည်မျှော် ဆိုတာမျိုးမှာ ထွက် နဲ့ မဂ် ကာရန်တူပါတယ်။

(၂)ကာရန်၊ အသံ

ကာရန်ဆိုတာ ကာရန္တ ဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာပါတယ်။ အက္ခရာရဲ့အဆုံးသတ် (ဒါမှမဟုတ်) အဆုံး အက္ခရာ လို့ အဓိပ္ပါယ်ရပါတယ်။ ကဗျာမှာဆိုရင်တော့ အက္ခရာအချင်းချင်း အသတ်တူ (သို့မဟုတ်) အသံတူ စပ်ထားတဲ့ စာလုံးတွေကို ဆိုလိုပါတယ်။ အရင် အခန်းမှာရေးခဲ့သလို ကဗျာတပုဒ်မှာ အသံကာရန်၏ကောင်းခြင်း (သဒ္ဒါလင်္ကာရ) နဲ့ အဓိပ္ပါယ်၏ကောင်းခြင်း (အတ္ထာလင်္ကာရ) နှစ်မျိုးလုံးရှိရပါမယ်။ ဒါပေမယ့် ကာရန်ကိုက်အောင် လို့ဆိုပြီး အဓိပ္ပါယ်တွေ လိုက်မြောသွားတာမျိုးတော့ မဖြစ်ရပါဘူး။ ကိုယ်လိုချင်တဲ့ အဓိပ္ပါယ်နောက်ကိုသာ ကာရန်ကိုက်အောင် လိုက်ပြီးရေးရမှာပါ။ အဲဒီလိုမှမဟုတ်ရင် အရင် ဆောင်းပါးမှာ ပြခဲ့တဲ့ ကဗျာတွေလို ကာရန်သာမှန်ပြီး ဘာအဓိပ္ပါယ်မှ မရှိတဲ့ ကဗျာတွေဖြစ်ကုန်ပါလိမ့်မယ်။ ကာရန်အကြောင်းပြောရင်း အလျဉ်းသင့်လို့ နဘေ အကြောင်းပါ နည်းနည်းမိတ်ဆက်ပါရစေ။ နဘေ ဆိုတာ 'နံဘေး' ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတယ်လို့  ဆိုကြပါတယ်။ အရွယ်တူပျဉ်ချပ် တွေကို နံဘေးချင်း (အလျားလိုက်) ယှဉ်စပ်ထားသလို အပိုဒ်နှစ်ခုကို ဘေးချင်းစပ်ဟပ်ဖွဲ့နွဲ့ထားတာကို နံဘေးစပ်၊ အဲဒီကနေ နဘေစပ်လို့ ခေါ်ကြပါတယ်။ ဥပမာ အချုပ်တန်းဆရာဖေ ရေးခဲ့တဲ့ ပန်းချီမနိုင် လေးချိုးလတ် မှာဆိုရင် ...

ရွှေပဒုံကြာအချပ်ကို၊ လေအဟုန်လာပြီးဟပ်စဉ်က .. စခန်းနော်လိုရာကွန့်နိုင်တဲ့၊ မန်းပေါ်မှာ ကိုကြာညွန့်သော်မှ ... ဆိုတာတွေဟာ နဘေစပ်တွေဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကာရန်ဟာ စာလုံးတစ်လုံးပဲ အသံထွက် (သို့မဟုတ်) အဆုံးသတ်စာလုံးပေါင်း တူပါတယ်။ နဘေ ကတော့ စာလုံးတစ်လုံးထက်ပိုပြီး တူရပါတယ်။ နဘေစပ်နည်း ၈ မျိုးတွေ့ရပါတယ်။ နောက်ပိုင်း အစပ်၊ အဟပ် အပိုင်းမှာဆက်လက်ပြီးဖေါ်ပြပေးပါ့မယ်။ ကာရန်ကိုပြန်ဆက်ရရင် အက္ခရာ၊ ပုဒ်၊ ၀ါကျ တို့ရဲ့အဆုံးမှာရှိတဲ့ မြန်မာ သရတွေကိုခေါ်ပါတယ်။ ဒီတော့ ဒီကာရန်တွေကို

  1. ၀ဏ္ဏ ကာရန် - အက္ခရာအဆုံးမှာရှိတဲ့ ကာရန်
  2. ပဒ - ပုဒ်ရဲ့အဆုံးမှာရှိတဲ့ကာရန်
  3. ၀ါကျ - စာကြောင်းအဆုံးမှာရှိတဲ့ကာရန်

ဆိုပြီး ခွဲခြားထားပါတယ်။ ဒါကတော့ သိသာစေဖို့သာ ဖေါ်ပြခြင်းဖြစ်ပါတယ်။ ကဗျာရေးရာမှာ အဲဒီလို အသေးစိတ် ခွဲခြားကြည့်ဖို့ အမြဲမလိုအပ်ပါဘူး။ သိထားရင်တော့ကောင်းပါတယ်။ ကဗျာအတွက် တခြားအရေးကြီးတဲ့ အသံရှိန် (မတြာ)၊ ဌာန် (ဌာန)၊ ကရိုဏ်း (ကရဏ)၊ ပယတ် (ပယတန) ဆိုတာတွေ ရှိပါသေးတယ်။ အခုအထိ စကားပြောရင် ဌာန်ကရိုဏ်းကျကျ ပြောတတ်တယ် ဆိုပြီး ချီးမွမ်း နေတာတွေ ကြားဖူးကြမှာပါ။ ဒါပေမယ့် အဲဒါတွေ အကုန် အသေးစိတ်လျှောက်ရေးနေရင် လိုရင်းဖြစ်တဲ့ မြန်မာကဗျာပုံစံတွေနဲ့ ကာရန်တွေအကြောင်း ရောက်တော့မှာမဟုတ်လို့ အလျဉ်းသင့်မယ်ဆိုရင် နောက်မှ ဒါတွေနဲ့ ပတ်သက်ပြီး သီးသန့် ဆောင်းပါးတစ်ပိုဒ် ထပ်ရေးပါ့မယ်။ ('မတြာ' ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ် (Dimensional Unit) ဖြစ်ပါတယ်။ မျက်စိတမှိတ်၊ လျှပ်တပြက်၊ နွားနို့တညှစ်စာကာလကို တစ်မတြာ ကြာတယ်လို့ တိုင်းတာပါတယ်။) အဲဒီတော့ ကာရန်ကိုပြန်ကောက်ရရင် မြန်မာသရ (မြန်မာကာရန်) တွေဟာ အကျဉ်းအားဖြင့် ၁၆ ပါး၊ အကျယ်အားဖြင့် ၆၄ ပါး ရှိပါတယ်။ အကျဉ်း (၁၆) ပါးဖြစ်တဲ့ မူလကာရန်တွေကတော့

  1. အ - ကာရန်
  2. ဣ (အိ) - ကာရန်
  3. ဥ (အု) - ကာရန်
  4. ဧး (အေ့) - ကာရန်
  5. အဲ (အယ်) - ကာရန်
  6. အော (သြ) - ကာရန်
  7. အက် - ကာရန်
  8. အင် - ကာရန်
  9. အစ် - ကာရန်
  10. အည် - ကာရန်
  11. အဉ် - ကာရန်
  12. အတ် - ကာရန်
  13. အန် - ကာရန်
  14. အပ် - ကာရန်
  15. အမ် - ကာရန်
  16. အို (အိုဝ်) - ကာရန် တို့ ဖြစ်ပါတယ်။

အဲဒီ မူလကာရန် (၁၆) ပါးကမှ ထပ်ပြီး ပွားလိုက်တဲ့အခါ ကာရန်ငယ် အကျယ် (၆၄)ပါး ဖြစ်လာ ပါတယ်။

  1. အ - ကာရန် - အ၊ အာ၊ အား ..... ၃ လုံး
  2. ဣ - ကာရန် - အိ၊ အီ၊ အီး ....... ၃ လုံး
  3. ဥ - ကာရန် - ဥ၊ ဥူ၊ ဥူး (အု၊ အူ၊ အူး) ........ ၃ လုံး
  4. ဧး - ကာရန် - အေ၊ အေ့၊ အေး ........ ၃ လုံး
  5. အဲ - ကာရန် - အဲ၊ အဲ့၊ အဲး ....... ၃ လုံး
  6. အော - ကာရန် - အော်၊ အော့၊ အော ........ ၃ လုံး
  7. အက် - ကာရန် - အက်၊ အောက်၊ အိုက် ...... ၃ လုံး
  8. အင် - ကာရန် - အင်၊ အင့်၊ အင်း၊ အောင်၊ အောင့်၊ အောင်း၊ အိုင်၊ အိုင့်၊ အိုင်း .......... ၉ လုံး
  9. အစ် - ကာရန် - အစ် ....... ၁ လုံး
  10. အည် - ကာရန် - အည်၊ အည့်၊ အည်း ....... ၃ လုံး
  11. အဉ် - ကာရန် - အဉ်၊ အဥ့်၊ အဉ်း ....... ၃ လုံး
  12. အတ် - ကာရန် - အတ်၊ အိတ်၊ အုတ် ....... ၃ လုံး
  13. အန် - ကာရန် - အန်၊ အန့်၊ အန်း၊ အိန်၊ အိန့်၊ အိန်း၊ အုန်၊ အုန့်၊ အုန်း ....... ၉ လုံး
  14. အပ် - ကာရန် - အပ်၊ အိပ်၊ အုပ် ....... ၃ လုံး
  15. အမ် - ကာရန် - အမ်၊ အမ့်၊ အမ်း၊ အိမ်၊ အိမ့်၊ အိမ်း၊ အုမ်၊ အုမ့်၊ အုမ်း ....... ၉ လုံး
  16. အို - ကာရန် - အို၊ အို့၊ အိုး (အိုဝ်၊ အို့ဝ်၊ အိုဝ်း) ....... ၃ လုံး

ဒီ ကာရန်တွေထဲမှာ သေးသေးတင်သံ (-ံ) မပါဘဲဖြစ်နေပါတယ်။ ကဗျာဖွဲ့နည်းနိသျည်း စာအုပ်ထဲမှာတော့ ဒီ ကာရန် (၆၄) ပါးကိုဘဲ ပြထားပေမယ့် ကဗျာ့စွယ်စုံကျမ်း ထဲမှာတော့သီးခြားဖေါ်ပြထားတာ မတွေ့ပါဘူး။ အဲဒီအစား မြန်မာသရ အကျယ် (၆၈)လုံးကိုသာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် သေးသေးတင် (နိဂ္ဂဟိတ်) ကို မသတ် (မ်) နဲ့ အတူတူယူရမယ်လို့တော့ အသတ် အခန်းမှာ သီးခြားဖေါ်ပြထားတာတွေ့ရတဲ့အတွက် အံ၊ အံ့ ကာရန်ဟာ အမ်၊ အမ့် ကာရန်နဲ့ အတူတူဘဲ လို့ မှတ်ရပါမယ်။

အသံ အကြောင်းကိုလည်း နားလည်ရပါလိမ့်မယ်။ အပေါ်က ကာရန် ၆၄ပါးကို တက်သံ၊ သက်သံ၊ မြင့်သံ၊ တိုင်သံ ဆိုပြီး အသံလေးမျိုး ခွဲထားပါတယ်။ ဒီအသံတွေကိုမှ ဂရုသံ (လေးလေးလံလံ နှေးကန်ပြင်းတွဲ အရှည်ဆွဲ ရွတ်ဖတ်ရတဲ့ အသံ) နဲ့ လဟုသံ (ပေါ့ပေါ့မြန်မြန် မနှေးကန်ဘဲ သံမှန်ဖြင့်ဆိုရသော အသံ) ဆိုပြီး ပြန်ခွဲထားပါတယ်။ အဲဒီတော့ အသံလေးမျိုးကို အရင်စကြည့်ရအောင်။

  1. တက်သံ (၁၈) ပါး
  2. သက်သံ (၁၈) ပါး
  3. နိမ့်သံ (၁၈) ပါး
  4. တိုင်သံ (၁၀) ပါး ... ဆိုပြီး စုစုပေါင်း (၆၄) ပါး ပြန်ခွဲထားပါတယ်။

တက်သံ (၁၈) ပါး
အောက်မြစ် နဲ့ ၀စ္စပေါက် မပါတဲ့အသံတွေကို တက်သံလို့ခေါ်ပါတယ်။ ဒီအသံတွေဟာ ဆွဲဆွဲငင်ငင်၊ ရှည်ရှည်လျားလျား၊ မြည်မြည်ဟိန်းဟိန်း၊ ပြင်းပြင်းပြပြ ရွတ်ရပါတယ်။
အာ၊ ဤ (အီ)၊ အူ၊ အေ (ဧ)၊ အော် (သြော်)၊ အင် ........ (၆) လုံး
အဉ်၊ အည်၊ အန်၊ အမ်၊ အိန်၊ အိမ် ........ (၆) လုံး
အုန်၊ အုမ်၊ အယ်၊ အောင်၊ အိုင်၊ အိုဝ်(အို) ........ (၆) လုံး
တက်သံတွေကို ညာသံကြီး၊ မူလသံ၊ ပကတိသံ လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) နှစ်မတြာခွဲ ကနေ သုံးမတြာ ကျော်အထိ ရွတ်ဆိုနိုင်ပါတယ်။

သက်သံ (၁၈) ပါး
အောက်မြစ်ပါတဲ့အသံတွေနဲ့ အောက်မြစ်မပါပေမယ့် ပါသလိုဘဲ ဆိုရတဲ့အသံတွေကို သက်သံလို့ ခေါ်ပါတယ်။ ဒီအသံတွေဟာ အားမထုတ်ရဘဲ ရွရွကလေး၊ သာသာဖြည်းဖြည်းလေး ရွတ်ရပါတယ်။
အ (အာ့)၊ ဣ (အိ)၊ အု (ဥ)၊ အေ့ (ဧ့)၊ အော့ (သြော့)၊ အင့် ........ (၆) လုံး
အဥ့်၊ အည့်၊ အန့်၊ အမ့်၊ အိန့်၊ အိမ့် ........ (၆) လုံး
အုန့်၊ အုမ့်၊ အယ့် (အဲ့)၊ အောင့်၊ အိုင့်၊ အိုဝ့်(အို့) ........ (၆) လုံး
သက်သံတွေကို ဘယ်သံ၊ ချသံ၊ အောက်သံ၊ သံမ၊ အောက်မြစ်သံ လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) တစ်မတြာခွဲ အထိ ရွတ်ဆိုနိုင်ပါတယ်။

နိမ့်သံ (၁၈) ပါး
တက်သံတွေကို ၀စ္စပေါက် ထည့်လိုက်တဲ့အသံတွေကို နိမ့်သံလို့ခေါ်ပါတယ်။ ဒီအသံတွေဟာ အသံရှည်ရှည်ကိုလည်းမစွန့်လွှတ်ဘဲ ပြတ်ပြတ်နဲ့ တင်းတင်းမာမာ ရွတ်ရပါတယ်။
အား၊ အီး၊ အူး၊ အေး (ဧး)၊ အော (သြး)၊ အင်း ........ (၆) လုံး
အဉ်း၊ အည်း၊ အန်း၊ အမ်း၊ အိန်း၊ အိမ်း ........ (၆) လုံး
အုန်း၊ အုမ်း၊ အယ်း (အဲ)၊ အောင်း၊ အိုင်း၊ အိုဝ်း(အိုး) ........ (၆) လုံး
နိမ့်သံတွေကို ညာသံငယ်၊ သံဖို၊ ၀သဇ္ဇနီသံ လို့လဲခေါ်ပါတယ်။ ၀သဇ္ဇနီ ဆိုတာ ၀စ္စပေါက် ကိုပါဠိလိုခေါ်တာပါ။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) နှစ်မတြာ ကနေ နှစ်မတြာခွဲ ကျော်အထိ ရွတ်ဆိုနိုင်ပါတယ်။

တိုင်သံ (၁၀) ပါး
နှိမ့်လို့ မြှင့်လို့မရတဲ့ သံရပ်၊ သံဖြတ်တွေ၊ တက်သံနဲ့နိမ့်သံ ၂ခုကြားကအသံတွေကို တိုင်သံ လို့ခေါ် ပါတယ်။
အက်၊ အစ်၊ အတ်၊ အပ်၊ အိတ် ........ (၅) လုံး
အိပ်၊ အုတ်၊ အုပ်၊ အောက်၊ အိုက် ........ (၅) လုံး
တိုင်သံတွေဟာ ကသတ်၊ စသတ်၊ တသတ် နဲ့ ပသတ် ဆိုတဲ့ အသတ်လေးမျိုးပါတဲ့ အသံတွေဖြစ်ပါတယ်။ အလွယ်တကူ မှတ်ချင်ရင် 'ကွမ်းစားတတ်ပြီ' လို့ အသတ်လေးခုကို မှတ်ထားနိုင်ပါတယ်။ က စ တ ပ ဆိုတဲ့ အပေါ်မှာ အသတ်တင်လိုက် ရင် တိုင်သံဖြစ်သွားပါတယ်။ တိုင်သံတွေကို သံမှန်၊ သံလတ် လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) တစ်မတြာခွဲ လောက်အထိ ရွတ်ဆိုနိုင်ပါတယ်။

ဂရု၊ လဟု

ဒီအသံလေးပါးကို ဂရု၊ လဟုပြန်ခွဲရင် .... တက်သံ (၁၈) ပါး (အောက်မြစ် နဲ့ ၀စ္စပေါက် မပါတဲ့အသံတွေ နဲ့ ကသတ်၊ စသတ်၊ တသတ်၊ ပသတ် ဆိုတဲ့ အသတ်လေးပါး မပါတဲ့အသံတွေ) ဟာ ဂရုအသံ (ဂရုကာရန်)ဖြစ်ပြီး ကျန်တဲ့ အသံသုံးပါး (သက်သံ၊ နိမ့်သံနဲ့ တိုင်သံ ပေါင်း ၄၆ပါး) ကတော့ လဟုအသံ (လဟုကာရန်) တွေ ဖြစ်ကြပါတယ်။ ဒါဆိုရင်တော့ အသံလေးပါးနဲ့ ဂရု၊ လဟု ဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်။ အလွတ် မမှတ်မိရင်လဲ ဒီမှာ ပြန်ကြည့်ပြီး ကဗျာရေးတဲ့အခါ သုံးနိုင်ပါတယ်။ အလွယ်တကူ ကြည့်နိုင်အောင် ဇယားလေးထပ်ဖြည့်ပြီး ပြထားပါတယ်။ File:01_GaruLahu_Table.jpg

(၃)အစပ်၊ အဟပ်

အနီးအနားမှာရှိတဲ့ ပုဒ်ခြင်း၊ အသံခြင်း တွဲယူတာကို အစပ် လို့ ခေါ်ပြီး အဝေးမှာရှိတဲ့ ပုဒ်ချင်း၊ အသံချင်း စပ်အောင် 'ဟပ်' ယူရတာကို အဟပ် လို့ခေါ်ပါတယ်။ ကာရန်စပ်နည်း အစပ် (၆) ပါး ရှိပါတယ်။ အဲဒါတွေကတော့ (၁) သတ်စေ့နှက် သုံးချက်ညီ စပ်နည်း (၂) ထိပ်ချင်းထပ် စပ်နည်း (၃) ဦးတိုက် (ထိပ်ချင်းတိုက်) စပ်နည်း (၄) ထိပ်ချင်းချွတ် (ထိပ်ချင်းလွှဲ) စပ်နည်း (၅) ဘီလူးရယ် စပ်နည်း (၆) ချိန်ခွင်လျှာ စပ်နည်း တို့ဖြစ်ပါတယ်။

(၁)သတ်စေ့နှက် သုံးချက်ညီ စပ်နည်းအသုံးအများဆုံးနဲ့ အဓိက အသုံးစွဲဆုံးစပ်နည်းဖြစ်ပါတယ်။ ဒီစပ်နည်းကို လေး-သုံး-နှစ် လို့လဲ အတို ခေါ်ကြပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး) ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက်၊ ဒုတိယပိုဒ်ရဲ့ သုံးလုံးမြောက်နဲ့ တတိယပိုဒ်ရဲ့ နှစ်လုံးမြောက်စာလုံးတွေဟာ ကာရန်ညီရပါမယ်။ အဲဒီနောက် တတိယပိုဒ်ရဲ့ လေးလုံးမြောက် ကို ကာရန်တွဲအသစ် စယူပြီး ဆက်စပ် သွားရပါတယ်။ ဒီပုံစံကို လက်ဝဲသုန္ဒရ ရဲ့ မဲဇာတောင်ခြေ ရတုထဲက ထုတ်နှုတ်ပြထားတဲ့ အောက် အပိုဒ်မှာကြည့်ပါ။

မဲဇာတောင်ခြေ - - - +
စီးထွေထွေတည်း - - + -
မြစ်ရေ၀န်းလည် - + - x
မြိုင်တောစည်က - - x -
ရွှေပြည်ကိုသာ - x - -

ဒီလို စို့နှက် သတ်ပင်း သလို သုံးပိုဒ်လုံး ကာရန်တူအောင်စပ်ထားတဲ့အတွက် ဒီစပ်နည်းကို (၁) သတ်စေ့နှက် စပ်နည်း၊ (၂) သုံးချက်ညီ စပ်နည်း (၃) သတ်စေ့နှက် သုံးချက်ညီ စပ်နည်း၊ (၄) သုံးချက်ညီ နဘေစပ်နည်း (၅) မန်ကျည်းရွက်ထပ် စပ်နည်း ဆိုပြီး ခေါ်ကြပါတယ်။ ဒီနည်းကို လေးလုံးစပ်ဖြစ်တဲ့ လင်္ကာ၊ ရတု၊ ပျို့၊ ဧချင်း၊ သံပိုင်း၊ သမိုင်း စတာတွေမှာ စပ်ကြပါတယ်။ ဒါကတော့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ်မှာပါတဲ့အတိုင်းရေးထားတာပါ။ ကဗျာစွယ်စုံကျမ်း ထဲမှာတော့ ဒီစပ်နည်းကို ပထမစပ်နည်းလို့ ခေါ်ပါတယ်။ ပထမစပ်နည်းမှာ နှစ်နည်းထပ်ခွဲထားပါတယ်။ အခုပြခဲ့တဲ့နည်းကို 'သုံးချက်ညီစပ်နည်း'၊ 'လွှာချင်းသံသုံးချက်ညီ စပ်နည်း' လို့ ရှေးပညာရှိတို့ ခေါ်ဝေါ်ခဲ့ကြောင်း ရေးထားပါတယ်။ ဒါ့အပြင် နောက်တနည်းအနေနဲ့ ပထမ၊ ဒုတိယနဲ့ တတိယ သုံးပိုဒ်လုံးကို နှစ်လုံးစီ နဘေပြန်ထပ်တဲ့နည်း ကိုပြထားပါတယ်။ အောက်ကပုံစံကိုကြည့်ပါ။

ချုံး ရိုက် ချုံး ရိုက် - - x +
ဘုန်းမကိုက်ဟု x - + -
သုံးတိုက်သျှောင်ဆင့် x + - -

အကြွင်းထားပေ - - x +
စကားနေသော် - x + -
ကြားလေသသူ x + - -

ကျင့်ဟောင်းရှေးတု - - x +
အလေးပြုမှ - x + -
အေးသုကာရီ x + - -

ဒါလောက်ဆိုရင် မြင်သာပြီလို့ထင်ပါတယ်။ ဒီနည်းကိုမှ 'မကျည်းရွက်ထပ် စပ်နည်း'၊ 'သုံးချက်ညီနဘေ စပ်နည်း'၊ 'သတ်စေ့နှက်သုံးချက်ညီ စပ်နည်း' ရယ်လို့ခေါ်တယ်လို့ ကဗျာစွယ်စုံကျမ်းက ဆိုပါတယ်။ ဒီ စပ်နည်းမှာ 'x' တွေဟာ တပိုဒ်နဲ့တပိုဒ် လင်္ကာသွား အကူးအပြောင်းအထူးပြေပြစ်စေရန် ကာရန်ယူအပ်တဲ့ ၀မ်းတွင်းကာရန် အက္ခရာတွေလို့ မှတ်ယူ ရပါမယ်။ '+' တွေကိုသာ တပိုဒ်နဲ့တပိုဒ် အစပ်အသံ မှန်ကန် ညီညွတ်အောင် လိုရင်းအနေနဲ့ ကာရန်ယူရမယ့် ပဓါနကာရန် အက္ခရာတွေလို့ မှတ်ယူရပါမယ်။ ဥပမာဆိုရင် (ရှေးတု၊ လေးပြု၊ အေးသု) ဆိုတဲ့နေရာမှာ ပဓါနကာရန်က တု၊ ပြု၊ သု ဖြစ်ပါတယ်။ ဒီတော့ ပဓါနကာရန်ကတော့ လေး-သုံး-နှစ် ပဲဖြစ်ပါတယ်။ (ရှေး-လေး-အေး) ဆိုတာက ၀မ်းတွင်းကာရန်ဖြစ်ပါတယ်။ ၀မ်းတွင်းကာရန်က ယူရင် ပိုကောင်းပါတယ်။ ဒါပေမယ့် မယူမဖြစ်ယူရမယ်ရယ်လို့ စည်းမျဉ်းဥပဒေသ မရှိပါဘူး။ ပဓါနကာရန်ကိုသာ မှန်ကန်အောင် ယူရမှာ ဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ပထမဆုံးပြခဲ့တဲ့ လေး-သုံး-နှစ် စပ်နည်းဟာ လုံးဝအမှားအယွင်းကင်း တဲ့အတွက် စိတ်ချ ယုံကြည်စွာစပ်နိုင်ပါတယ်။ ဒုတိယနည်းကတော့ ပိုလှပါတယ်။ တတ်နိုင်လို့ စပ်မယ်ဆိုရင်တော့ အကောင်းဆုံး ပါဘဲ။

(၂)ထိပ်ချင်းထပ် စပ်နည်း
ဒီစပ်နည်းကို လေး-သုံး-တစ် လို့လဲ အတို ခေါ်ကြပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး) ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက်၊ ဒုတိယပိုဒ်ရဲ့ သုံးလုံးမြောက်နဲ့ တတိယပိုဒ်ရဲ့ ပထမ စာလုံးတွေဟာ ကာရန်ညီရပါမယ်။ အဲဒီနောက် တတိယပိုဒ်ရဲ့ လေးလုံးမြောက် ကို ကာရန်တွဲအသစ် စယူပြီး ဆက်စပ် သွားရပါတယ်။ ဒီစပ်နည်းမှာ တတိယအပိုဒ်ရဲ့ ပထမ အက္ခရာ ကို ဒုတိယပိုဒ်ရဲ့ သုံးလုံးမြောက်အက္ခရာနဲ့ ကာရန်ကိုက်အောင် ထိပ်ချင်းထပ်ပြီး စပ်ဟပ်ရပါတယ်။ ဒီပုံစံကို ဝေရွှန်းစန္ဒာချီ ပိုဒ်စုံရတုထဲက ထုတ်နှုတ် ပြထားတဲ့ အောက်အပိုဒ်မှာကြည့်ပါ။

ပင်လယ်ခြားရာ - - - +
ခရီးကွာသို့ - - + -
မှာလည်းမကြား + - - -
ဒီနည်းကို ကဗျာစွယ်စုံကျမ်းထဲမှာ ဒုတိယစပ်နည်းဆိုပြီး ပြထားပါတယ်။

(၃)ဦးတိုက် (ထိပ်ချင်းတိုက်) စပ်နည်း
ဒီစပ်နည်းကို လေး-တစ် လို့လဲ အတို မှတ်လို့ရပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး) ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက် အဆုံးစာလုံးနဲ့ ဒုတိယပိုဒ်ရဲ့ ပထမ အစ စာလုံးတွေကို ကာရန်ညီအောင် ဦးခေါင်းချင်းထိပ်တိုက် စပ်တဲ့အတွက်ကြောင့် ဦးတိုက်စပ်နည်း လို့ ခေါ်ပါတယ်။ ဒီပုံစံကို ဝေရွှန်းစန္ဒာချီ ပိုဒ်စုံရတုထဲက ထုတ်နှုတ် ပြထားတဲ့ အောက်အပိုဒ်မှာကြည့်ပါ။

မှာလည်းမကြား - - - +
သွားလည်းမသင့် + - - -
လက်ဝဲသုန္ဒရ ရဲ့ အထက်ပါရတုပိုဒ်က စပ်ပုံမျိုးကို ရှေးဆရာတွေက ထိပ်ချင်းခတ်၊ ထိပ်ချင်းတိုက် လို့လဲ ခေါ်ခဲ့ကြပါတယ်။ ဒီနည်းကို ကဗျာစွယ်စုံကျမ်းထဲမှာ စတုတ္ထ စပ်နည်းဆိုပြီး ပြထားပါတယ်။

(၄)ထိပ်ချင်းချွတ် (ထိပ်ချင်းလွှဲ) စပ်နည်း
ဒီစပ်နည်းကို လေး-နှစ် လို့လဲ အတို မှတ်လို့ရပါတယ်။ ဒီ စပ်နည်းနဲ့ ရေးရင် လေးလုံးတပါဒ (တပိုဒ်ကို လေးလုံး) ရှိတဲ့အထဲမှာ ပထမအပိုဒ်ရဲ့ လေးလုံးမြောက် အဆုံးစာလုံးနဲ့ ဒုတိယပိုဒ်ရဲ့ ဒုတိယ စာလုံးတွေကို ကာရန်ညီအောင် ထိပ်ချင်းချွတ်လွှဲပြီး စပ်တဲ့အတွက်ကြောင့် ထိပ်ချင်းချွတ်စပ်နည်း လို့ ခေါ်ပါတယ်။ ဒီပုံစံကို လက်ဝဲသုန္ဒရ ရဲ့ မဲဇာတောင်ခြေ ပိုဒ်စုံရတုထဲက ထုတ်နှုတ် ပြထားတဲ့ အောက်အပိုဒ်မှာကြည့်ပါ။ သည်သို့စေတီ - - - +
သည်ဆီရွှေနန်း - + - -
ကိုးခန်းပျို့ ခေါ် စတုဓမ္မသာရပျို့မှာ 'အဖန်ဖန်လျှင်၊ တသန္ဓေဓေ၊ တပေလျဉ်းလျဉ်း၊ တဉာဉ်းဆိုးဆိုး၊ တညှိုးလျလျ၊ တတလွမ်းလွမ်း၊ တသန်းဟယ်ဟယ်၊ တတွယ်တာတာ၊ တဟာလှိုက်လှိုက်၊ တရှိုက်ငင်ငင်၊ တပင်ပန်းပန်း၊ တ၀မ်းလျားလျား၊ ...' ဆိုပြီး ဒီနည်းအတိုင်းစပ်ထားပါတယ်။ ရှေးဆရာတွေက ဒီစပ်နည်း ကို ရထားပြေးစပ်နည်း၊ ရှင်မဟာရဋ္ဌသာရ စပ်နည်း ဆိုပြီးလည်း ခေါ်ခဲ့ကြပါတယ်။ ဒီနည်းကို ကဗျာစွယ်စုံကျမ်းထဲမှာ တတိယစပ်နည်းဆိုပြီး ပြထားပါတယ်။

(၅)ဘီလူးရယ် စပ်နည်း
ဒီစပ်နည်းက နည်းနည်းဆန်းပါတယ်။ လေး-သုံး-နှစ် ကိုအခြေခံထားပြီး ပထမပိုဒ်နဲ့ ဒုတိယပိုဒ်ကို လေး-သုံး ကာရန်ယူထားပါတယ်။ တစ်ခါ အဲဒီဒုတိယပိုဒ် ရဲ့ လေးလုံးမြောက် ကို တတိယအပိုဒ်ရဲ့ တစ် (သို့) နှစ် (သို့) သုံး လုံးမြောက်စာလုံးနဲ့ ကာရန်ပြန်ယူပါတယ်။ ဒီတော့ ဒီစပ်နည်းနဲ့ ရေးရင် အတို ကောက်အနေနဲ့ လေး-သုံးလေး-တစ်၊ လေး-သုံးလေး-နှစ်၊ လေး-သုံးလေး-သုံး ဆိုပြီး ပုံစံ သုံးမျိုးနဲ့ ရေးလို့ရပါတယ်။ ဥမ္မာဒန္တီ ပျို့ ကနေထုတ်နှုတ်ပြထားတဲ့ အောက်က ပုံစံတွေမှာကြည့်ပါ။ အဲဒီနောက် တတိယပိုဒ်ရဲ့ လေးလုံးမြောက် ကို ကာရန်တွဲအသစ် စယူပြီး ဆက်စပ် သွားရပါတယ်။ ဒီပုံစံကို လက်ဝဲသုန္ဒရ ရဲ့ မဲဇာတောင်ခြေ ရတုထဲက ထုတ်နှုတ်ပြထားတဲ့ အောက် အပိုဒ်မှာကြည့်ပါ။ မည်သာတွင်ညီ - - - + (လေး)
ဘရဏီက - - + x (သုံး လေး)
စ၍နှိုင်းချိန် x - - - (တစ်)

အညောင်းခံငြား - - - + (လေး)
ခရီးသွားလျှင် - - + x (သုံး လေး)
သစ်ပင်ထက်ဝှန် - x - - (နှစ်)

ကိုယ်နှင့်တော်စွာ - - - + (လေး)
မယ် ဥမ္မာ ၌ - - + x (သုံး လေး)
မယ်နှင့်လိုက်အောင် - - x - (သုံး)

ဒီ စပ်နည်းက ပုံမှန်ကာရန်စပ်နည်းတွေလိုမဟုတ်ဘဲ ဒုတိယပိုဒ်ရောက်တာနဲ့ အဲဒီအပိုဒ်ကနေ စာလုံး အသစ်တစ်လုံးကို ကာရန်အသစ်ပြန်စယူ တာမို့ မူလကာရန်စပ်နည်းတွေကို ၀င်နှောက်ယှက်ပြီး စပ်ဘက် တဲ့အတွက် ဘီလူးရယ်သံလို အနှောက်အယှက်ပေးတတ်တဲ့ ပုံစံ ဖြစ်နေလို့ ဘီလူးရယ် လို့ခေါ်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီစပ်နည်းဟာ ကိုယ်ပိုင်သီးသန့်ရပ်တည် နေတာ မဟုတ်ဘဲ တခြားစပ်နည်းတစ်ခုခု (အပေါ်ပုံစံ တွေမှာဆိုရင် သတ်စေ့နှက်သုံးချက်ညီ) ကို မှီတွယ်ပြီးမှ ဖြစ်ပေါ် လာနိုင်ပါတယ်။ ဒီနည်းကို ကဗျာစွယ်စုံကျမ်း ထဲမှာ ပဉ္စမ စပ်နည်းဆိုပြီး ပြထားပါတယ်။ တစ်ခါ သာဓိနပျို့လာ ပုံစံမှာတော့ ထိပ်ချင်းချွတ်စပ်နည်းကို မှီခိုပြီး ပုံစံသစ်တမျိုးထွင်ပြီးစပ်တာကို အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

ရေပြွန်လျှမ်းလျှမ်း - - - + (လေး)
ရေချမ်းစဉ်လျက် - + x - (နှစ် သုံး)
ဘောဇဉ်မွှေးကြူ - x - - (နှစ်)

ဒီပုံစံမှာတော့ လေး-နှစ်သုံး-နှစ် ဆိုပြီး ကာရန်ယူထားတာ တွေ့ရမှာပါ။ ဒီနည်းကိုတော့ ကဗျာစွယ်စုံကျမ်းထဲမှာ ဆဋ္ဌမ စပ်နည်းဆိုပြီး ပြထားပါတယ်။

(၆)ချိန်ခွင်လျှာ စပ်နည်း
ဒီစပ်နည်းကတော့ မေတ္တာစာ၊ ရကန် စတဲ့ကဗျာမျိုးတွေမှာသာ စပ်ထားတာကို တွေ့ရပါမယ်။ ဒီကဗျာမျိုး တွေအတွက် အဓိကသုံးတဲ့နည်းပါ။ ကာရန်အနေအထားကလဲ ခွပြီးယူထားတော့ နည်းနည်း ဆန်းနေပါတယ်။ စပ်တဲ့နေရာမှာ ပထမပိုဒ်နဲ့ တတိယပိုဒ်ကို ကာရန်ယူထားပါတယ်။ အလယ်က ဒုတိယပိုဒ်ကိုတော့ ပထမပိုဒ်နဲ့ တတိယပိုဒ်ရဲ့ ကာရန်တွေနဲ့ လုံးဝမတူတဲ့ ကာရန်သစ်တစ်ခုနဲ့ အလယ်ဗဟိုမှာ ချိန်ခွင်လျှာလို ထီးထီးမတ်မတ်ရပ်တည်နေစေအောင် စပ်ဆိုထားလို့ ချိန်ခွင်လျှာစပ်နည်း လို့ ခေါ်တယ်ရယ်လို့ ကဗျာဖွဲ့နည်း နိသျည်းထဲမှာ ပြထားပါတယ်။ အောက်ကပုံစံတွေကို ကြည့်ပါ။

လျှောက်မည်စုံအင် - - - + (လေး)
စစ်ပင်ကိုင်းကြောင့် -(+) *- (နှစ် သုံး)
စစ်ကိုင်းတွင်မည် - * + - သုံး
အပေါ်က သခင်ကြီးရဲ့ ဧးချင်းသံပေါက်မှာ ပထမပိုဒ်ရဲ့ လေးလုံးမြောက် 'အင်' ကာရန်ကို တတိယအပိုဒ်ရဲ့ သုံးလုံးမြောက် 'တွင်' ကာရန်နဲ့ တပိုဒ်ကျော် လေး-သုံး ယူထားပါတယ်။ ဒီနေရာမှာဒုတိယပိုဒ်ရဲ့ နှစ်လုံး မြောက် 'ပင်' ကာရန်ဟာ တိုက်ဆိုင်မှုလို့သာဆိုရပါမယ်။ ကာရန်တူရန်မလိုအပ်ဘူးလို့ နားလည်ပါတယ်။ ဒါပေမယ့် ဒုတိယပိုဒ်နဲ့ တတိယပိုဒ်ကိုတော့ ဒုတိယပိုဒ်က 'ကိုင်း' ကာရန်ကို ငဲ့ပြီး တတိယ ပိုဒ်မှာ 'ကိုင်း' ကာရန်တစ်လုံး အနည်းငယ်ပြန်ငဲ့ထားပြီး ကာရန်အသစ်ယူထားတာပါ။ နောက်ပုံစံတစ်ခု ကို ထပ်ကြည့်ပါ။

စုံနံ့သာမြိုင် - - - + (လေး)
ရဂုံတွင်း - * * - (နှစ်သုံး)
ထုံသင်းငယ်ကြိုင် * * - + (တစ်နှစ်)လေး
မြိုင်-ကြိုင် ကို ကာရန်တူထားပြီး 'ရဂုံတွင်း' ကို ကာရန်ငဲ့တဲ့ 'ထုံသင်း' ဆိုပြီး သီးခြား ကာရန်သစ်တစ်ခု ပြန်ယူထားပါတယ်။ ထို့ကြောင့်ဒီစပ်နည်းမှာ အလယ်ပိုဒ်ရဲ့ကာရန်ဟာ ချိန်ခွင်လျှာလိုတည်ရှိပြီး သူနဲ့ စပ်ဘက်ရမယ့် သီးခြား ကာရန် မရှိတဲ့အတွက် ကာရန်ဦးပြည်း (ကာရန်ကတုံး)၊ ကာရန်အထီးကျန်လို့ ခေါ်ပါတယ်တဲ့။ ဒီနည်းကိုတော့ ကဗျာစွယ်စုံကျမ်းထဲမှာပါတဲ့အတိုင်းဖေါ်ပြရရင် - 'ချိန်ခွင်လျှာစပ်နည်းဆိုသည်မှာ ချိန်ခွင်လျှာသည် အလယ်ဗဟိုတွင် တည့်တည့်မတ်မတ် နေသကဲ့သို့ ကာရန်သုံးပိုဒ်တို့တွင် အလယ်ချက်ဖြစ်သောကာရန်သည် ရှေ့နောက်ဝဲယာ မလိုက်ပါဘဲ စပ်ထားသောနည်းမျိုးဖြစ်သည်' လို့ ဆိုထားပါတယ်။ ဆက်ပြီးပြထားတဲ့ ဥပမာကတော့ ...ဘူရိဒတ်ဇာတ် ပေါင်းပျို့တွင် မည်လျှင်မတိမ်၊ ကုက္ကိုထိန်ဟု၊ ချုပ်ငြိမ်သာယာ .... လို့စပ်ဆိုရာမှာ (တိမ်) (ထိန်) (ငြိမ်) ကာရန်သုံးပိုဒ် မှာ ပညတ်သံဖြစ်တဲ့ (န်)ဟာ ပရမတ်သံဖြစ်တဲ့ (မ်) နှစ်ချက်ဖက်ကို မလိုက်ပါဘဲ အလယ်တည့်တည့်မှာ စပ်ဆိုထားတဲ့အတွက် ချိန်ခွင်လျှာစပ်နည်းမည်တယ် လို့ပြထားပါတယ်။ ဒါပေမယ့် ဒီနည်းမျိုးဟာ ကဗျာ ပညာဂုဏ်နဲ့ အလွန်ပြည့်စုံပြီး ဖြစ်တဲ့ စာရေးဆရာကြီးတွေ ရေးစပ်ရာမှာ ထေးဖါရန် စပ်နည်းမျှသာ ဖြစ်လို့ သာမာန်ကဗျာဆရာများ မရေးအပ်လို့လဲ ဆိုထားပါတယ်။ ဒါ့အပြင် ပထမ ကနေ ဆဋ္ဌမ စပ်နည်းအထိ စပ်နည်း (၆)မျိုးထဲမှာမပါဘဲ ရှေးပညာရှိအဆက်ဆက်တို့ ပယ်ဖျက်သုတ်သင်ခဲ့ကြပြီးဖြစ်တဲ့ အစပ် (၆)ပါး ထဲမှာသာ ပါဝင်နေတာမို့ ဒီစပ်နည်းကို ရှောင်ကြဉ်သင့်ပါသည်။ အတိုချုပ်မှတ်ရ လွယ်အောင် ဇယားနဲ့ ဖေါ်ပြလိုက်ပါတယ်။

File:SummaryTable_of_Rhyme.jpg

အခုဖေါ်ပြခဲ့တဲ့ စပ်နည်း(၆)ပါးကို လေးလုံးစပ်ကဗျာလင်္ကာတွေထဲမှာ တနည်းထဲဖြစ်ဖြစ်၊ နှစ်နည်း၊ သုံးနည်း မက သင့်တော်သလို ရောနှောပြီးဖြစ်ဖြစ် စပ်နိုင်ပါတယ်။ ဘယ်နှစ်နည်းနဲ့ စပ်ရမယ်လို့ ဥပဒေသ အကန့်အသတ် မရှိပါဘူး။ ဒါပေမယ့် သတ်စေ့နှက် သုံးချက်ညီ စပ်နည်း ကို အကောင်းဆုံးလို့သတ်မှတ်ပြီး ကျန်နည်းတွေကိုတော့ မတတ်သာမှ ဖြစ်စေ၊ ကာရန်အထူးစပ်ချင်တဲ့အခါမှသာဖြစ်စေ သုံးသင့်တယ်လို့ ဆိုပါတယ်။ ချိန်ခွင်လျှာ စပ်နည်းကတော့ လုံးဝ မသုံးသင့်ပါ။ ပုံမှန် ကာရန်ယူပုံ အစပ်ခြောက်ပါးအကြောင်းပြီးတော့ မြန်မာကဗျာမှာ အရေးကြီးလှသလို၊ အရှိန်အ၀ါ လည်းကြီးလှပြီး ကဗျာကို တောက်ပြောင်စေတဲ့ 'နဘေ' စပ်နည်းအကြောင်း ဆက်လက် ဖေါ်ပြပါမယ်။

နဘေစပ်နည်း (၈) ပါး

နဘေစပ်နည်းကို သံညှင်း၊ ပြဇာတ်၊ တေးထပ်ကြီး၊ ရှစ်ဆယ်ပေါ်တေးထပ်၊ ရတုအချီအချပိုဒ် တွေမှာ အသုံးများပါတယ်။ နဘေစပ်နည်း (၈) ပါးကတော့ ...

  1. နဘေစပ်နည်း
  2. ပြန်ကဟပ် စပ်နည်း
  3. ရွက်ချပ် စပ်နည်း
  4. ကတ္တရာ စပ်နည်း
  5. ချိန်ခွင်ညှာ စပ်နည်း
  6. ခြင်္သေ့လည်ပြန် စပ်နည်း
  7. တေ့ဆက် စပ်နည်း
  8. နဘေပြန်ကဟပ် စပ်နည်း ... တို့ဖြစ်သည်။

နဘေ ပြန်ကဟပ်၊ ရွက်ချပ် ကတ္တရာ၊
ချိန်ခွင်ညှာ ခြင်္သေ့၊ တေ့ဆက် (တထွေ)၊
နဘေပြန်ကဟပ်၊ ဤရှစ်ရပ်သည်၊
အစပ် နဘေ ရှစ်ပါးတည်း ...လို့ လင်္ကာလေးနဲ့ မှတ်ထားလို့ရသည်။
(၁) နဘေစပ်နည်း
ဒါကတော့ အက္ခရာအနည်းအများအလိုက် အပိုဒ်အချင်းချင်းကာရန်တူစပ်ဆိုနည်းပါဘဲ။

  • ဥပမာ -လောကိ၊ ဗောဓိ၊ မောဠိ။ တတ်မျိုး၊ မြတ်နိုး၊ မှတ်ကြိုး (၂လုံးစပ်)
  • မှားခဲ့ပြီ၊ သွားတဲ့ဆီ၊ အားနွဲ့မှီ။ မြတင်မေ၊ ညစဉ်ပေ၊ လှပြင်နေ (၃လုံးစပ်)
  • မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ (၄လုံးစပ်၊ မဲဇာတောင်ခြေ ရတု အချီပိုဒ်များ)

မယ်တို့နယ်မှာ ဆွမ်းတသပိတ်မျှ မလွမ်းတဲ့ပြင်
ပယ်ဘို့ပယ်ရာ ချွန်းအနိစ္စ ကမ္မဋ္ဌာန်းတွေနဲ့
ဘယ်သို့ဘယ်ညာ ညွှန်းစိတ်က မမှန်းရအောင်
ကျမ်းပြုသမျှ ဟိတ်တွင်မှ ပရိတ် ဗြဟ္မစိုရ်အခြေ
(အိုကွယ်) ပဋ္ဌာန်းကုသလ တိတ်ကယ်နှင့် စိတ်ကိုဖြေ (လေးချိုးကြီး)

(၂) ပြန်ကဟပ် စပ်နည်း
ရှေ့ကာရန်တွေကို နောက်ကာရန်က တစ်ချက်ပြန်ငုံပြီး အစုံအလင် ဟပ်လို့စပ်သွားတဲ့ နည်းဖြစ်ပါတယ်။ ဥပမာတွေကို ကြည့်ပါ။

  • ဖလ်မြေ မှန်မြေ ရံဝေဘိ၊

စံရွှေအတိ ပြည့်ချက်ညှာ၊
ဟံဗွေမဟိ စည့်မျက်နှာဝယ်၊
ရှက်ဖြာ ဆက်ကာ စကြာမျိုး၊
မီးဓါတ် ညီးလျှပ် ကြီးမတ်ပြောင်တယ်၊
ထီး ဓါတ်တန်ဆောင် မှန်ကင်းထူလို့မိုး။

  • ထုံးဖြစ် ဘုန်းလှစ် ကျုံးရစ်သွယ်တယ်၊

ကုန်းမြစ်အကျယ် သိန်မညှိုး၊
သုံးခေတ်အလယ် ရှိန်တခိုးနှင့်၊
ပုထိုးတော်မြတ် တိဂုန်ရှင်၊
မွှေးကြူ ရေးယူ ရှေးမူတိတ်၊
လေးဆူတံဆိပ် ဗျာဒိတ်ညွှန်သိုက်ဝင်။

  • အဆင့် အရင့် ပလ္လင့်ပြင်ဝယ်၊

တခွင့် တခွင် နာရီလင့်လို့၊
ရာသီ အိမ်သင့် ချိန်ပွင့်တစေ၊
သိန်တင့် သိန်သရေ၊
နတ်နန်းဘုံရွှေ့ မြတ်ပန်းခုံကွေ့ ပုံရွေ့ကြွေတယ်၊
ထုံငွေ့ဝေေ၀ သိင်္ဂုတ်တောင်ပ လေး .... ။ ။
(ဆရာကြီးဦးဝေ ရေးတဲ့ သိင်္ဂုတ္တရတောင်တော်ဖွဲ့ရှစ်ဆယ်ပေါ်တေးထပ်ဖြစ်ပါတယ်။ အလွန်တွေ့ရခဲလို့ အစအဆုံးဖေါ်ပြ ထားပါတယ်လို့ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဆိုထားတဲ့အတွက် ဖတ်ရအောင်လို့အစအဆုံး ဖေါ်ပြပေးလိုက်ပါတယ်။)

ဒီစပ်နည်းမှာ 'ဖလ်မြေ၊ မှန်မြေ' ဆိုတဲ့ ရှေ့နှစ်ပိုဒ်ကို 'ရံဝေဘိ' ဆိုပြီး နောက်တပိုဒ်က အကုန်ပါအောင် ဟပ်ပြီး စပ်လိုက်ပါတယ်။ တခါ အဲဒီ 'ဖလ်မြေ မှန်မြေ ရံဝေဘိ' ဆိုတဲ့ သုံးပိုဒ်လုံးကို 'စံရွှေအတိ' ဆိုပြီး နောက်အပိုဒ်က ပြန်ပြီးဟပ်လို့စပ်လိုက်ပါတယ်။ ကျန်တဲ့အပိုဒ်တွေမှာလည်းအလားတူပါဘဲ။ ရှေ့ကာရန် တွေကို နောက်ကာရန်က ပြန်ကာဟပ်ပြီး စပ်လို့ 'ပြန်ကာဟပ်' သို့မဟုတ် 'ပြန်ကဟပ်' လို့ခေါ်ပါတယ် ဆိုပြီး ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဖေါ်ပြထားပါတယ်။ ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ ပထမအပိုဒ်က မူလကာရန်ကို သုံးလေးပိုဒ်ခြားပြီးမှ ပြန်ကာဟပ်ပြီးစပ် လို့ (အဲဒီနောက် ထိုက်သင့်သလိုရေးသားရလို့) ပြန်ကဟပ်စပ်နည်းလို့ ခေါ်တယ်လို့ ပြောထားပါတယ်။ ဥပမာ -

အ၀န်းညီမျှ၊ ကျွန်းဒီပမှာ၊ ကွန်းချီမြရှိန်၊
နနွင်းသာခဲ့၊ ပယင်းဝါမှဲ့ကဲ့သို့၊ ၀င်းလဲ့လဲ့ထိန်။
နီဖလန်ဘိုး၊ ပြည်တန်မျိုးကဲ့သို့၊ သတိုးစိန်ကလေးဗျ ....

အထက်ပါ မာန်လည်ဆရာတော်ဘုရားကြီးရဲ့ မင်းသားကြီးအိမ်နိမ့်ပေးစာမှာ ပါတဲ့အတိုင်း ပထမသုံးပိုဒ် အဆုံးက 'ရှိန်' ကို နောက်ထပ် သုံးပိုဒ်ခြားပြီး 'ထိန်'၊ နောက်တစ်ခါ သုံးပိုဒ်မြောက်ကျမှ 'စိန်' ဆိုပြီး ပြန်ပြီး ဟပ်ယူပြီးစပ်သလို ကာရန်ယူတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် မူလအပိုဒ်တွေမှာ ယူထားတဲ့ နဘေတွေဖြစ်တဲ့ 'အ၀န်းညီမျှ၊ ကျွန်းဒီပမှာ၊ ကွန်းချီမြ'၊ 'နနွင်းသာခဲ့၊ ပယင်းဝါမှဲ့'၊ 'နီဖလန်ဘိုး၊ ပြည်တန်မျိုး' ဆိုတဲ့ အစပ်တွေကို သတိပြုရပါမယ်။ ချန်ထားခဲ့လို့မရပါဘူး။ ကျနော့်သဘောကိုပြောရရင်တော့ ကဗျာစွယ်စုံကျမ်းကြီးထဲက နည်းဟာ ပိုပြီးသင့်တော်တယ်လို့ ထင်ပါတယ်။

(၃) ရွက်ချပ် စပ်နည်း
သစ်ရွက်နှစ်ရွက်ထပ်နေသလို အစပိုဒ်ရဲ့ကာရန်ကို အဆုံးသတ်မှာ ထပ်ပြီးစပ်ဆိုတာကို ရွက်ချပ်စပ်နည်း လို့ခေါ်ကြောင်း ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဆိုထားပါတယ်။ ပုံစံပြထားတာကတော့ -

ယဉ်အထပ်ထပ်၊ ရိုင်းမစပ်သည်၊ ဟပ်ပြန်ကဖက်စာ၊
သကာနှင့်ပျား၊ သကြားမတန်၊ ချိုမောဟန်သည်၊ ဟပ်ပြန်ကဖက်စာနှင့်၊
လျှောက်ပါမည်ယခု၊ နတ်တူရိယာ၊ မက သာအောင်၊ လျှောက်ပါမည်ယခုရှင့်။
ရွှေအုမယ်နာယူ၊ အယဉ်မျိုးစု၊ ပြိုင်မတုသည်၊ ရွှေအုမယ်နာယူပ ...

ဒီလို 'ဟပ်ပြန်ကဖက်စာ'၊ 'လျှောက်ပါမည်ယခု'၊ 'ရွှေအုမယ်နာယူ' တို့ကို တခါစီ ထပ်ထပ်ပြီးစပ်ထားတာ ကို ရွက်ချပ်စပ်နည်းလို့ ခေါ်တယ်ဆိုပြီး ပြထားပါတယ်။ ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ 'သစ်ရွက်ချပ်တို့မည်သည် အများအားဖြင့် ထပ်၍ချပ်၍နေသကဲ့သို့ လုံးရေ နည်းရာ၌လည်းကောင်း၊ များရာ၌လည်းကောင်း ၂ပိုဒ်စီ၊ ၂ပိုဒ်စီ ထပ်ကာချပ်ကာ နဘေသွား ရေး စပ်ရလေသောကြောင့် ရွက်ချပ်စပ်နည်းဟု ခေါ်ဆိုရ၏' လို့ ဆိုထားပါတယ်။ ဥပမာအနေနဲ့ ...

သာကိယမဟေ၊ ပြာဋိဟအခြေဖြင့်၊
အသရေဆောင်မြင့်ကွန်းဝယ်၊ ပရမေပြောင်တင့်ရွှန်းလျက် ...

အထက်ပါပြယုဂ်မှာ 'သာကိယမဟေ' နဲ့ 'ပြာဋိဟအခြေ' ဆိုတဲ့နှစ်ပိုဒ်ဟာ တပိုဒ်ကိုတပိုဒ် ရွက်ချပ်နှစ်ခု ထပ်နေသလို နဘေစပ်ထားပါတယ်။ ဒါ့အပြင် နောက်နှစ်ပိုဒ်ကိုလည်း အလားတူဘဲ စပ်ထားပါတယ်။ ဒါတွင်မကဘူး ပထမနဘေနှစ်ပိုဒ်နဲ့ ဒုတိယနဘေနှစ်ပိုဒ်အကူးမှာလည်း ကုပ်ဆက်အနေနဲ့ 'အခြေ' နဲ့ 'အသရေ' ကို ကာရန် ညီနိုင်သမျှ ညီအောင် ယူခဲ့ရပါသေးတယ်။ ဒီနဘေယူနည်းကတော့ စာအုပ်နှစ်အုပ်မှာ နှစ်မျိုးဖြစ်ပြီး ၀ိဝါဒကွဲပြားနေပါတယ်။ ကျနော်ကတော့ ဘယ်ဟာမှန်တယ် ရယ်လို့ မဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမယ့် ကဗျာစွယ်စုံကျမ်းကြီးထဲက နည်းက မှန်တယ် လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပုပ္ပါးဦးကျော်ရင် အမည်ခံ ဦးကောဝိဓ (က၀ိဘာရတီဆရာ) ကလည်း ဒီနည်းကိုဘဲ ရွက်ချပ်စပ်နည်းလို့ ဖေါ်ပြထားလို့ပါဘဲ။

(၄) ကတ္တရာ စပ်နည်း ကာရန်တူနှစ်ပိုဒ်စီထားပြီး စပ်ဆိုတဲ့နည်းဖြစ်ပါတယ်။ အောက်ကဥပမာကို ကြည့်ပါ။

တဘုန်းချစ်ဖွဲ့ မိတ်မဟာငယ်၊ တလုံးလှစ်တဲ့ စိတြာနှင့်၊ ဆိတ်မကွာ ငွေယုန်နတ်ကယ်တို့၊ အတိတ်လာ ရွေစုံမတ်ပါတဲ့၊ လေသုန်ဟပ် ခွင်မိဿာကို .... (ဘိုးဝဇီရ မှာတမ်း မှ)

ဒီအဖွဲ့မှာ 'တဘုန်းချစ်ဖွဲ့ မိတ်မဟာ၊ တလုံးလှစ်တဲ့ စိတြာ'၊ ဆိုပြီး နှစ်ပိုဒ်၊ 'ဆိတ်မကွာ ငွေယုန်နတ်၊ အတိတ်လာ ရွေစုံမတ်' ဆိုပြီး နှစ်ပိုဒ်၊ ဒီလို နှစ်ပိုဒ်စီ ကာရန်တူနဘေယူပြီးစပ်တဲ့နည်းကိုခေါ်ပါတယ်လို့ ကဗျာ စွယ်စုံကျမ်းကြီးထဲမှာ ပြထားပါတယ်။ ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ 'အနည်းဆုံးအားဖြင့် အက္ခရာ ၄လုံး၊ ၅လုံး ရှိသည့်အပိုဒ်တို့ကို ၂ပိုဒ်စီ ထားပြီး ပထမပိုဒ်အဆုံးနှင့် ဒုတိယပိုဒ်အစကို ခုပ်ကာကပ်ကာ ပြန်ကာလှန်ကာ ဟပ်၍ဆက်စပ်ရသော ကြောင့် ကတ္တရာ စပ်နည်း ဟု ခေါ်ရ၏' လို့ ဆိုထားပါတယ်။ ဥပမာအနေနဲ့ ...
အနန္တ ဇိန
အမိတ မှန်ကူ၊
သယမ္ဘူ အာဟိန်
သာကိန် သင်းကျစ် ...
အထက်ပါပြယုဂ်မှာ ပထမပိုဒ်အဆုံးက 'ဇိန'ကို ဒုတိယပိုဒ်အစက 'အမိတ'နဲ့ နှစ်လုံးစီ နဘေချင်းထပ်အောင် စပ်ထားပါတယ်။ တစ်ခါ 'မှန်ကူ' နဲ့ 'သယမ္ဘူ'၊ 'အာဟိန်' နဲ့ 'သာကိန်' ဆိုပြီးလဲ ရှေ့ပိုဒ်အဆုံးနဲ့ နောက်ပိုဒ်အစကို နဘေဆက်ထပ်ထားပါတယ်။ ဒါ့အပြင် အမရပူရခေတ် စာဆိုတော် ဦးစံသူ ရဲ့ မှတ်တမ်းမှာလည်း -
'ရေးမတန် ဆွေးဟန်ကြွေလို့ မူးချည်ငဲ့
အေးမဘန် တွေးရန် တဖုံထူးလေငဲ့'
ဆိုပြီး စပ်ထားရာမှာ ' ရေးမတန် ဆွေးဟန်' လို့ နဘေခံခဲ့ပြီး 'အေးမဘန် တွေးရန်' လို့ နဘေကာရန်ဟပ် ပြန်စပ်ထားတာကိုတွေ့ရပါတယ်။ ဒါကိုလည်း ဆရာတို့က ကတ္တရာ စပ်နည်း လို့ ခေါ်ကြပြန်ကြောင်း ပြဆို ထားပါတယ်။ ဒီ စပ်နည်းကို လေးချိုး၊ ဒွေးချိုး၊ တေးထပ် စတဲ့ကဗျာတွေမှာ သုံးလေ့ရှိတယ်လို့ဆိုပါတယ်။ ဒီနည်းကတော့ စာအုပ်နှစ်အုပ်မှာ သိပ်ပြီး ကွဲပြားမှုမရှိလှပါဘူး။ ဒါပေမယ့် 'အနန္တ ဇိန၊ အမိတ မှန်ကူ၊' ဆိုတဲ့ စပ်နည်းကလည်း လှပတဲ့စပ်နည်းဖြစ်တဲ့အတွက် ဒီစပ်နည်းကိုလည်း မှတ်သားထားသင့်ပါတယ်။

(၅) ချိန်ခွင်ညှာ စပ်နည်း
ကာရန်နှစ်ခုကြားမှာ အပိုပိုဒ် တစ်ပိုဒ်အနေနဲ့ထည့်သွင်းစပ်ဆိုထားတာကို ချိန်ခွင်ညှာ စပ်နည်း လို့ခေါ် တယ် ရယ်လို့ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဖေါ်ပြထားပါတယ်။ ဥပမာ - 'လေရူးသုန်သုန် မြူးငယ်ကာအုံ၊ မြူမှုန်တ၀ိုက် နှင်းတလိုက်ကယ်နှင့်၊ တိမ်တိုက်ကမှောင် (မာလာရင့်နှော၊ ပန်းစုံပေါပါတဲ့၊) တောသာခေါင်တဲ့မှ တောသာခေါင်' ဆိုတဲ့ သိင်္ဂါသံကဗျာမှာ ကွင်းအတွင်းကအပိုဒ်ကို ချိန်ခွင်ညှာပမာ ထည့်သွင်းစပ်ဆိုထားတယ်လို့ ဆိုပါတယ်။ ဒီအစပ်တွေကို ရှာပုံတော်နဲ့ ညည်းချင်းတွေမှာ အများအပြားတွေ့နိုင်တယ်လို့လဲ ပြောထားပါတယ်။

ကဗျာဖွဲ့နည်းနိသျည်းထဲမှာတော့ အစပ်၆ပါးထဲက ချိန်ခွင်လျှာစပ်နည်း နဲ့ အတူတူပဲလို့ ဖေါ်ပြထား ပါတယ်။ တပိုဒ်နဲ့တပိုဒ်ကို မူလကာရန်အနေအထားအတိုင်းထားပြီး အလယ်မှာ နဘေထပ်ပေးလိုက်တာ ဘဲ ကွာတယ်လို့ ဆိုပါတယ်။ ဥပမာပြထားတာကတော့ -
စုံနံ့သာမြိုင်၊
ရဂုံတွင်း
ထုံသင်းငယ်ကြိုင်
အထက်ပါရှာပုံတော်ကြီးပြယုဂ်မှာ ကာရန်အနေအထားတွေကို ချိန်ခွင်လျှာစပ်နည်းအတိုင်းဖြစ်ပြီး ဒုတိယပိုဒ် အဆုံးက 'ဂုံတွင်း'ကို တတိယပိုဒ်အစက 'ထုံသင်း'နဲ့ နဘေချင်းထပ်ပေးလိုက်တာသာ ဖြစ်တယ် လို့ ဆိုထားပါတယ်။ ဒီနည်းကတော့ စာအုပ်နှစ်အုပ်မှာ နှစ်မျိုးဖြစ်နေတဲ့အတွက် ၀ိဝါဒကွဲပြားနေပြန်ပါတယ်။ ဒါကြောင့် နှစ်မျိုးလုံးကို ဖေါ်ပြပေးလိုက်ပါတယ်။ တတ်ကျွမ်းနားလည်သူများ ရှိရင် အကြံပြုဝေဖန်ဆွေးနွေးပေးကြ စေလိုပါတယ်။

(၆) ခြင်္သေ့လည်ပြန် စပ်နည်း
လေးငါးပိုဒ်လောက်စီ စပ်ဆိုသွားပြီးမှ မူလကာရန်ကို ပြန်ငဲ့တဲ့ စပ်နည်းမျိုးဖြစ်ပါတယ်။ ခြင်္သေ့မင်းဟာ လေးငါးလှမ်း လှမ်းပြီးရင် နောက်ကိုလည်ပြန်ကြည့်တတ်သလိုမျိုးနဲ့ တူလို့ ဒီနာမည်ပေးထားတာလို့ ဆိုပါတယ်။ ဒီစပ်နည်းက သဘောပိုင်းမှာ ကဗျာစွယ်စုံကျမ်းကြီးနဲ့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ် နှစ်အုပ်လုံးမှာ အတူတူပဲဖြစ်ပြီး ဥပမာ တမျိုးစီပြထားပါတယ်။ ကဗျာစွယ်စုံကျမ်းကြီးထဲမှာတော့ -
ဉာဏ ဉာဏ၊ ၀ိလာသသည်၊ ဉာဏစိန္တေယျာ၊
ပင်လယ်သာဂရ၊ အာကာသသည်၊ နန္တစက္က၀ါနှင့်။
မဟာဝိသယ၊ ကြွင်းမဲ့လုံးစုံ၊ ဉာဏ်တော်ခြုံသည်၊ အာရုံရှိသမျှတည်း။
ဆိုပြီး 'စိန္တေယျာ' ဆိုတဲ့အပိုဒ်က 'ယျာ' ကာရန်ကို ပင်လယ်သာဂရ၊ အာကာသသည် လို့ နှစ်ပိုဒ်ကျော်ပြီး မှ 'နန္တစက္က၀ါ' လို့ '၀ါ' ကာရန်နဲ့ပြန်ငဲ့လိုက်ပါတယ်။ သျှိုးလိုက်ရတုစပ်နည်း လို့လဲခေါ်ပါတယ်။
ကဗျာဖွဲ့နည်းနိသျည်းထဲမှာကတော့ -
ရွှေကြာကမုဒ်
နှင်းမှုံရနံ့
ညှင်းလှုံသန့်လျက်၊
သင်းထုံပျံ့ ရွှေနှုတ်မှ ....
ဆိုပြီး 'မုဒ်' ဆိုတဲ့ မူလကာရန်ကို နောက်ထပ် သုံးပိုဒ်ရောက်မှ 'နှုတ်' ဆိုတဲ့ အစပ်ကာရန်နဲ့ လည်ပြန် ပြန်လှည့်ကြည့်တဲ့ပုံစံမျိုးကာရန်တူစပ်ဆိုထားတာကိုတွေ့ရပါတယ်။ ဒါပေမယ့် အတွင်းကာရန်တွေလည်း အချင်းချင်းညီရသေးတဲ့အပြင် 'နှင်းမှုံရနံ့ - ညှင်းလှုံသန့် - သင်းထုံပျံ့' ဆိုပြီးလဲ နဘေထပ်ခဲ့ရသေး ကြောင်း သတိပြုရပါမယ် လို့ဆိုပါတယ်။ ဒီနဘေစပ်နည်းမှာတော့ ကဗျာဖွဲ့နည်းနိသျည်းထဲမှာ ရေးထားတာက ပိုပြီး ကြောင်းကျိုးညီညွတ်ဆီလျော် တယ်လို့ ယူဆ ပါတယ်။

(၇) တေ့ဆက် စပ်နည်း
ရှေ့နောက် အပိုဒ်နှစ်ခုမှာရှိတဲ့ကာရန်တွေကို ထိပ်ချင်းဆက်ဦးတိုက်ပြီး စပ်တဲ့နည်းဖြစ်ပါတယ်။ အစပ် (၆)ပါး ထဲက ဦးတိုက်စပ်နည်းနဲ့အတူတူပါဘဲ။ ဒီစပ်နည်းကလဲ သဘောပိုင်းမှာ ကဗျာစွယ်စုံကျမ်းကြီးနဲ့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ် နှစ်အုပ်လုံးမှာ အတူတူပဲတွေ့ရပြီး ဥပမာ တမျိုးစီပြထားပါတယ်။
ကရုဏာဒေါသော၊ စောမိသည့်စိတ်၊ မဆိတ်မညံ၊ ပရိယာယ်နှင့်၊ သည်နှယ်ဖြင့်ကြံကလဲ၊ တရံတခါ၊ အာသာဆန္ဒ၊ ငွေဖလားကို၊ စိတ်ယားတိုင်းတောင့်တ၍၊ မိဿ-ပြိဿ၊ မကာရ-သိန်၊ မိန်-ကရကဋ်၊ ရုပ်ဓါတ်နိမိတ်၊ ဆိတ်နှင့်နွားလား၊ သားနှင့်ကိန္နရီ ....
ဒီ ပုံစံမှာ 'ကရုဏာဒေါသော၊ စောမိသည့်စိတ်' ဆိုတဲ့နေရာမှာ သော နဲ့စော၊ 'မကာရ-သိန်၊ မိန်-ကရကဋ်' မှာ သိန် နဲ့ မိန်၊ 'ဆိတ်နှင့်နွားလား၊ သားနှင့်ကိန္နရီ' မှာ လား နဲ့ သား၊ အစရှိသဖြင့် ဦးတိုက် ဆက်စပ် ထားပါတယ်။
ရွှင်ရွှင်ပျပျ၊ ကကသီသီ၊
ချီချီကြူးကြူး၊ ထူးထူးဆန်းဆန်း ...
ဆိုတဲ့ နေမိဘုံခန်းပျို့ မှာတော့ ဦးတိုက်စပ်နည်းအတိုင်းစပ်ပြီး ပျပျ နဲ့ ကက၊ သီသီနဲ့ချီချီ၊ ကြူးကြူး နဲ့ ထူးထူး ကို နှစ်လုံးစီ လုံးတူနဘေထပ်ပေးလိုက်ပါတယ်။ ဒါ့အပြင် ဥတိန္နပျို့မှာ - တိုင်းအတည်တည်၊ ပြည်အစို့စို့၊ မြို့အခန်းခန်း၊ နန်းအသီးသီး၊ ထီးအဆူဆူ.. ဆိုတာလဲ တေ့ဆက်ပါဘဲ။

(၈) နဘေပြန်ကဟပ် စပ်နည်း
နဘေစပ်နည်းအတိုင်း အပိုဒ်တူတွေကို သုံးလေးပိုဒ် စပ်ဆိုပြီး တစ်ခါလိုရာကာရန်တွေပြောင်းပြီး ထပ်တူ ဟပ်လို့ စပ်ဆိုတဲ့နည်းဖြစ်ပါတယ်။ ဒီစပ်နည်းကလဲ သဘောပိုင်းမှာ ကဗျာစွယ်စုံကျမ်းကြီးနဲ့ ကဗျာဖွဲ့နည်းနိသျည်း စာအုပ် နှစ်အုပ်လုံးမှာ အတူတူပဲတွေ့ရပြီး ဥပမာ တမျိုးစီပြထားပါတယ်။
ဘိုးဝဇီရ မှာတမ်းတခုမှာ -
သမိုက်ခြားကာ၊ တိုက်ငါးရွာက၊
ကိုဋ်ဖျားညှာ မှုန်ရွှေဝတ်ကိုတော့၊
ကုန်ခြွှေဆွတ် လှမ်းမလွယ်သောကြောင့်၊
ပမ်းမပယ်ဆွေးပုံဆင့်တာမို့၊
အေးကြုံနှင့်ဖန်စေချင်တဲ့၊
ဟန်ငွေသွင်လွှာအနုငယ်နှင့်
စာ ယခု သ လိုက်ရပါတော့မယ် ...
ဒီနည်းကို ပိဋကတ်သွား၊ စာခုတ်သွား၊ ခုတ်လုံးသွား ဆိုပြီးတော့လဲ ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ပြထား ပါတယ်။ ဒီနဘေစပ်နည်းမျိုးတွေဟာ စာဆိုအကျော် ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဋ္ဌသာရ တို့ရဲ့ လက်ထက်တော်မှာ မပေါ်ပေါက်သေးဘဲ အမရပူရမြို့ ဘကြီးတော်မင်းတရား လက်ထက်တော် ကျမှသာ ပေါ်ပေါက်လာခဲ့ ကြောင်း ဆရာတို့ ဆိုထားပါတယ်။

ကဗျာတပုဒ်မှာ နဘေပါတာနဲ့ မပါတာ အရသာဘယ်လိုကွာသလဲဆိုတာ အောက်က ကဗျာနှစ်ပိုဒ်ကိုသာ ယှဉ်ကြည့်ကြပါ။

  • ရင်ကမူ၊ စိတ်တူညီမျှလို့၊ အောင် ပ ကု လား။ ။

ခုမှကို၊ အသစ်တဖန်ပိုလို့၊ ဦး ညို ခေ မာ ဖြစ်အောင်၊ ဘုန်းပစ်လို့သွား။ ။

  • ရေဓါတ်ကယ်ကြည်၊ ခွေပတ်လည် ဟိုအငူက၊ နှစ်ဆူဘုရား။ ။

ရီကာရယ်မှောင်၊ နီလာရောင် ညိုအရွက်တွေနှင့်၊ စိုယှက်ကာ ပင်ခြေအုပ်မှာကွယ်၊ ထင်းခုတ်သမား။ ။

အထက်ပါကဗျာနှစ်ပုဒ်လုံးဟာ ဒွေးချိုးတွေချည်းဖြစ်ပြီး စည်းမျဉ်းဥပဒေနှင့်လည်း ညီတဲ့အပြင် အဓိပ္ပါယ် လည်း ကောင်းတာချည်းပါဘဲ။ ဒါပေမယ့် အသံထွက် ရွတ်ကြည့်လိုက်ရင်တော့ ဒုတိယအပုဒ်က ပိုရွတ် လို့ ကောင်းတာတွေ့ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နဘေကြောင့်ပါဘဲ။ ပထမအပုဒ်မှာ နဘေ လုံးဝမပါဘဲ ဒုတိယအပုဒ်က နဘေထပ်ထားတာ တွေ့ရပါလိမ့်မယ်။

(၄)ကြိယာ

မြန်မာဘာသာမှာ ကြိယာဆိုတာ ပြုခြင်း၊ သွားခြင်း၊ စားခြင်း စတဲ့ပုဒ်တွေကို ခေါ်တာပါ။ ဒါပေမယ့် ကဗျာ မှာတော့ ကြိယာဆိုတာ အဲဒီ ပုဒ်တွေနဲ့ ဘာမှမဆိုင်ပါဘူး။ တနည်းအားဖြင့် Verb မဟုတ်ပါဘူး။ ကဗျာအဖွဲ့တွေမှာ အဆုံးသတ်၊ အဆုံးချ ရာမှာသုံးတဲ့ အက္ခရာတွေကို ဆိုလိုပါတယ်။ ညောင်ရမ်းမင်းဆယ်ဆက်၊ စနေမင်းလက်ထက်မှာ အ၀(အင်းဝ)မြို့ ရွှေကြက်ယက် ကျောင်းတိုက်နေ ရှင်ဥက္ကံသမာလာ စီရင်ရေးသားအပ်တဲ့ က၀ိကဏ္ဌပါသ လင်္ကာကျမ်းအလိုအရ ကြိယာ (၆၀) ရှိပါတယ်။ တောင်တွင်းကြီးစီရင်စု၊ မြို့လုလင်မြို့ ဇာတိဖွားဖြစ်တဲ့ ငယ်နာမည် မောင်ညို၊ ရဟန်းဘွဲ့ ရှင်မဟာ သီလ၀ံသ ရေးသားစီရင်တဲ့ က၀ိပါသဏ္ဌကျမ်း အလိုအရ ၆၄ပါး အပြားရှိပါတယ်။ မဉ္ဇူဘုန်းမော်၊ ပွင့်ချိန်မြှော်သည်၊ ဗန်းမော်ခေါင်ထိ၊ တုမရှိသည့်၊ က၀ိကဝေ၊ စောမြုတေ။ နှစ်ထွေလင်္ကာ၊ ကျမ်း၌လာသား၊ နည်းနာနယ၊ ၀ိတ္ထာရဖြင့်၊ သုံးတန်ဆင့်၍၊ ဖွင့်သည့်ကဗျာ၊ ကိရိယာတွင်၊ သမာသေန၊ မူလမဇ္ဈေ၊ ကိုသာပေတည့်၊ သံခြေပျံ့ညှင်း၊ ကျွန်ုပ်ခင်းပိမ့် - လျှင် လျှင်း မူကား၊ ၀ယ် သား တမင့်၊ ချိမ့် ဖြင့် တွင် ၏၊ ပိမ့် လှည့် မည် အံ့၊ လော တုံ မံ့ (တည့်)၊ သော် ခံ့ ဘူး သော၊ မူလော ရကား၊ မူ အား မှ က၊ လိမ့်စွ တံ့ လည်း၊ တိ တည်း ချည်း ဟု၊ ခဲ့ နည်း နှိုက် လျက်၊ ကြောင့် ထက် မို့ လည်း၊ စမ့် သည် စိမ့်(နှင့်)၊ တုံး လိမ့် တည့် တော့၊ ကား လော့ ရွေ့ သို့၊ မျှ တို့ ငှာ ရှင့်၊ တမုံ့ နှင့် ကို၊ ရှင်ပင့်ဉာဏ်တော်၊ ထွန်းပေါ်ကျယ်ချဲ့၊ ယှဉ်ခဲ့တတ်တော်မူဘုရား။

လက်သည်းကွင်း () အတွင်းမှာရှိတဲ့ အက္ခရာတွေကတော့ ပဒပူရဏ (အပိုဒ်ပြည့်အောင် ဖြည့်ပြီး စပ်ဆိုထားတဲ့ စာလုံး) သာဖြစ်လို့ ကြိယာစာရင်းမှာ ထည့်ဖို့ မလိုပါဘူး။ ရှင်မဟာ သီလ၀ံသ ရေးသားစီရင်တဲ့ က၀ိပါသဏ္ဌကျမ်းထွက် ကြိယာ (၆၄) ပါးဆိုတာကတော့ 'ကာရန်၊ အသံ' အခန်းမှာဖေါ်ပြခဲ့တဲ့ ကာရန်(၆၄) ပါး ပါဘဲ။ ဒီအထဲမှာ အံ၊ အံ့၊ အယ်၊ အယ့်၊ ၍ (ရွေ့)၊ ၌ (နှိုက်)၊ ၏ ဆိုတဲ့ အက္ခရာ ရလုံး မပါဘူးဆိုတာ သတိပြုဖို့လိုပါတယ်။ ဒီလိုမပါလို့ ရှင်ဥက္ကံသမာလာ ရေးထားတဲ့ အဲဒီကြိယာတွေကို မသုံးရဘူးလို့ မပြောနိုင်ပါ။ တကယ်တော့ ဒီကျမ်းနှစ်ကျမ်းလုံးထဲက ကြိယာတွေသာမက တခြားဘယ်စကားလုံး၊ ကြိယာ၊ အက္ခရာတွေကိုမဆို မိမိ ဉာဏ်နဲ့ယှဉ်ပြီး သုံးနိုင်ကြောင်းကို ရှင်ဥက္ကံသမာလာ ကိုယ်တော်တိုင်က 'ရှင်ပင့်ဉာဏ်တော်၊ ထွန်းပေါ်ကျယ်ချဲ့၊ ယှဉ်ခဲ့တတ်တော်မူဘုရား' ဆိုပြီး ကိုယ့်ဉာဏ်နဲ့ အကျယ်ချဲ့ပြီး သုံးနိုင်ကြောင်း ရှင်းရှင်းလင်းလင်း မိန့်မှာ ခဲ့ပါတယ်။ ဒီကျမ်းလာ ကြိယာတွေဟာ စံနမူနာအဖြစ်သာ မှတ်ယူရမှာဖြစ်ပြီး ဒီကြိယာတွေကိုသာ ကဗျာရေးရာမှာ သုံးရမယ်လို့ မဆိုလိုပါဘူး။ ကိုယ် ဉာဏ်ရှိရင်ရှိသလောက် သုံးနိုင်တယ်ဆိုတာ သတိပြုစေလိုပါတယ်။

ဝိဘတ်
ဝိဘတ်အကြောင်းကိုလည်း ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ရှင်းပြထားပါတယ်။ ဒါပေမယ့် အဲဒါတွေ အကုန်ရေးနေရင် ကဗျာအကြောင်းထက် မြန်မာသဒ္ဒါအကြောင်းရေးထားတဲ့ စာဖြစ်သွားမှာစိုးလို့ အကျဉ်း ဘဲ ဖေါ်ပြလိုက်ပါတယ်။ ၀ိဘတ်ဆိုတာကတော့ 'သည်၊ တို့သည်၊ ကို၊ တို့ကို၊ တွင်၊ ၀ယ်' အစရှိတဲ့ အက္ခရာတွေကိုခေါ်ပါတယ်။ (Preposition) ပါပဲ။ စာသုံး၊ ကဗျာသုံးတွေမှာ ၀ိဘတ်အပါများရမယ်လို့ ညွှန်ပြထားပါတယ်။ ၀ိဘတ် ကိုးမျိုးကတော့ ...

  1. ကတ္တား ၀ိဘတ်
  2. ကံ ၀ိဘတ်
  3. ကရိုဏ်း ၀ိဘတ်
  4. သမ္ပဒါန် ၀ိဘတ်
  5. အပါဒါန် ၀ိဘတ်
  6. သာမိ ၀ိဘတ်
  7. သြကာသ ၀ိဘတ်
  8. အာလုပ် ၀ိဘတ်
  9. ဟိတ် ၀ိဘတ် ကိုးပါးအပြား ရှိသည်။

တစ်ခုခြင်းအသေးစိတ်ကို စိတ်ဝင်စားသူတွေ၊ သိချင်သူတွေ ရှိရင်တော့ နောက်ပိုင်း အလျဉ်းသင့်သလို ဖေါ်ပြပေးပါမယ်။


ပဒ၊ ပါဒ၊ ပိုဒ်၊ ပုဒ် အကြောင်း
ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ကျမ်းအကိုးအကားတွေနဲ့ အသေးစိတ်ရှင်းပြထားပါတယ်။ ဒါပေမယ့် ဒီမှာ တော့ လိုရင်းကိုဘဲ ထုတ်နှုတ်တင်ပြပါမယ်။ ပုဒ်၊ ပိုဒ် ဆိုတဲ့ မြန်မာဘာသာစကားတွေဟာ ပဒ၊ ပါဒ ဆိုတဲ့ ပါဠိဘာသာကနေ ဆင်းသက်လာတဲ့ ပါဠိသက် (သို့မဟုတ်) ပါဠိပျက် ဝေါဟာရတွေဖြစ်ပါတယ်။ ကဗျာသီချင်း အဖွဲ့တစ်ခုမှာ ယတိဖြတ်ပြီး ရွတ်ဖတ်သီဆိုဖို့ ရပ်၊ တော့၊ ဖြတ်တောက် ထားတဲ့ ကဗျာ သီချင်း အဖွဲ့တစ်ခုရဲ့ တစိတ်တဒေသကို 'တပါဒ-တပိုဒ်' လို့ခေါ်ပါတယ်။ အဲဒီအပိုဒ်တွေစုပေါင်းထားတဲ့ အဖွဲ့ကို ကဗျာသီချင်း 'တစ်ပဒ=တပုဒ်' လို့ခေါ်ပါတယ်။
ဥပမာ ... သံပေါက်မနိုင်၊ ကဗျာကိုင်၊ ကြံမှိုင်နေရမှာ ... ဆိုတဲ့ သံပေါက်မှာ
သံပေါက်မနိုင် = တပိုဒ်၊ ကဗျာကိုင် = တပိုဒ်၊ ကြံမှိုင်နေရမှာ = တပိုဒ် ဖြစ်ပြီး အဲဒီ သုံးပိုဒ်ပေါင်းက တပုဒ် ဖြစ်ပါတယ်။ တေးထပ်၊ ဒွေးချိုး၊ လေးချိုး စတဲ့ အဖွဲ့တွေမှာလည်း အတူတူပါဘဲ။ ဘောလည်၊ ကောင်းကင်ကြိုး အစရှိတဲ့ အဖွဲ့တွေမှာတော့ အပုဒ်ငယ် သုံးလေးခုကိုတွဲပြီးလဲ တပုဒ် လို့ ခေါ်လေ့ရှိပါတယ်၊ ဒါကြောင့် အဲဒီအဖွဲ့မျိုးတွေမှာတော့ ပိုဒ်ဆက်ကာရန်၊ ပုဒ်ဆက်ကာရန် ဆိုပြီး သီးခြား ခွဲဖေါ်ပြပါတယ်။


ပဒါလင်္ကာရအကြောင်း
ကဗျာစွယ်စုံကျမ်းကြီးထဲမှာ ဖေါ်ပြထားတဲ့ ဒီ ပဒါလင်္ကာရ ကတော့ နည်းနည်းအရေးကြီးလို့ အသေးစိတ်တင်ပြပါမယ်။ ပဒါလင်္ကာရ ဆိုတာ ပုဒ်၏အဆင်တန်ဆာ လို့ဆိုပါတယ်။ ကာရန်စာရင်းနဲ့ စာလုံးရေစာရင်းမှာ အရေအတွက် မ၀င်တဲ့၊ ထည့်သွင်းရေတွက်ခြင်း မပြုရတဲ့ စာလုံးအပိုတန်ဆာလေးတွေပါ။ နောက်ဆုံး စာလုံးကာရန်တွေရဲ့နောက်မှာ အသံအနေအထား တိုတိုတောင်းတောင်းဖြစ်မနေစေဖို့၊ ၀ိဘတ် စတာတွေ ကွယ်မြုပ်မနေစေဖို့ ဆက်တွဲထည့်သွင်းစပ်ဆိုထားတဲ့ 'မှာဖြင့်၊ ကိုလ၊ နိုင်ဘု' စတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။ အပြစ်ကင်းစင်ပြီးလှပတဲ့ မိန်းမပျိုတစ်ဦးမှာ အင်္ကျီ၊ လုံချည်၊ လက်ဝတ်ရတနာ စတဲ့အဆင်တန်ဆာတွေ မပါရင် မတင့်တယ်သလိုဘဲ ကဗျာလင်္ကာအဖွဲ့အနွဲ့တွေမှာ ပဒါလင်္ကာရ မပါရင် မတင့်တယ်ဘူးလို့ ဆိုကြပါတယ်။ အချုပ်တန်းဆရာဖေရေးတဲ့ ဆောင်းဖွဲ့ လေးဆစ်ကလေးကို ကြည့်ပါ။


ဆောင်းဖွဲ့ (လေးဆစ်)
အချုပ်တန်းဆရာဖေ

သဉ္စာလီ ဗွေပြဒု `မှာဖြင့်´၊
ခင်သာကီ တမေပု `ကိုလ´၊
ဖေယခု ပိုက်လှဲ့ ဆို။

မလုံသေး`နိုင်ဘု´၊
တုန်အေးရှာ တင်တမေ`ငဲ့´၊
ရင်ရွှေကို လေပြေခ`တယ်´၊
သဲကြွစိမ့်ဖို။

တသန်းတန်ရတီဖို့ 'သော်လဲ'၊
ကြငှန်းပျံ ကတီမို့ 'မှာတော'့၊
မဒီပျို့ ဆောင်းရိပ်ခို'ငယ'်၊
အချမ်းပိုပါလို့ ငိုချင်ဆဲ။

ငွေနှင်း'ငယ်'ထန်၊
ချွေညှင်းတညံညံ'နှင်'့၊
ရေကင်းသံ တဖန်ကြား'ရင်လ'၊
လွမ်းအားတော် ပွေဗျာလှိုင်'လို့'၊
ကေညာခိုင် စုခင်လေး'မှာ'၊
(ကိုယ်တော်ရေ) မှေးစက်နိုင်ဘဲ။ ။


ဒီလေးဆစ်လေးထဲမှာ မျက်တောင်ကွင်း ထဲမှာပြထားတဲ့ 'မှာဖြင'့်၊ 'ကိုလ' စတဲ့ ပုဒ်တွေဟာ ပဒါ လင်္ကာရ ပုဒ်တွေဖြစ်ပါတယ်။ လက်သည်းကွင်း () ထဲက (ကိုယ်တော်ရေ) ဆိုတာကတော့ အာလုပ် ၀ိဘတ် ဖြစ်ပါတယ်။ (ကိုယ်တော်ရေ) တို့၊ (ခင်ရေ) တို့၊ (အိုဗျာ) တို့ စတာတွေကို အာလုပ်ဝိဘတ် အနေနဲ့ ထည့်သွင်းစပ်ဆိုကြပါတယ်။ အဲဒီပုဒ်တွေကို ဖြုတ်ပြီးဆိုလိုက်ရင် မူလကာရန်တွေ ပျက်မသွား ပေမယ့် ဒီလေးဆစ်လေး ဘယ်လောက်ရုပ်ပျက်ဆင်းပျက် ဖြစ်သွား မလဲ ဆိုတာတွေ့နိုင်ပါတယ်။ ဒါလောက်ဆိုရင် ပဒါလင်္ကာရ ရဲ့ အရေးပါပုံကို သိသာလောက်ပြီလို့ ထင်ပါတယ်။ အချုပ်တမ်းဆရာဖေပဲရေးခဲ့တဲ့ သံဝေဂ တေးထပ်တပုဒ်ကို အောက်မှာ ရေးပေးလိုက်ပါတယ်။ ပဒါလင်္ကာရ တွေ လေ့လာ ကြည့်ကြပါ။


သံဝေဂ တေးထပ်
(အချုပ်တန်းဆရာဖေ)

နန်းသပြေပင်ညွန့်၊
စမ်းရေကွန့်ရိပ်ပျံ၊
ပန်းဟေ၀န့်ဗိမာန် 'မှာ'၊
အဓိဋ္ဌာန်တင်မြန်း၊
ပင်လုံးကျွတ်ပွင့်ဝေဖြာ 'တယ်'၊
ဧကစာသုံးတဲ့သင်္ခမ်း။ ။

မြတ်နွယ်ညွန့်တည်ရာ 'မှာ'၊
လည်လက်ျာခွေမြန်း၊
စည်မျက်နှာ မြေကြငှန်း 'ငယ်သို့'၊
ချွေမြန်းလို့ဆိတ်သာ၊
တင်စလွယ် ဆင်ခြယ်သ 'ပါလို့'၊
အဋ္ဌမဂ်သုံးဆောက်တည်ကာ။ ။

တကိုယ်တည်းဆိတ်ငြိမ်ရာ '၀ယ်'၊
နိဗ္ဗိန္ဒာကြည်ဇော 'နှင့်'၊
သည်တောဝမြိုင်ဝေဘူ၊
ပန်းစုံကကြူ၊
ကမ္မဋ္ဌာန်းရ အုဌ်ဂူ 'မှာ'၊
ရုက္ခမူ ပျော်ဆုံးပ လေး။ ။

ရှောင်ကြဉ်ရမည့် အပြစ်၊ ဒေါသများ

ကဗျာရေးရာမှာ (အဓိကအနေနဲ့ ရှေးမြန်မာကဗျာတွေကို ရေးရာမှာ) လိုက်နာရမယ့် စည်းကမ်းဥပဒေသတွေနဲ့ ရှောင်ရှားရမယ့် အပြစ်၊ ဒေါသ ဆိုတာတွေရှိပါတယ်။ ဒီလို ရှောင်ကြဉ်ရမယ့် ဒေါသ တွေကတော့ ၀ဂ်နင်း (၀က်နင်း) နဲ့ ခွါထောက် အပြစ်တွေဖြစ်ပါတယ်။ ၀ဂ်နင်း ဆိုတာကတော့ စာလုံးတူ၊ ကာရန်တူနှစ်လုံး ဆက်တိုက်သုံးစွဲခြင်းကိုခေါ်တာပါ။ ဥပမာ ...
အခုနေဝေး၊ နောင်လည်းဝေးလို့၊ အဆွေးသောကပိုမိသည်။
ဆိုတဲ့စာပိုဒ်မှာ ဝေး - ဝေး - ဆွေး ဆိုပြီး 'ဝေး' ကာရန်နှစ်လုံး ဆက်တိုက် သုံးသွားတာကို ၀ဂ်နင်းဒေါသသင့်တယ် (အပြစ်ဖြစ်တယ်) လို့ခေါ်ပါတယ်။

ခွါထောက် ဆိုတာကတော့ စာလုံးတူ၊ ကာရန်တူနှစ်လုံး ကို ကာရန်တစ်လုံးခြားပြီး သုံးစွဲခြင်းကို ခေါ်တာပါ။ ဥပမာ ...
အခုနေဝေး၊ သောကတွေးနဲ့၊ နောင်ဝေးမှာကိုစိုးမိသည်။
ဆိုတဲ့စာပိုဒ်မှာ ဝေး - တွေး - ဝေး ဆိုပြီး 'ဝေး' ကာရန်နှစ်လုံး ကို တစ်လုံးကျော်ဖွဲ့ထားမျိုးကို ခွါထောက်ဒေါသသင့်တယ် လို့ခေါ်ပါတယ်။ ဒီလို ၀ဂ်နင်း နဲ့ ခွါထောက် စပ်ပုံမျိုးဟာ မမှားပေမယ့် ဒေါသ (အပြစ်) သင့်နေလို့ မစပ်သင့်ဘူး လို့ ဆိုပါတယ်။ အဓိက ကတော့ စကားလုံးတစ်လုံးထဲကိုဘဲ ကာရန်ပြန်ပြန်ယူထားတော့ စကားလုံးကြွယ်ဝမှု မရှိခြင်းကို ပြဆိုနေသလို ဖြစ်နေလို့ ဒီလိုရေးပုံတွေကို ဒေါသသင့်တယ်၊ အပြစ်ရှိတယ်လို့ ဆိုချင်တာထင်ပါတယ်။ ဒါပေမယ့် အရင် ကိုးခန်းပျို့မှာပြထားတဲ့ 'တပေလျဉ်းလျဉ်း၊ တဉာဉ်းဆိုးဆိုး၊ တညှိုးလျလျ၊ တတလွမ်းလွမ်း၊ တသန်းဟယ်ဟယ်၊ တတွယ်တာတာ' ဆိုတာမျိုးကတော့ 'တ' တွေကို ထပ်ခါတလဲလဲသုံးထားတာဟာ ကာရန်အနေနဲ့ ယူသုံးထားတာ မဟုတ်တဲ့အတွက် ဒီအပြစ်ဒေါသ ကနေ လွတ်တဲ့အပြင် မဓုရတာဂုဏ်တောင်မြောက်သေးတယ်လို့ ဆိုချင် ပါတယ်။ ဒါ့အပြင် အသံထွက်တူပေမယ့် စာလုံးပေါင်းမတူတာတွေ (ဥပမာ - ကျမ်း နဲ့ ကြမ်း)၊ စာလုံးပေါင်းတူပေမယ့်လည်း အဓိပ္ပါယ်မတူတာတဲ့ သံတူကြောင်းကွဲတွေ (ဥပမာ - ကြေမွ နဲ့ ကြေကွဲ) ကိုတော့ 'ခွဲထားကာရန်' ဒါမှမဟုတ် 'ခွဲထားသတ်ပုံ' လို့ ခေါ်တဲ့အတွက် ဒီစကားလုံးတွေကို ကာရန်အဖြစ်တွဲဘက် ယူရင် ၀ဂ်နင်း၊ ခွါထောက် ဒေါသတွေမသင့်ပါဘူး။ တစ်ခုဆက်ပြီး သိထားသင့်တာက ၀ဂ်နင်းဒေါသဟာ ပိုပြီးအပြစ်ကြီးပါတယ်။ ကဗျာအဖွဲ့ဟူသမျှကို ဖျက်ဆီးတတ်တဲ့ ကြီးလေးသောအပြစ်ဒေါသဖြစ်လို့ အစဉ်ထာဝရ ရှောင်ကြဉ်ရမယ်။ ဘယ်တော့မှ အသုံး မပြုအပ်ဘူး။ ခွါထောက်ဒေါသကတော့ ကဗျာ့ပါရဂူကြီး တွေက ခွါထောက်လွတ်တဲ့ ကာရန်ကို ရှာမတွေ့ တဲ့အခါ တစ်ခါတစ်လေရေးသားကြတယ်။ ကဗျာပျက်စီးမသွားဘူး။ ဒါပေမယ့် သာမန်ကဗျာဆရာတွေ တော့ မသုံးအပ်ဘူးလို့ ဆိုပါတယ်။ ဒီနေရာမှာ အင် နဲ့ အဉ် (စင် နဲ့ စဉ်)၊ အည် နဲ့ အီ (မျှော်ရည်၊ ရော်နီ) ဆိုတာတွေကို ကာရန်မတူဘူးလို့ ရွှေဥမင်ဆရာတော်က မိန့်ထားကြောင်း၊ ဒါကြောင့်မို့ ဒီကာရန်တွေကို ကာရန်တူအဖြစ် ယှဉ်တွဲပြီး မစပ်ကောင်းကြောင်း နဲ့ အဲဒီလိုစပ်မိရင် 'ဘဂ္ဂရီတိဒေါသ' သင့်တယ်လို့ ကဗျာဖွဲ့နည်းနိသျည်း ထဲမှာ ပြောထားပါတယ်။ ဒါပေမယ့် ကဗျာ့စွယ်စုံကျမ်းနဲ့ ကဗျာလမ်းညွှန် ထဲမှာတော့ ဒီအကြောင်းကို အထူး ဖေါ်ပြထားတာ မတွေ့ရပါဘူး။ ကျနော့် ကိုယ်ပိုင်သဘောကိုပြောရရင်တော့ အသံထွက်တူရင်၊ သို့မဟုတ် စာလုံးပေါင်း အသတ်တူရင် စပ်လို့ရတယ်။ ဒါပေမယ့် အဲဒီလိုအစပ်မျိုးကို တတ်နိုင်သမျှတော့ ရှောင်သင့် တယ်၊ ဘယ်လိုမှ ရှောင်လွှဲမရရင်တော့ စပ်လို့ရတယ် လို့ ထင်ပါတယ်။ ဒါဟာ မမှားပေမယ့် မကောင်းဘူး၊ (ဒေါသသင့် တယ်ဆိုတာ အပြစ်အနာအဆာရှိနေတယ်၊ စင်းလုံးချော မကောင်းဘူး လို့ ဆိုလိုတာပါ) အပြစ်အနာအဆာတွေတော့ ရှိနေတဲ့သဘော ဖြစ်ပါတယ်။

အမျိုးအစားများ စကားပြော

သရုပ်ဖေါ်
မော်ဒန် ကဗျာ
ပို့စ်မော်ဒန် ကဗျာ
Comments