ဒုတိယ အင်္ဂလိပ် - မြန်မာစစ်

ဒုတိယအင်္ဂလိပ် မြန်မာစစ် သည် ခရစ်နှစ်-၁၈၅၂ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့၍ ၁၈၅၃-ခုနှစ် ပုဂံမင်းလက်ထက်တွင် ပြီးဆုံးသည်။

စစ်ဖြစ်ရခြင်း အကြောင်းရင်း

ထိုခေတ်တွင် ဗြိတိသျှတို့နှင့် ဆက်ဆံရသည်မှာ တချက်တိမ်း၍ မဖြစ်ရုံမျှ မက၊ မြန်မာတို့သည် ဗြိတိသျှ ပြုသမျှ နုရမည့် အခြေသို့ ရောက်နေလေသည်။ ဗြိတိသျှတို့သည် မိမိတို့၏ အလိုဆန္ဒ ဟူသမျှကို မြန်မာက လက်ငင်းချက်ခြင်း ဖြည့်ပေးစေ လိုလာကြသည်။ မြန်မာနိုင်ငံသို့ ရောက်နေသော ဗြိတိသျှ ကုန်သည်စုနှင့် သင်္ဘော ကပ္ပီတန်တို့သည် မြန်မာ အာဏာပိုင်များနှင့် ဆက်ဆံရသူများ ဖြစ်ရာ မြန်မာတို့ကို မိမိတို့၏ အလိုဆန္ဒ အတိုင်း ဆောင်ရွက် စေလိုကြသည်။ ဗြိတိသျှ အာဏာပိုင်များကလည်း ဗြိတိသျှ ကုန်သည်များနှင့် သင်္ဘော ကပ္ပီတန်တို့ အလိုကျ ဖြစ်စေရန် စီမံ ပေးရတော့သည်။ ဤသို့ ဗြိတိသျှတို့ သဘောထား ပြောင်းလဲပုံကို အိန္ဒိယ ဘုရင်ခံချုပ် လတ်မင်းကြီး ဒါလဟိုဇီ၏ ပြုမူ ဆောင်ရွက်ပုံများတွင် သိမြင်နိုင်သည်။ ဒါလဟိုဇီကား ဗြိတိသျှ အင်ပါယာ ချဲ့ထွင်ခြင်းသည် သဘာဝ တရား အတိုင်း ပြုမူခြင်းသာ ဖြစ်သည်ဟု ယူဆသူ ဖြစ်သည်။ ဗြိတိသျှတို့၏ ဂုဏ်သတင်း ထင်ရှားခြင်းကိုလည်း လိုလားသူ ဖြစ်လေသည်။ ဒါလဟိုဇီသည် တန်ခိုး အာဏာ လက်ကိုင်ရသူ ဖြစ်သည့် အလျောက်၊ အိန္ဒိယတွင် မိမိ အုပ်ချုပ်ရသော နယ်မြေများ၌ ဗြိတိသျှ အာဏာ ခိုင်မြဲရေးကို ဆင်ခြင်၍ မြန်မာတို့သည် တထီးတနန်းနှင့် လွတ်လပ်စွာ နေသမျှ ကာလပတ်လုံး အန္တရာယ် တခု ဖြစ်သည်ဟု ဆုံးဖြတ်ချက် ချခဲ့သူ ဖြစ်သည်။ မြန်မာနှင့် မလွဲမသွေ စစ်ဖြစ်ရမည်ကို ကြာမြင့်စွာကပင် ယူဆခဲ့သူ ဖြစ်လေသည်။ မဖြစ်လောက်သည့် အကြောင်းကိုပင် ရေးကြီး ခွင့်ကျယ် ပြု၍ စစ်ဖြစ်ရန် ဖန်တီး ခဲ့လေသည်။


၁၈၅၁ ခုနှစ်တွင် ဟံသာဝတီ မြို့ဝန် မင်းကြီး မဟာ မင်းလှ မင်းကျော်ခေါင်သည် ဗြိတိသျှ သင်္ဘော နှစ်စင်း ဖြစ်သော မောနတ်နှင့် ချံပီယံတို့မှ ကပ္ပီတန် ရှက်ပတ်နှင် လူဝစ်တို့ကို ဒဏ်ရိုက်ခဲ့သည်။ နှစ်ဦးစလုံးက ကလကတ္တားမြို့ရှိ ဗြိတိသျှ အစိုးရကို တိုင်ကြားသည်။ ဤတွင် ဒါလဟိုဇီသည် မြန်မာတို့ကို တင်းတင်းမာမာ အရေးဆိုရန် အချိန်သင့်ပြီဟု ယူဆသည်။ ၎င်း၏ အဆို တင်သွင်းချက်ကို မှတ်တမ်း၌ "အိန္ဒိယ အစိုးရသည် လုံခြုံ ခိုင်မြဲရေးကိုပါ ထောက်ထား၍ တိုင်းရင်းအစိုးရ အထူးသဖြင့် မြန်မာ နန်းတော်ကို တနေ့ တရက်မျှပင် အလျှော့ပေး၍ ဆက်ဆံ နေခြင်းငှာ မသင့်" ဟု ရေးသားခဲ့သည်။ ၎င်းသည် ဒဏ်ရိုက်သည့် ငွေကို မြန်မာတို့က ပြန်လည် ပေးဆပ်ရမည်။ ရန်ကုန် မြို့ဝန်ကိုလည်း ရွှေ့ပြောင်း ပေရမည်ဟု တောင်းဆိုလေသည်။ (ကပ္ပီတန် နှစ်ဦးသည် ဒဏ်ရိုက်ခံရသည့် ငွေထက်ပို၍ ပြောကြကြောင်း နောင်အခါ၌ တွေ့ရသည်။) ထိုကိစ္စ အတွက် အရေးဆိုရန် စစ်သင်္ဘော သုံးစင်းကို ကော်မိုဒို လမ်းဘတ် ကွပ်ကဲ၍ မြန်မာနိုင်ငံသို့ စေလွှတ် လိုက်သည်။ တောင်းဆိုချက်မှာ စင်စစ်အားဖြင့် နောက်ဆုံး ရာဇသံ စာပင် ဖြစ်သည်။ စာတွင် မြန်မာမင်းက ပြစ်မှားမှုကို ပြန်လည် ပြုပြင်ခြင်း မရှိလျှင် အစွမ်းကုန် အရေးယူမည်ဟု ပါလေသည်။


ဤအကြိမ်တွင် မြန်မာ နန်းတော်၏ ဆောင်ရွက်ပုံသည် ချေငံ သင့်တော်လှသည်။ ဟံသာဝတီ မြို့ဝန်ကို နေပြည်တော်သို့ ပြန်လာရန် အမိန့် ထုတ်လိုက်သည်။ ရွှေတောင် မြို့ဝန်ကို ရန်ကုန်သို့ ပြောင်းလဲ ခန့်ထား၍ အမှု အသွား အလာကို စုံစမ်း စစ်ဆေးပြီးလျှင် လိုအပ်သလို ပြုပြင် ဆောင်ရွက်ရမည်ဟု ချမှတ်လိုက်သည်။ ရန်ကုန်သို့ ရောက်လျှင် လမ်းဘတ်သည် အမေရိကန် သာသနာပြု ကင်းကိတ်နှင့် သင်္ဘော အရာရှိငယ်များကို မြို့ဝန်နှင့် တွေ့ဆုံရန် စေလွှတ်လိုက်သည်။ ၎င်းတို့သည် မြို့ဝန်၏ ဝင်းအတွင်းသို့ မြင်းစီး၍ ဝင်ကြမည် ပြုသောအခါ မြန်မာမင်း အမှုထမ်းများက ထိုသို့ ပြုခြင်းမှာ မြန်မာတို့ ထုံးတမ်း နှင့် မညီသောကြောင့် ဟန့်တားကြသည်။ လမ်းဘတ်သည် ဤ အပြုအမူကို ဗြိတိသျှတို့အား ရန်စခြင်း ဖြစ်သည်ဟု သူလိုရာ အဓိပ္ပါယ် ကောက်ယူပြီးနောက် ရန်ကုန် ဆိပ်ကမ်းကို ပိတ်ဆို့စေသည်။ သင်္ဘောလုပ်ငန်း ဌာနနှင့် ခံတပ်ကို အမြောက်နှင့် ပစ်ခွင်း စေသည်။ ထိုနောက် ဆိပ်ကမ်းတွင် တွေ့သမျှ မြန်မာ သင်္ဘောများကို နှစ်မြုပ်ပြီးလျှင် ထွက်ခွာ သွားလေသည်။ ဒါလဟိုဇီကလည်း စစ်တိုက်ရန် အသင့် ရှိပြီ ဖြစ်လေသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဒါလဟိုဇီသည် မြန်မာတို့က ဝန်ချ တောင်းပန်ရမည်ဟု ရာဇသံ စာပေး၍ လျော်ကြေးငွေ ကျပ် တသန်းကိုလည်း ပေးရမည်ဟု တောင်းဆို လိုက်သည်။ မြန်မာတို့က အကြောင်း မပြန်သောအခါ ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် အဆင်သင့် ပြင်ထားသော ဗြိတိသျှ စစ်တပ်ကြီးသည် ရန်ကုန်သို့ ရေကြောင်းမှ ဝင်ကြလေသည်။

အင်္ဂလိပ် မြန်မာ ဒုတိယ စစ်ပွဲ

ပုဂံမင်းသည် ဗြိတိသျှတို့ကို ခုခံတိုက်ခိုက်ရန် ရခိုင်ဒေသ၊ ပုသိမ်၊ မုတ္တမနှင့် ရန်ကုန်သို့ မြန်မာ စစ်တပ်ကြီးကို စစ်လေးကြောင်း ခွဲ၍ စေလွှတ်သည်။ ဒါလဟိုဇီသည် အုပ်ချုပ်ရေး၌ ကျွမ်းကျင် နိုင်နင်းသူ ဖြစ်သည်နှင့် အညီ၊ ပထမ စစ်ပွဲတွင် ဗြိတိသျှတို့ ကြုံတွေ့ခဲ့သည့် တိမ်းပါး ချွတ်ချော်မှုများကို သေချာစွာ လေ့လာခဲ့သည်။ သယ်ယူ ပို့ဆောင်ရေး၊ စားနပ်ရိက္ခာ ပို့ရေး၊ ဆေးဝါးနှင့် သူနာပြုစုရေး ကိစ္စများကို လစ်ဟင်းမှု မရှိအောင် ဆောင်ရွက်လေသည်။ ဤတကြိမ်၌ အင်္ဂလိပ်တို့ အတွက် ပို၍ အရေးသာသည်မှာ ရခိုင်နှင့် တနင်္သရီဒေသတို့၌ စစ်စခန်း ပြုလုပ်၍ ထိုမှတဆင့် စစ်တပ်များကို စေလွှတ်နိုင်ခြင်း ဖြစ်သည်။


ဗြိတိသျှ စစ်ဗိုလ်ချုပ် ဂျင်နရယ် ဂေါ်ဒွင်၏ အဆိုအရ မြန်မာတို့သည် ပထမ စစ်ပွဲကို တိုက်ခိုက်စဉ်ကထက် လက်နက်ကောင်းများ စွဲကိုင်ကြ၍ သတ္တိ အရာတွင်လည်း ယခင်ကထက် သာလွန်သည်၊ ပုသိမ်နှင့် ရန်ကုန်ကို ကောင်းစွာ ခုခံ ကာကွယ်ကြပြီးလျှင် မုတ္တမကို အပြင်းအထန် တိုက်ခိုက် ခဲ့သည်ဟူ၏။ သို့ရာတွင် အစစ၌ စစ်အင်အားချင်း မမျှလွန်းသဖြင့် အောက်မြန်မာနိုင်ငံကို သုံးလ အတွင်းတွင် ဗြိတိသျှတို့ သိမ်းပိုက် နိုင်ခဲ့ကြသည်။ သို့သော် မြန်မာတို့က အထက်ပိုင်းကို ပိုင်ဆိုင်ဆဲ ဖြစ်လေသည်။ ဒါလဟိုဇီသည် မြန်မာတို့ကို ထပ်ကြပ်မကွာ ဖိနင်း တိုက်ခိုက်ခြင်းဖြင့်၊ ဗြိတိသျှတို့ တောင်းဆိုသမျှကို လိုက်လျောစေရန် အဓမ္မပြု၍ မဖြစ်နိုင်ဟု ယူဆသည်။ မည်သည့် မြန်မာမင်းမျှ မိမိ တိုင်းပြည်ကို အပ်နှင်းခဲ့သည့် ဘုရင်ဟု ရာဇဝင် တင်ခြင်းကို နှစ်မြို့မည် မဟုတ်ချေ။ ထိုကြောင့် ၁၈၅၂ ခုနှစ် ဒီဇင်ဘာလတွင် ပဲခူးနှင့် မုတ္တမ ဒေသတို့ကို ဗြိတိသျှတို့ သိမ်းပိုက်ကြောင်း ကျေညာလိုက်သည်။


အောက်မြန်မာနိုင်ငံကို သိမ်းရာတွင် ဒါလဟိုဇီ၏ အကြောင်းပြချက်မှာ၊

(၁) အောက်မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ခြင်းဖြင့် ဗြိတိသျှတို့၏ အင်အားကို ထင်ရှားစေမည်၊

(၂) ယခင်က အရှုံးများကို ထေမိ၍ ဗြိတိသျှ၏ အနာဂတ် အတွက် စိတ်ချ ခိုင်လုံစေမည်၊

(၃) မြန်မာတို့၏ စစ်အင်အားကို လျော့ပါးစေမည်၊

(၄) ပဲခူးကို စရိတ်စက အကုန်အကျ နည်းနည်းဖြင့် အုပ်ချုပ်နိုင်မည် ဖြစ်သဖြင့် ကူးသန်း ရောင်းဝယ်ရေး တိုးတက်ပြီးလျှင် သဘာဝ ထွက်ကုန် ပစ္စည်းများကို မြောက်များစွာ ရနိုင်မည်၊ ဟူ၏။


ဒုတိယ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် စစ်လျှော်ကြေးငွေ တစ်ကုဋေပေးရပြီး အောက်မြန်မာနိုင်ငံပါ သိမ်းယူခဲ့သည်။

ကိုးကား

  1. ၁၉၆၂ ခု၊ ပဌမနှိပ်၊ ရန်ကုန် တက္ကသိုလ်၊ မြန်မာနှင့် အရှေ့တိုင်း ရာဇဝင် ပါမောက္ခ ဒေါက်တာ ကျော်သက် ရေးသားတဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်း'
Comments