ဒေါက်တာမောင်မောင်

ဒေါက်တာမောင်မောင်သည် ဦးအေးကိုနောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၉-ရက်မှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ တစ်လသာ သမ္မတတာဝန်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။

  ဒေါက်တာမောင်မောင်၏ ဓါတ်ပုံ
ဥပဒေ ပါရဂူဘွဲ့ ရထားသူ ဒေါက်တာမောင်မောင်သည် ပျော့ညံ့သူ တဦး ဖြစ်ပြီး ကပ်ဖားသတ္တဝါ ဖြစ်ရန် အတွက်လည်း သူ၏ ယခင် ပညာတတ် အရည်အချင်းများကို စွန့်လွှတ်ပစ်ရန်လည်း ဝန်မလေးချေ။ ထို့ကြောင့် ၁၉၈၈ ခုနှစ်၊ သြဂုတ်လ အတွင်း ထိုအချိန်က မြန်မာနိုင်ငံတွင် ဥပဒေအရ ရပ်တည်နိုင်သော တခုတည်းသော နိုင်ငံရေး ပါတီကြီး ဖြစ်သည့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ၏ ဥက္ကဋ္ဌနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ သမ္မတ အဖြစ် အာဏာရှင်ကြီး ဦးနေဝင်းက ဒေါက်တာမောင်မောင်ကို ရွေးချယ် တင်မြှောက် စေခဲ့ရသူလည်း ဖြစ်သည်။


၁၉၈၇-၈၈ ခုနှစ်များ အတွင်း အာဏာရှင် ဦးနေဝင်း၏ မဆလ တပါတီ မတရား ရက်စွာ ဖိနှိပ်ချုပ်ချယ် အုပ်စိုးနေမှုကို တောင်ပေါ် မြေပြန့် နိုင်ငံအဝန်းမှ တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးက အုံ့က တော်လှန်ကြသော အခါ၊ ဦးနေဝင်းက သူနှုတ်ထွက်ပေးပြီး၊ သစ္စာရှိ နောက်လိုက်တဦး ဖြစ်သူ 'ရန်ကုန်မြို့မှ သားသတ်သမား' ဗိုလ်မှူးချုပ်ဟောင်း စိန်လွင်ကို ရုပ်ပြသမ္မတ အဖြစ် အာဏာ လွှဲပေးခဲ့သည်။ သို့သော်လည်း ပြည်သူလူထု၏ မုန်းတီး ရွံ့ရှာမှုများသည် ဒီရေအလား တိုးပွားလာသဖြင့် 'ရန်ကုန်မြို့မှ သားသတ်သမား' စိန်လွင်၏ သမ္မတ ရာထူးသည် ၁၈ ရက်သာ သက်တမ်း တည်မြဲခဲ့ပြီး၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ရာထူးမှ နုတ်ထွက် ပေးလိုက်ရသည်။ ဤတွင် ဦးနေဝင်းသည် ဖဲထုပ်ထဲမှ နောက်ထပ် ဂျိုကာတကောင်ကို ရွေးရပြန်လေသည်။ ယခုတကြိမ် အရွေးခံရသူမှာ ဥပဒေ ပညာရှင် တပိုင်း၊ စာရေးဆရာ တပိုင်းဖြစ်သော ဒေါက်တာမောင်မောင် ဖြစ်သည်။ ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် ကိုင်တွယ်မှုမှာ အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီ ဖြစ်၍ ပိုမို ပျော့ပျောင်းသော လမ်းကြောင်းကို အသုံးချ ကြည့်လေတော့သည်။


သို့ရာတွင် ပြည်သူလူထုကို ဤသို့ အရူးလုပ်၍ မရတော့ချေ။ ပြည်သူလူထု အနေဖြင့် မဆလ အာဏာပိုင်တို့၏ အကြောကို နောကျေနေလေပြီ။ ကျောင်းသားများ၊ ဗုဒ္ဓဘာသာ ရဟန်းတော်များ၊ ရှေ့နေများ၊ ကျောင်းဆရာများ၊ ဆရာဝန်များ၊ လယ်သမားကြီးများ၊ စက်ရုံ အလုပ်ရုံ အလုပ်သမားများနှင့် ဆိုက်ကားသမား အစ သူတောင်းစား အဆုံး ပြည်သူများသည် ပိုမို များပြားစွာ ဆန္ဒပြမှုများတွင် ပါဝင်လာကြပြီး၊ တပ်မတော် အစိတ်အပိုင်း အချို့ပါ ဤလူထု ဆန္ဒပြမှုကြီးတွင် ပူးပေါင်း ပါဝင်လာကြသည်။ ဤမျှ ထုနှင့် ထည်နှင့် အုတ်အော်သောင်းနင်း ဆန္ဒပြမှုမျိုး ကြုံတွေ့ရလျှင် ကမ္ဘာ့ မည်သည့် နေရာရှိ မည်သည့် အစိုးရမျိုး မဆို ပြိုကွဲ ပျက်စီးသွားပြီး ပဋိပက္ခ ဖြေရှင်း၍ ရနိုင်သော လိုက်လျောမှုမျိုး ပြုလုပ်ရပေလိမ့်မည်။ သို့သော်လည်း သုတ်သင်ရေး အတွေးအခေါ်ကို အစစ်အမှန် ကိုင်တွယ်ထားသော အာဏာရှင်များနှင့် သူ၏ နောက်လိုက် စစ်တပ်သည် တလက်မမျှ ဆုတ်မပေးခဲ့ချေ။


လိုက်လျောမှုများ ပြုလုပ်မည့် အစား ယင်းတို့၏ လုံးဝဥဿုံ အာဏာ ဆုပ်ကိုင်ထားမှုအား စောဒက တက်မိသော ပြည်သူလူထုကို အပြစ်ပေး ဒဏ်ခတ်သည့် အနေဖြင့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကို အမည်ခံ အာဏာသိမ်းပွဲဖြင့် ဒေါက်တာမောင်မောင်က အာဏာလွှဲပြောင်း ပေးခဲ့ပြီး၊ ထောင်နှင့်ချီသော ပြည်သူလူထုအား လမ်းမများပေါ်တွင် တဖန် ပစ်သတ်ခွင့် ပြုခဲ့သည်။


အာဏာရှင် ဦးနေဝင်း အပေါ် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေခဲ့သူ ဒေါက်တာ မောင်မောင်သည့် အာဏာရှင်ကြီး၏ အတ္ထုပ္ပတ္တိ ဖြစ်သော 'မြန်မာပြည်နှင့် ဗိုလ်ချုပ်ကြီး နေဝင်း' (Burma and General Ne Win) စာအုပ်ကို ရေးသားခဲ့သူ ဥပဒေပညာရှင် စာရေးဆရာ တဦးဖြစ်သည်။ ထိုစာအုပ်တွင် ကောလိပ်မှ ပညာ တပိုင်းတစဖြင့် ကျောင်းထွက်ခဲ့ရပြီး၊ အောက်တန်းစာရေးလေး အဖြစ် ဝင်ရောက် လုပ်ကိုင်နေသူ သခင်ရှုမောင် (ဗိုလ်ချုပ်ကြီး နေဝင်း၏ အမည်ရင်း ဖြစ်သည်) အကြောင်းကို အောက်ပါအတိုင်း ရေးသား ဖော်ပြခဲ့သည်။


"ထိုစာရေး အလုပ်သည် သခင် လူငယ်ကလေးအား စာများ၊ ကြေးနန်းများကို တိတ်တဆိတ် စစ်ဆေး ဖတ်ရှုပြီး ပုလိပ်အဖွဲ့၏ လှုပ်ရှားမှုကို သူ့ရဲဘော် ရဲဘက်များအား ကြိုတင် အသိပေးနိုင်ခဲ့သည်။ သူသည် ထောက်လှမ်းရေး အလုပ်တွင် ထက်သန်သည်။ ထိုအလုပ်သည် သတင်းရယူရေး စခန်းကောင်း တခု ဖြစ်ခဲ့သည်။"


ထိုအကြောင်းကို မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုတွင် သခင်ရှုမောင် (ခ) ဗိုလ်ချုပ်ကြီး နေဝင်းအား သိဒ္ဓိတင်ပေးသည့် အနေဖြင့် ဒေါက်တာမောင်မောင် ရေးသားပေးခဲ့သော ထိုစာအုပ်မှ အပ အခြား မည်သည့် စာတမ်း စာအုပ်တွင်မှ မတွေ့ရပေ။ ထို့အပြင် ထူးဆန်းစွာပင် ထိုအချိန်က သူ၏ ရဲဘော်ရဲဘက်ဟောင်း ဖြစ်ခဲ့သူ တဦးတယောက်ကမျှ ရှုမောင်ထံမှ တစုံတရာ သတိပေး ခံခဲ့ရသည်ကိုလည်း ပြန်လည် မှတ်မိခြင်း မရှိကြချေ။


ဦးနေဝင်း မြင်းပြိင်ကွင်း မကြာခဏ သွားခဲ့ခြင်းသည်လည်း သူ၏ နိုင်ငံရေး လှုပ်ရှားမှုကို အကာအကွယ် ယူထားမှု တရပ်ဖြစ်ကြောင်း၊ "မြင်းပြိင်ကွင်းသည် လူအများ စုဝေးရာ နေရာ ဖြစ်သည်။ သူသည် မြင်းတစ်ပေးမှုများကိုသာ နားထောင်သည် မဟုတ်၊ အစိုးရဌာန အသီးသီးတွင် လုပ်ကိုင်နေကြသော သူ့အသိမိတ်ဆွေများထံ လှည့်ပတ် သွားလာပြီး နောက်ဆုံး သတင်းများကို မေးမြန်း စုံစမ်းခဲ့သည်" ဟု ဒေါက်တာမောင်မောင်က သူ့ဆရာရင်း ဖြစ်သူ သခင်ရှုမောင် (ခေါ်) ဦးနေဝင်း၏ လူငယ်ဘဝကို စိတ်ကူးစိတ်သန်း ကောင်းကောင်းဖြင့် ဆက်လက် ပုံဖော်ထားသည်။


ထို့သို့ ဦးနေဝင်းအား ထောက်ခံ အကာအကွယ် ပေးသူများထဲတွင် တဦး ဖြစ်နေခြင်း အတွက် မဆလ ပါတီတွင်း မကြာခဏ ထုတ်ပယ်ပစ်ရာတွင် ဒေါက်တာမောင်မောင် ပါရှိမသွားဘဲ ရှင်သန် လွတ်မြောက်နေခြင်း ဖြစ်ပေလိမ့်မည်။ ဤသည်ကို ကြိုတင် ခန့်မှန်း၍ ရနိုင်သည်ဟု ဆိုနိုင်ပါသည်။


စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဒေါက်တာ မောင်မောင်က "ကောင်စီများ၊ ဝန်ထမ်းများနဲ့ ပြည်သူ့ရဲများက ယိုယွင်း ပျက်စီးနေတဲ့ ပြည်သူ့ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ် လာအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အနီးကပ်ဆုံး ဖြစ်တဲ့ ကာကွယ်ရေး အင်အားစုများကလည်း အကူအညီများ ပေးအပ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တို့ အနေနဲ့ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အင်အားသုံးပြီး ပြဿနာ တရပ်ကို ဖြေရှင်း ချင်ကြတဲ့ သူတွေ အချိန် ရှိတုန်း ပြေးထားကြပါ" ဟူ၍ မိန့်ခွန်း ပြောကြားခဲ့သည်။


၁၆ ရက်နေ့တွင် မဆလ ပါတီက ပဟေဠိ ဆန်သော ကြေညာချက် တရပ် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် လက်နက်ကိုင် စစ်တပ်၊ ပြည်သူ့ရဲနှင့် ဝန်ထမ်းများအား ပါတီမှ နှုတ်ထွက်ခွင့် ပြုကြောင်း ကြေညာခဲ့သည်။ နောက်တနေ့တွင် ကာကွယ်ရေး ဝန်ကြီး ဌာနက လက်နက်ကိုင် စစ်တပ်များကို အမိန့်တရပ် ချမှတ်ခဲ့ရာတွင် စစ်တပ် အနေနှင့် မူလ တာဝန်ကြီး ၃ ရပ်ကို အပြည့်အဝ ထမ်းဆောင် ကြရမည်ဟု ဆိုခဲ့၏။ ထို တာဝန်ကြီး ၃ ရပ်မှာ ပြည်ထောင်စု တည်တန့် ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် နိုင်ငံတော် အချုပ်အချာ အာဏာကို ကာကွယ် စောင့်ရှောက်ရေးတို့ ဖြစ်ကြသည်။ အရေးပါသော အပြောင်းအလဲကြီး ဖြစ်ပေါ် လာမည်မှာ ထင်ရှားသည်။


ဤသို့အားဖြင့် တရားဥပဒေ စိုးမိုးမှုနှင့် အခြေခံ ဥပဒေ စိုးမိုးရေးတို့ကို စာအုပ် အမြောက်အမြား ရေးသားခဲ့သူ ဥပဒေ ပညာရှင် ဒေါက်တာမောင်မောင်သည် ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ မည်သည့်စနစ်၏ အခြေခံ ဥပဒေကမှ ခွင့်မပြုသော စစ်အာဏာသိမ်းမှုကို အသာတကြည် ခွင့်ပြုခဲ့သူ ဥပဒေ ပညာရှင် တဦးလည်း ဖြစ်လာသည်။ ထို့အပြင် ပြည်သူလူထုအား အကျိုးပြုချင်သော်လည်း မိမိတွင် အခွင့်အာဏာ မရှိသဖြင့် မလုပ်နိုင်ဖြစ်ရကာ ဒီအတိုင်း ထိုင် ထိုင်ကြည့်နေရသည်ဟု မကြာခဏ ပြောကြားလေ့ရှိသူ ဥပဒေ ပညာရှင် ဒေါက်တာမောင်မောင်၏ စကားသည် စကား အဖြစ်သာ တွင်ရစ်ကြောင်းကို ပြည်သူလူထုက သွေးဖြင့်ရင်းပြီး သက်သေ ပြခဲ့ကြလေသည်။


အနှီ ဒေါက်တာမောင်မောင်ကို ၁၉၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အဖ အထက်တန်း ရှေ့နေ ဦးဆင့်၊ အမိ ဒေါ်အေးတင်တို့က မန္တလေးမြို့၌ ဖွားမြင်သည်။ မွေးချင်း ခုနှစ်ယောက် ရှိသည့်အနက် တတိယမြောက် တဦးတည်သောသား ဖြစ်သည်။


ငယ်စဉ်က မန္တလေးမြို့ အမျိုးသား အထက်တန်းကျောင်းတွင် ပညာသင်ယူသည်။ ၁၉၃၉ ခုနှစ်တွင် မန္တလေးမြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းမှ ၁၀ တန်း အောင်မြင်ပြီး၊ မန္တလေး ဥပစာကောလိပ် သိပ္ပံတန်းသို့ တက်ရောက် ပညာ သင်ကြားသည် ၁၉၄၃ ခုနှစ်တွင် ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ထောက်ပံ့ရေးတပ်သို့ ဝင်ရောက် အမှုထမ်းသည်။ တပ်ကြပ်အဆင့် ရရှိပြီးနောက် ၁၉၄၄ ခုနှစ်တွင် မင်္ဂလာဒုံ စစ်တက္ဗသိုလ် စတုတ္ထပတ် ဗိုလ်သင်တန်း တက်ရောက်သည်။ ၁၉၄၅ ခုနှစ်တွင် ဗိုလ်သင်တန်းဆင်းပြီး စစ်ဝန်ကြီးရုံး စစ်ပညာ ဌာနကြီးတွင် ဗိုလ်လေး အဆင့်ဖြင့် တာဝန် ထမ်းဆောင်သည်။ တော်လှန်ရေးတွင် ဟင်္သာတခရိုင်၊ မျိုးချစ် ဗမာ့ တပ်မတော် တိုင်း (၁) ဌာနချုပ်၊ ပဲနွယ်ကုန်း၌ တာဝန် ယူခဲ့သည်။


ဒေါက်တာမောင်မောင်သည် ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူခဲ့ရာ ၁၉၄၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၄၆ ခုနှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာန နည်းပြ အဖြစ် လည်းကောင်း၊ ၁၉၄၆ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ပြန်ကြားရေး ဌာန၊ နယူတိုင်းအော့ဖ် ဘားမား သတင်းစာ အယ်ဒီတာ အဖြစ် လည်းကောင်း၊ ၁၉၄၈ ခုနှစ်၊ နှစ်ဦးပိုင်းမှ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ အထိ မြန်မာနိုင်ငံ မီးရထားဌာန လက်ထောက် အတွင်းဝန် အဖြစ် လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။


ဒေါက်တာ မောင်မောင်သည် ၁၉၄၉ ခုနှစ်မှ ၁၉၅၃ ခုနှစ် အထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ဥပဒေ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး၊ ပြန်ကြားရေး ပညာများကို လေ့လာ ဆည်းပူးသည်။ ဟော်လန်နိုင်ငံရှိ Academy of International Law မှ အပြည်ပြည် ဆိုင်ရာ ဥပဒေ ဒီပလိုမာ ရရှိသည်။ ၁၉၅၂ ခုနှစ်တွင် လန်ဒန်မြို့ LINCON’S Inn မှ Barrister-at-Lawဝတ်လုံ အဖြစ် ခံယူသည်။ ၁၉၅၆ ခုနှစ်တွင် ဟော်လန်နိုင်ငံ UTRECHT တက္ကသိုလ်မှ အပြည်ပြည် ဆိုင်ရာ ဥပဒေဘာသာရပ်ဖြင့် ဥပဒေပါရဂူ L.L.D. (Doctor of Law) ဘွဲ့ရရှိသည်။


ဒေါက်တာ မောင်မောင်သည် ဗိုလ်ချုပ်ကြီး နေဝင်း အိမ်စောင့် အစိုးရ လက်ထက် ၁၉၅၉ ခုနှစ်တွင် လက်ထောက် ရှေ့နေချုပ်၊ ရန်ကုန် တက္ကသိုလ် ဥပဒေ ကထိက တာဝန်များ ထမ်းဆောင်သည်။ ၁၉၆၀ ပြည်နှစ်မှ ၁၉၆၂ ခုနှစ် အထိ အမေရိကန်နိုင်ငံ YALE တက္ကသိုလ်၌ ကထိက အဖြစ် စာပေပို့ချ ကျမ်းပြုကာ ၁၉၆၁ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာ ဥပဒေဘာသာရပ် အတွက် ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။


ဒုတိယအကြိမ် စစ်တပ် အာဏာသိမ်း အဖွဲ့ဖြစ်သည့် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ဒေါက်တာမောင်မောင်သည် တရားရုံးချုပ် တရားသူကြီး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အမြုတေ ပါတီ ကာလတွင် ပညာရေးရာ ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၉၇၁ ခုနှစ်၊ ပထမအကြိမ် ပါတီ ညီလာခံတွင် ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ ၁၉၇၁ ခုနှစ်တွင် ဖွဲ့စည်းသော အဖွဲ့ဝင် ၉၇ ဦး ပါဝင်သည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် (မူကြမ်း) ရေးဆွဲရေး ကော်မရှင်တွင် အဖွဲ့ဝင် အဖြစ် ပါဝင်သည်။ ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီ အဖွဲ့ဝင် ဖြစ်လာပြီး၊ ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ တော်လှန်ရေး အစိုးရ အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။


ဒေါက်တာမောင်မောင်သည် မဆလ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် လည်းကောင်း၊ နိုင်ငံတော် ကောင်စီဝင် အဖြစ် လည်းကောင်း မဆလ သက်တမ်းတလျှောက် တာဝန် ထမ်းဆေင်ခဲ့သည်။၁၉၇၈ ခုနှစ်တွင် ဥပဒေ ကော်မရှင် ဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ်တွင် ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ မှသည် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် သမ္မတ အဖြစ်ပါ တာဝန် ယူခဲ့ဖူးသူ ဖြစ်သည်။


ဒေါက်တာမောင်မောင်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်သည့် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ကို ၁၉၇၅ ခုနှစ်တွင် လည်းကောင်း၊ မဆလ ပါတီက ပေးအပ်ခဲ့သည့် တာဝန်များကို ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ချီးမြှင့်သည့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ၁၉၈၄ ခုနှစ်တွင် လည်းကောင်း ရရှိသည်။

ဘ၀နိဂုံး

ဒေါက်တာမောင်မောင်သည် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ဟင်္သာတမြို့နေ ပါလီမန်အမတ် ဦးသန်းတင်၊ ဒေါ်ကျင်မြတို့၏ သမီး ဒေါ်ခင်မြင့်နှင့် လက်ထပ်ခဲ့သည်။ သားသမီး ခုနှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မြင့်နှင့် သားသုံးဦး၊ သမီးလေးဦး၊ မြေး ၁၀ ဦးကျန်ရစ်သည်။


ရေးသား ပြုစုခဲ့သော စာအုပ်များ

  1. သွေးနီ ၁၉၄၆
  2. သက်ရှိရာဇဝင် ၁၉၅၆
  3. တို့ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ ၁၉၅၉
  4. နိုင်ငံတော်လုပ်ကြံမှု ပြည်ထောင်စုနှင့် ဦးစော ၁၉၆၅
  5. မြန်မာ့နိုင်ငံရေးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၆၉
  6. သားမောင်စစ်သည်သို့ ၁၉၇၂
  7. တရားဥပဒေ အထွေထွေ ဗဟုသုတ ၁၉၇၄
  8. ပြည်သူ့ဝန်ထမ်းသားသမီးများသို့ ၁၉၈၇
  9. The Forgotten Army ၁၉၄၆
  10. Burma's Teething Time ၁၉၄၉
  11. London Diary ၁၉၅၂
  12. Grim War Against KMT ၁၉၅၃
  13. Burma in the Family of Nations ၁၉၅၆
  14. Burma's Constitution ၁၉၅၉
  15. A Trial in Burma ၁၉၆၂
  16. Aung San of Burma ၁၉၆၂
  17. Law and Custom in Burma And The Burmese Family ၁၉၆၃
  18. Burma and General New Win ၁၉၆၉
  19. To A Soldier Son ၁၉၇၄
Comments