ဘာရတ်အိုဗားမား


ဘာရတ် အိုဗားမား
အမည်ရင်း ဘာရတ်ဟူစိန်အိုဗားမား ၂
မွေးသက္ကရာဇ် ၄ ဩဂုတ် ၁၉၆၁
မွေးဇာတိ ဟဝိုင်ရီ(အမေရိကန်ပြည်ထောင်စု)
မိဘ ဘာရတ်အိုဗားမားစီနီယာ နှင့် အန်ဒန်ဟမ်
ဌာနေ ဟော်နိုလူလူ၊ ဟာဝိုင်အီပြည်နယ်၊ (အမေရိကန်ပြည်ထောင်စု)
နိုင်ငံသား အမေရိကန်
လူမျိုး လူမည်းနှင့် လြူဖူ ကပြား
ပညာအရည်အချင်း ဟားဗတ်ဥပဒေကျောင်း) J.D.
အလုပ်အကိုင် ရှေ့နေ၊ နိုင်ငံရေးသမား
ကြင်ဖော် မီရှဲအိုဗားမား
သားသမီး မာလီအာ နှင့် ဆာရှာ
လက်မှတ် Image:Barack Obama signature.svg.png
ဝဘ်​ဆိုက်​ http://obama.senate.gov/

ဘာရတ်ဟူစိန်အိုဗားမား ၂(အင်္ဂလိပ် - Barack Hussein Obama II၊ မွေးရက် - ၄ ဩဂုတ်၊ ၁၉၆၁) သည် အမေရိကန် ဆီးနိတ်လွှတ်တော်အမတ်တစ်ဦး (senator) ဖြစ်ပြီး၊ အမေရိကန် ၂၀၀၈-ခုနှစ် သမ္မတရွေးကောက်ပွဲ တွင် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း တစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ ပြိုင်ဖက်အား မဲအပြတ်ဖြင့် နိုင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု၏ (၄၄)ကြိမ်မြောက် သမ္မတဖြစ်လာမည်။ သူသည် အမေရိကန်နိုင်ငံ၏ ပထမဦးဆုံး အာဖရိကန်-အမေရိကန် သမ္မတအဖြစ် အရွေးချယ်ခံခဲ့ရပြီး ၂၀၀၉ ခုနှစ် ဇန္နဝါရီလ ၂၀ ရက်နေ့တွင် ကျမ်းသစ္စာကြိမ်ဆို ရာထူးတက်ခဲ့သည်။ ရာထူးတက်၍ ၈ လကျော် ကြာပြီးနောက် ၎င်း၏ အပြည်ပြည်ဆိုင်ရာ အရေးကိစ္စများအား သံခင်းတမန်ခင်း ဖြေရှင်းနိုင်ရန်နှင့် လူ့အသိုင်းအဝိုင်းအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းချက်များအတွက် ၂၀၀၉ အောက်တိုဘာလ ၉ ရက်နေ့တွင် နိုဘယ်ဆုရန်ပုံငွေအဖွဲ့က အိုဗားမားအား ၂၀၀၉ ခုနှစ်၏ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် ရွေးချယ်လိုက်သည်။ 

ကိုလမ်ဘီယာတက္ကသိုလ် နှင့် ဟားဗတ်ဥပဒေကျောင်း မှ ကျောင်းပြီးသောအခါ community organizer နှင့် နိုင်ငံသား အခွင့်အရေး ရှေ့နေ(civil rights attorney) အဖြစ် အလုပ်လုပ်ခဲ့သည်။ ၁၉၉၇ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ အီလီနွိုင်းပြည်နယ် ဆီးနိတ်လွှတ်တော်တွင် အမတ်ဖြစ်လာသည်။ ၁၉၉၂-ခုနှစ်မှ ၂၀၀၄ အထိ ချီကာဂိုတက္ကသိုလ် ဥပဒေကျောင်း တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို သင်ကြားပို့ချခဲ့သည်။ ၂၀၀၀-ခုနှစ်တွင် အမေရိကန်ကိုယ်စားလှယ်ရုံးတော် (U.S. House of Representatives) အတွက် အမတ်နေရာ ယှဉ်ပြိုင်ရာတွင် အနိုင်မရရှိခဲ့သော်လည်း ၂၀၀၃-ခုနှစ် ဇန်နဝါရီလ အိုဗားမားသည် အမေရိကန်ဆီးနိတ် (အမေရိကန်အထက်လွှတ်တော်) ကန်ပိန်း ကိုကြေညာသည်။ ၂၀၀၄-ခုနှစ် မတ်လတွင် ဆီးနိတ်ရွေကောက်ပွဲအား မဲရာနှုန်း အများအပြားနှင့်နိုင်ပြီး ၂၀၀၄-ခုနှစ် ဇူလိုင်လတွင် ဒီမိုကရက်တစ်ပါတီအမျိုးသားညီလာခံ (Democratic National Convention) ၌ အဓိကမိန့်ခွန်း ပြောကြားသူဖြစ်လာခဲ့သည်။ ၂၀၀၄-ခုနှစ် နိုဝင်ဘာလတွင် မဲရာခိုင်နှုန်း ၇၀% ဖြင့် နိုင်ခဲ့ပြီး ဆီးနိတ်လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။

၁၀၉ ကြိမ်မြောက်ကွန်ဂရက် ဒီမိုကရက်တစ်ပါတီလူနည်းစုသာ ပါဝင်သောအချိန်တွင် အိုဗားမားသည် အရိုးကျလက်နက်များ ချုပ်တည်းချက်နှင့် ဖယ်ဒရယ်ရန်ပုံငွေအသုံးပြုရာတွင် ပို၍ တာဝန်ယူမှုရှိစေရေးနှင့် ပတ်သက်သော အက်ဥပဒေများကို ထောက်ခံခဲ့သည်။ အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်း နှင့် အာဖရိက သို့လည်း လေ့လာခရီးများသွားခဲ့သည်။ ၁၁၀ မြောက်ကွန်ဂရက်တွင် ဥပဒေပြုသူများအား ပြင်ပမှ လွှမ်းမိုးခြင်းကိစ္စ၊ ရွေးကောက်ပွဲတွင် မရိုးသားမှုများကိစ္စ၊ ရာသီဥတုပြောင်းလဲမှု၊ နျူးကလီယားး၊ အကြမ်းဖက်မှု နှင့် စစ်ပြန်များအား စောင့်ရှောက်ရေးတို့နှင့် ပတ်သက်သော အက်ဥပဒေများကို ထောက်ခံခဲ့သည်။ ၂၀၀၇-ခုနှစ် ဖေဖေါ်ဝါရီလတွင် သမ္မတရွေးကောက်ပွဲ ကန်ပိန်း ကိုကြေငြာခဲ့ပြီး အီရတ်နိုင်ငံတွင် စစ်တိုက်နေသော အမေရိကန်တပ်များဆုတ်ခွာရေး ၊ စွမ်းအင်ကို အခြားနိုင်ငံများအား မှီခိုမှု လျော့နည်းစေရေး၊ ဥပဒေပြုသူများအား ပြင်ပမှလွှမ်းမိုးသူတို့၏ အရိပ်အငွေ့ လျော့နည်းစေရေး နှင့် အားလုံးနှင့်ဆိုင်သော ကျန်းမာရေးစောင့်ရှောက်မှု ကြီးပွါးရေးကို အသားပေးနေသည်။

အိုဗားမားသည် ၁၉၆၁ ခုနှစ် ဩဂုတ် ၄ ရက်တွင် ဟာဝိုင်အီပြည်နယ်ဟိုနိုလူလူမြို့၏ ပီအိုလာနီဆေးရုံတွင် အဖ ကင်ညာနိုင်ငံသား ဘရတ်အိုဗားမားစီနီယာ နှင့် ကန်းဆတ်ပြည်နယ်မှလာသော အမိ အန်းဒန်ဟမ်မှ မွေးဖွားသည်။ သူ့ မိဘများသည် မနိုအာမြို့၏ ဟာဝိုင်အီတက္ကသိုလ်တွင် ပညာသင်ကြားနေစဉ်အချိန်တွင် တွေ့ဆုံရည်ငံခဲ့သည်။ မိဘများ အိမ်ထောင်ကွဲချိန်တွင် အိုဗားမားမှာ ၂ နှစ်သား မျှသာရှိသေးသည်။ဖခင်ဖြစ်သူသည် ကင်ညာနိုင်ငံကို ပြန်သွားခဲ့ပြီး မသေမီအချိန်အတွင် အိုဗားမားနှင့် နောက် တစ်ကြိမ်သာ ထပ်မံတွေ့ဆုံခဲ့ရသည်။ ၁၉၈၂ ခုနှစ်တွင် ကားတိုက်မှုကြောင့် ဖခင်ဖြစ်သူသေဆုံးခဲ့သည်။သူ၏မိခင်ဒန်ဟမ်သည် ဖခင်အိုဗားမားစီနီယာနှင့် ကွာရှင်းပြတ်စဲပြီးနောက် အင်ဒိုနီးရှားနိုင်ငံသား လိုလိုစိုတိုရိုနှင့် အိမ်ထောင်ပြုသည်။ ၁၉၆၇-ခုနှစ်တွင် သူတို့၏မိသားစုသည် အင်ဒိုနီးရှားနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး အိုဗားမားသည် ဂျာကာတာမြို့တွင် အရွယ် ၁၀ နှစ်အထိပြည်တွင်းကျောင်းများတက်ခဲ့သည်။ ၁၉၇၁-ခုနှစ်မှ ၁၉၇၉-ခုနှစ်အထိ (၅ တန်းမှ အထက်တန်းကျောင်းပြီးသော အထိ) ဟိုနိုလူလူမြို့သို့ ပြန်လည်ပြောင်းရွေ့ပြီး အမိဘက်မှ အဖိုးအဖွားနှင့် အတူနေထိုင်ခဲ့သည်။ ၁၉၇၂-ခုနှစ်တွင် သုတေသနအတွက် ပြန်လည်ရွှေ့ပြောင်းခြင်း မပြုမီ အိုဗားမား၏ မိခင်သည် ဟာဝိုင်အီပြည်နယ်သို့ ပြန်လည် ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၉၅-ခုနှစ်တွင် အမိသည် ဗီဇကင်ဆာဖြင့် သေဆုံးသွားခဲ့သည်။

အထက်တန်းပြီးသောအခါ လော့စ်အိန်ဂျယ်လိစ်မြို့ကို ရွှေ့ပြောင်းပြီး အော့စီဒန်းတယ်လ်ကောလိပ်တွင် ၂ နှစ်မျှ တက်ရောက်ပညာသင်ကြားခဲ့သည်။ထို့နောက် နယူးယောက်မြို့၏ ကိုလမ်ဘီယာတက္ကသိုလ်ကို ရွှေ့ပြောင်းပြီး ၁၉၈၃-ခုနှစ်တွင် နိုင်ငံရေးသိပ္ပံဘွဲ့ (နိုင်ငံတကာဆက်ဆံရေးကို အထူးပြု) နှင့် အောင်မြင်ခဲ့သည်။ ယခင်က နိုင်ငံတကာစီးပွားရေးကော်ပိုရေးရှင်း (Business International Corporation) နှင့် နယူးယောက်ဘုံဝါသနာသုတေသနအဖွဲ့ (New York Public Interest Research Group) အတွက်လုပ်ခဲ့သည်။

ဘာရတ်အိုဗားမားအား သူ၏အမေ အန်းဒန်ဟမ်မှ ကြီးပြင်းလာသည်အထိ ပျိုးထောင်ခဲ့သည်။

နယူးယောက်မြို့တွင် ၄-နှစ်ကြာမျှနေခဲ့ပြီးနောက် ဘဝလမ်းကြောင်းပြောင်းရန်အတွက် ချီကာဂိုမြို့ကို ရွှေ့ပြောင်းသည်။ ၁၉၈၄-ခုနှစ် ဇွန်လမှ ၁၉၈၈-ခုနှစ် မေလအထိ ချီကာဂို တောင်ပိုင်းခရိုင်နှင့်ပတ်သက်သော အရပ်အရပ်များကြီးထွားရေးပရိုဂျက် (Developing Communities Project) အတွက် ညွှန်ကြားရေးမှူးလုပ်ခဲ့သည်။ညွှန်ကြားရေးမှူးဖြစ်သော ထို ၃ နှစ်အတွင်း အလုပ်သမားသည် လူ ၁ ဦးမှနေ၍ ၁၃ ဦးအထိဖြစ်လာပြီး နှစ်ချုပ်ဘတ်ဂျက်သည် ဒေါ်လာ ခုနှစ်သောင်းမှနေ၍ ဒေါ်လာ လေးသိန်းအထိတိုးပွားလာခဲ့ပြီး လုပ်ငန်းသင်တန်းပရိုဂရမ်၊ တက္ကသိုလ်ပြင်ဆင်ရေးပရိုဂရမ်နှင့် အိမ်ငှားအခွင့်အရေးအဖွဲ့ကို ထူထောင်ခဲ့သည်။ ထိုအချိန်တွင် အရပ်စီမံရေးအဖွဲ့ဖြစ်သော Gamaliel Foundation အတွက် တိုင်ပင်ခံနှင့် နည်းပြဆရာလုပ်ခဲ့သည်။၁၉၈၈ ခုနှစ်တွင် ပထမအကြိမ် ဥရောပတိုက်သို့ ၃ ပတ်မျှလည်ပတ်ခဲ့ပြီး ကင်ညာရှိ အမျိုးများကိုတွေ့ ရန်အတွက် ကင်ညာနိုင်ငံကို ၅ ပတ်မျှလည်ပတ်ခဲ့သည်။

၁၉၈၈-နှစ်ဆုံးတွင် ဟားဗတ်ဥပဒေကျောင်းကို စတင်တက်ရောက်ခဲ့သည်။ ပထမနှစ်တွင် ရရှိသောအမှတ်နှင့် စာအရေးအသားပြိုင်ပွဲ များကြောင့် ဟားဗတ်ဥပဒေဝေဖန်ချက်ဂျာနယ်၏ အယ်ဒီတာဖြစ်လာခဲ့သည်။ဒုတိယနှစ်တွင်ရွေးချယ်ပြီး ဥပဒေဝေဖန်ချက်ဂျာနယ်သမ္မတနှင့် လုပ်အားပေးစာတည်းမှူးဖြစ်ခဲ့သည်။ ၁၉၉၀ ဖေဖေါ်ဝါရီလတွင် မီဒီယာများသည် အိုဗားမား၏ ဟားဗတ်ဥပဒေဝေဖန်ချက်၏ ပထမဆုံးလူမည်းသမ္မတဖြစ်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သတင်းပို့ကြသည်။ ၁၉၉၁ ခုနှစ်တွင် ဟားဗတ်၌ J.D. magna cum laude (ဒုတိယဂုဏ်ထူး ဥပဒေပါရဂူဘွဲ့) အောင်ခဲ့ပြီး ချီကာဂိုမြို့ကို ပြန်လည်ရွှေ့ပြောင်းခဲ့သည်။ဟားဘတ်ဥပဒေဝေဖန်ဂျာနယ်၏ ပထမဆုံးလူမည်းသမ္မတအဖြစ်အကြောင်း ကြေငြာကြောင့် အိုဗားမားသည် လူမျိုးဆက်ဆံရေးဝတ္ထုရေးရန်အတွက်စာချုပ်နိုင်ခဲ့သည်။ချီကာဂိုတက္ကသိုလ်ဥပဒေကျောင်းသည် အိုဗားမားကို ဝတ္ထုရေးရန်အတွက်ရုံးခန်းနှင့် အမှုဆောင်အသင်းဝင်အဖြစ် ကူညီထောက်ပံ့ခဲ့သည်။သူ၏ဝတ္ထု. Dreams from My Father ကို ၁၉၉၅ ခုနှစ်တွင် စထုတ်ဝေသည်။

၁၉၉၂ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ အီလီနွိုင်းပြည်နယ်၏မဲပေးပရိုဂျက် (Illinois Project Vote) ကြီးမှူးပြီး ၁၅၀ မဲပေးစာရင်းသွင်းမထားသော လူမည်း လူမည်း ၄သိန်း မှ ၁ သိန်းခွဲကို စာရင်းသွင်းနိုင်ခဲ့သည်။ ထို့အတွက်ကြောင့် ခရိန်း ချီကာဂို စီးပွားရေး သတင်းစာမှ ၁၉၉၃ ခုနှစ် အသက်၄၀အောက် ဩဇာအာဏာကြီးထွားလာမည့်သူ ၄၀ စာရင်းတွင် ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရသည်။

၁၉၉၂ ခုနှစ်အစောပိုင်းမှ စ၍ အိုဗားမားသည် ချီကာဂို တက္ကသိုလ် ဥပဒေကျောင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်ပတ်သက်၍ ၁၂ နှစ်တိုင် သင်ကြားပို့ချခဲ့သည်။ ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ကထိက အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ဦးဆောင် ကထိက အဖြစ် ဆောင်ရွက်ခဲ့သည်။

ပြည်နယ်ဥပဒေပြုသူ​ (၁၉၉၇-၂၀၀၄)

အိုဗားမားသည် ၁၉၉၆ ခုနှစ်တွင် အီလီနွိုင်းပြည်နယ် ဆီးနိတ်လွှတ်တော် အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရသည်။ အီလီနွိုင်း နယ်မြေ၁၃ မှ ပြည်နယ်ဆီးနိတ်လွှတ်တော် အမတ် အဲလိုက်စ် ပါးမားကို ဆက်ခံခြင်းဖြစ်သည်။ ရွေးကောက်တင်မြှောက်ခြင်း ခံရပြီးသောအခါ ကိုယ်ကျင့်တရား နှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ဥပဒေများကို ပြင်ဆင်ခြင်းအတွက် ရီပတ်ဘလစ်ကင် နှင့် ဒီမိုကရက် ပါတီနှစ်ခုလုံးမှ ထောက်ခံခြင်းခံရသူဖြစ်လာသည်။ သူသည် ဝင်ငွေနည်းသော အလုပ်သမားများအတွက် အခွန်လျော့ပေါ့သည့်နှုန်းကို တိုးမြှင့်ပေးခဲ့ပြီး လူမှုရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးညှိနိုင်းခြင်းပြုပြီး ကလေးသူငယ်များစောင့်ရှောက်မှုအတွက် ထောက်ပံကြေးများကို မြှင့်တင်ပေးခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ပါတီနှစ်ခုလုံး ပူးပေါင်းဆောင်ရွက်သော အုပ်ချုပ်ရေး စည်းမျဉ်းစည်းကမ်းများ နှင့်ဆိုင်သော ပူးတွဲကော်မတီတွင် ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အိုဗားမားသည် ရီပတ်ဘလစ်ကင် ပြည်နယ်အုပ်ချုပ်ရေးမှူး ရိုင်ယန်၏ လခထုတ်ရက် ချေးငွေဆိုင်ရာ စည်းကမ်းဥပဒေ နှင့် အိမ်ဝယ်သူများကို သားကောင်ဖြစ်စေသည့် အပေါင်ခံငွေချေးခြင်း နှင့်ပတ်သက်သည့် စည်းကမ်းဥပဒေကို ထိုသူတို့ အိမ်သိမ်းခံရမည့်အရေးမှ စောင့်ကြပ် ကြည့်ရှုရန်အတွက် ထောက်ခံခဲ့သည်။

အိုဗားမားသည် အီလီနွိုင်းပြည်နယ် ဆီးနိတ်လွှတ်တော်အမတ်အဖြစ် ၁၉၉၈ ခုနှစ်တွင် ထပ်မံရွေးကောက်ခြင်းခံရပြီး ၂၀၀၂ ခုနှစ်တွင် နောက်တစ်ကြိမ် ထပ်မံရွေးကောက်ခြင်း ခံရပြန်သည်။ ၂၀၀၀ ခုနှစ်တွင် သူသည် အမေရိကန် အထက်လွှတ်တော်အတွက် ဒီမိုကရက်တစ်ပါတီ အကြိုရွေးကောက်ပွဲတွင် လက်ရှိအမတ်ဖြစ်ပြီး သက်တမ်း ၄ ကြိမ်ရှိသော ဘော်ဘီ ရပ်ရှ်သို့ ၂ ဆ ၁ ဆဖြင့် ရှုံးနိမ့်ခဲ့သည်။

၂၀၀၃ ခုနှစ် ဇန်နဝါရီလတွင် ဒီမိုကရက်တစ်ပါတီဝင်တို့ ဆယ်စုနှစ်အတွင်း ဆီးနိတ်လွှတ်တော်တွင် အနည်းစု အဖြစ်မှ အများစု ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် အိုဗားမားသည် အီလီနွိုင်းပြည်နယ် ဆီးနိတ်လွှတ်တော်၏ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုကော်မတီတွင် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ သူသည် လူမျိုးရေးအရခွဲခြား ဆက်ဆံခြင်းကို စောင့်ကြည့်သည့်အနေနှင့် ရဲတို့အား သူတို့ဖမ်းဆီးထိန်းသိမ်းသည့် ယာဉ်မောင်းသူ၏ လူမျိုးကို မှတ်တမ်းတင်ရန် လိုအပ်သည့် ဥပဒေ နှင့် အီလီနွိုင်းပြည်နယ်မှ ပထမဆုံးအနေနှင့် စတင်သည့် လူသတ်မှုနှင့် ပတ်သက်၍ စစ်ကြောမေးမြန်းခြင်းကို ဗွီဒီယိုဖြင့် မဖြစ်မနေမှတ်တမ်းတင်ရန် လိုအပ်သည့် ဥပဒေတို့ကို ကမကထပြုပြီး ဦးဆောင်ခဲ့သည်။ ၂၀၀၄ ခုနှစ် အမေရိကန်ဆီးနိတ်လွှတ်တော်အတွက် အထွေထွေရွေးကောက်ပွဲ ကင်န်ပိန်းတွင် သေဒဏ်ချမှတ်မှု ပြုပြင်ပြောင်းလဲရေးကို ဥပဒေပြုရေးအတွက် တက်ကြွစွာပါဝင်လုပ်ဆောင်မှုကြောင့် ရဲကိုယ်စားလှယ်များက အိုဗားမားအား ချီးကျူးဂုဏ်ပြုခဲ့သည်။ အိုဗားမားသည် အမေရိကန်ဆီးနိတ် သို့ရွေးကောက်တင်မြှောက်ခြင်း ခံရပြီးနောက် ၂၀၀၄ ခု နိုဝင်ဘာလတွင် အီလီနွိုင်းပြည်နယ် ဆီးနိတ်လွှတ်တော်မှ နှုတ်ထွက်ခဲ့သည်။

၂၀၀၄ ခုနှစ် အမေရိကန်ဆီးနိတ် ကင်န်ပိန်း

၂၀၀၂ ခုနှစ်အလယ်ပိုင်းတွင် အိုဗားမားသည် အမေရိကန် ဆီးနိတ်အတွက် ရွေးကောက်ပွဲဝင်ရန် စဉ်းစားခဲ့ပြီး နိုင်ငံရေး နည်းဗျူဟာပညာရှင်အဖြစ် ဒေးဗစ်အိတ်ဇယ်ရော့ဒ် အားခန့်အပ်ခဲ့သည်။ ဒေးဗစ်အိတ်ဇယ်ရော့ဒ်မှ အိုဗားအား ယှဉ်ပြိုင်အရွေးခံမည့်အကြောင်းကို ၂၀၀၃ ခုနှစ် ဇန်နဝါရီလတွင် တရားဝင်ကြေငြာခဲ့သည်။ လက်ရှိ ရာထူးရရှိထားသူ ရီပတ်ဘလစ်ကင်အမတ် ပီတာ ဖစ်ဇ်ဂါရယ် နှင့် ထိုသူမတိုင်မီ ရာထူးရရှိခဲ့သူ ဒီမိုကရက်တစ် အမတ် ကာရိုး မော့စလီ ဘရောင်န် တို့က ပြိုင်ပွဲဝင်မည်မဟုတ်ဟု ဆုံးဖြတ်ခဲ့ကြသည့်အတွက် ရီပတ်ဘလစ်ကင် နှင့် ဒီမိုကရက်တစ် ပါတီဝင် အများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အကြိုရွေးကောက်ပွဲတွင် ယှဉ်ပြိုင်အရွေးခံသူ ၁၅ ဦးအထိ ရှိခဲ့သည်။ အိုဗားမား၏ ယှဉ်ပြိုင်အရွေးခံမှု ကို ကွယ်လွန်ပြီးသော ချီကာဂိုမြို့တော်ဝန် ဟာရိုးဝါရှင်တန်၏ ပုံများကို အထူးပြသတင်ဆက်ထားသော အိတ်ဇယ်ရော့ဒ်၏ ကြော်ငြာကင်န်ပိမ်းမှ လည်းကောင်း၊ ကွယ်လွန်ပြီးဖြစ်သော ယခင်အီလီနွိုင်းမှ အမေရိကန်ဆီးနိတ်လွှတ်တော်အမတ် ပေါလ်ဆိုင်မွန်၏ သမီးမှ ထောက်ခံမှု တို့မှ လည်းကောင်း မြှင့်တင်ပေးခဲ့သည်။ သူသည် အကြိုရွေးကောက်ပွဲတွင် မဲရာခိုင်နှုန်း ၅၂ ရာခိုင်နှုန်းမျှရရှိခဲ့ပြီး သူ၏ နောက်မှလိုက်သော ဒီမိုကရက်တစ်ပါတီ ပြိုင်ဖက်နှင့် ၂၉ ရာခိုင်နှုန်းမျှ သာလွန်ခဲ့သည်။

အိုဗားမားနှင့် အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်အရွေးခံမည့် ရီပတ်ဘလစ်ကင်ပါတီမှ အကြိုရွေးကောက်ပွဲ အနိုင်ရရှိသူ ဂျက်ရိုင်ယန်သည် ၂၀၀၄ ခုနှစ် ဇွန်လတွင် ပြိုင်ပွဲမှ နှုတ်ထွက်သွားခဲ့သည်။

၂၀၀၄ ခုနှစ် ဇူလိုင်လတွင် မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့တွင် ကျင်းပသော ဒီမိုကရက်တစ် ပါတီ၏ အမျိုးသား ညီလာခံတွင် အိုဗားမားသည် အဓိကမိန့်ခွန်းကို ရေးသားပြောကြားခဲ့သည်။ သူ၏ အမေဖက်မှ အဖိုးတော်စပ်သူ၏ ဒုတိယကမ္ဘာစစ် စစ်ပြန်အတွေ့အကြုံ နှင့် နယူးဒီး ဖက်ဒရယ်အိမ်ရာ စီမံခန့်ခွဲမှုနှင့် G.I. Bill ဟုခေါ်သည့် ဒုတိယကမ္ဘာစစ်ပြန်များအား ကောလိပ်ပညာရေးအထောက်အပံပေးမှု အစီအစဉ် မှ သူ၏အဖိုး အကျိုးအမြတ်ရခဲ့ပုံ တို့အား ဖော်ပြထားခဲ့သည်။ အိုဗားမားသည် အမေရိကန်အစိုးရ၏ စီးပွားရေး နှင့် လူမှုရေးဆိုင်ရာ အတွက် ဦးစားပေး အစီအစဉ်ကို ပြောင်းလဲရန် ပြောကြားခဲ့သည်။ သူသည် ဘွရှ် အစိုးရ၏ အီရတ်စစ်ပွဲနှင့် ပတ်သက်၍ စီမံခန့်ခွဲပုံကို မေးခွန်းထုတ်ခဲ့ပြီး အမေရိကန်မှ သူတို့၏ စစ်သားများအတွက် တာဝန်ဝတ္တရားရှိပုံကို အလေးအနက်ထား ပြောကြားခဲ့သည်။ မဲဆန္ဒနယ်များနှင့် ပတ်သက်ပြီး အလွန်အမင်းပါတီစွဲထားကြခြင်းကို အမေရိကန်သမိုင်းကြောင်းမှ ဥပမာများကို ဆွဲထုတ်၍ ဝေဖန်ခဲ့ပြီး အမေရိကန်တို့အား အမျိုးမျိုးအစားစားကွဲပြားခြင်း မရှိပဲ ညီညွတ်ကြရန် တိုက်တွန်းခဲ့သည်။ "ဒီမိုကရေစီကျပြီး ပြုပြင်ပြောင်းလဲလိုသော လစ်ဘရယ်အမေရိကား နှင့် ရှေးရိုးစွဲသော ကွန်ဆာဗေးတစ်အမေရိကားဆိုသည်မှာ မရှိပါ။ " ဟု ပြောကြားခဲ့သည်။ အဓိကသတင်းဌာနများမှ မိန့်ခွန်းကို ထုတ်လွှင့်မှုကြောင့် အိုဗားမားအား တစ်နိုင်ငံလုံးနှင့် ဆိုင်သော နိုင်ငံရေး ပြယုဂ်တစ်ခု ဖြစ်လာစေခဲ့ပြီး သူ၏ အမေရိကန် ဆီးနိတ် ကင်န်ပိန်းကို မြှင့်တင်ပေးခဲ့သည်။

ရိုင်ယန် နှုတ်ထွက်ပြီး ၂လာအကြာ နှင့် ရွေးကောက်ပွဲအတွက် ၃လမျှပင် မလိုတော့သော အချိန်ဖြစ်သည့် ၂၀၀၄ ခုနှစ် ဩဂုတ်လတွင် အလန် ကီးရက်စ်သည် အီလီနွိုင်း ရီပတ်ဘလစ်ကင်ပါတီမှ ရိုင်ယန်၏ နေရာတွင် အစားထိုးရန် ရွေးချယ်မှု ကို လက်ခံခဲ့သည်။ မေရီလန်း ပြည်နယ်တွင် အနေကြာသူဖြစ်သော်လည်း ကီးရက်စ်သည် ရွေးချယ်ခံရပြီးနောက်တွင် အီလီနွိုင်းပြည်နယ်တွင် တရားဝင်နေထိုင်သူ အဖြစ်ပြောင်းလဲခဲ့သည်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အိုဗားမားသည် မဲအရေအတွက်၏ ၇၀ ရာခိုင်နှုန်းမျှ ရရှိခဲ့ပြီး ကီးရက်စ်မှာ ၂၇ ရာခိုင်နှုန်းသာ ရရှိခဲ့သဖြင့် အီလီနွိုင်းပြည်နယ်၏ သမိုင်းတွင် ပြည်နယ်တစ်ခုလုံး ယှဉ်ပြိုင်မှု၌ အများဆုံးကွာခြားချက်ဖြင့် အနိုင်ရရှိမှု ဖြစ်ခဲ့သည်။

အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်​ (၂၀၀၅-ယခု)

အိုဗားမားသည် ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဆီးနိတ်လွှတ်တော်အမတ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အိုဗားမားသည် အမေရိကန်သမိုင်းကြောင်းတွင် ၅ ယောက်မြောက် အာဖရိကန်-အမေရိကန် ဆီးနိတ်လွှတ်တော်အမတ်ဖြစ်ပြီး တတိယမြောက် မဲအများအပြားဖြင့် ရွေးချယ်ခံရသူဖြစ်သည်။ သူသည် အမေရိကန်နိုင်ငံ အာဖရိကန်-အမေရိကန် ကွန်ဂရက် အဖွဲ့ဝင်များ အစည်းအရုံးမှ ပထမဆုံးဆီးနိတ်အဖွဲ့ဝင် အဖြစ် ရွေးချယ်ခံရသူလည်း ဖြစ်သည်။ ပါတီစွဲမရှိသည့် စီကျူ အပတ်စဉ်သတင်းစာမှ သူ့အား ၂၀၀၅မှ ၂၀၀၇ ခုနှစ်အထိ ဆီးနိတ်လွှတ်တော် မဲများအပေါ် ခွဲခြမ်းစိတ်ဖြာ တွေ့ရှိချက်အရ ဒီမိုကရက်တစ်ပါတီကို သစ္စာရှိသူအဖြစ် သတ်မှတ်ခဲ့ပြီး အမျိုးသားဂျာနယ်မှ သူ့အား ၂၀၀၇ ခုနှစ်အတွင်း ရွေးချယ်စိစစ်ထားသည့် မဲများအပေါ်မူတည်၍ လစ်ဘရယ်အဖြစ်ဆုံး ဆီးနိတ်လွှတ်တော်အမတ်အဖြစ် အဆင့်သတ်မှတ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အဆင့် ၁၆ ရှိခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အဆင့် ၁၀ အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် Congress.org မှ ၁၁ ယောက်မြောက် ဩဇာလွှမ်းမိုးမှု အရှိဆုံး ဆီးနိတ်လွှတ်တော်အမတ် အဖြစ် သတ်မှတ်ခဲ့သည်။

ဥပဒေများ

အိုဗားမားသည် ၂၀၀၅ ခုနှစ် စွမ်းအင်ပေါ်လစီ အက်ဥပဒေကို ထောက်ခံမဲပေးခဲ့ပြီး လုံခြုံစိတ်ချရသော အမေရိကား နှင့် စနစ်ကျသော လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေကို တွဲဘက်၍ ကမကထပြုခဲ့သည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် အိုဗားမားသည် ပုံစံတူဖြစ်သော လုံခြုံစိတ်ချရသော နယ်စပ်ခြံစည်းရိုး အက်ဥပဒေကို ထောက်ခံခဲ့သည်။ အိုဗားမားသည် သူ၏အမည်ပါဝင်သည့် အက်ဥပဒေ ၂ခုကို အစပျိုးခဲ့သည်။ တစ်ခုမှာ လူဂါ-အိုဗားမားဖြစ်ပြီး သမာရိုးကျ လက်နက်များ၏ ခြိမ်းခြောက်မှု ကို ပူးပေါင်းလျှော့ချရေး ဥပဒေဖြစ်သည့် နန်း-လူဂါ အက်ဥပဒေကို ထပ်မံတိုးချဲ့ဖော်ဆောင်ထားခြင်းဖြစ်ပြီး နောက်တစ်ခုမှာ ကိုဘန်း-အိုဗားမား ပွင့်လင်းမှု အက်ဥပဒေဖြစ်ကာ ထိုအက်ဥပဒေမှာ ဖက်ဒရယ်ဆိုင်ရာ သုံးစွဲမှုများကို ရှာဖွေနိုင်သည့် USAspending.gov အင်တာနက် ရှာဖွေရေး စနစ်ကို တည်ထောင်ရန် အာဏာအပ်နှင်းခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ် ဇွန်လ ၃ရက်နေ့တွင် အိုဗားမားသည် ဆီးနိတ်လွှတ်တော်အမတ်များ ဖြစ်ကြသော သောမတ်စ် အာ ကာပါး၊ တွမ် ကိုဘန်း နှင့် ဂျွန် မက်ကိန်းတို့နှင့်အတူ နောက်ဆက်တွဲ အက်ဥပဒေကို စတင်မိတ်ဆက်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဖက်ဒရယ် သုံးစွဲမှု နှင့် သက်ဆိုင်သော ဥပဒေတွင် ပွင့်လင်းမှု နှင့် တာဝန်ခံမှု ကို ပိုမိုခိုင်မာစေရန်အတွက် ဖြစ်သည်။

အိုဗားမားသည် နျူးကလီးယားစက်ရုံပိုင်ရှင်တို့ အနေနှင့် ရေဒီယိုသတ္တိကြွ ယိုစိမ့်မှုဖြစ်ပေါ်ပါက ပြည်နယ်နှင့် နယ်မြေအာဏာပိုင်တို့ကို အကြောင်းကြားရန်လိုအပ်သည့် ဥပဒေကို ကမကထပြုခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် သမ္မတ ဘုရှ်သည် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ ကယ်ဆယ်ရေး၊ လုံခြုံရေး နှင့် ဒီမိုကရေစီ မြှင့်တင်ရေး အက်ဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး ပထမဆုံး အိုဗားမား အဓိက ကမကထပြုသည့် ဖက်ဒရယ်ဥပဒေကို အတည်ပြုပြဌာန်းခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီလတွင် အိုဗားမား နှင့် ဆီးနိတ်လွှတ်တော်အမတ် ဖိန်းဂိုးတို့သည် ဖြောင့်မတ်သော ခေါင်းဆောင်မှု နှင့် ပွင့်လင်းသော အစိုးရ အက်ဥပဒေကို ပူးပေါင်း၍ အထောက်အကူပေး မိတ်ဆက်ခဲ့ပြီး ထိုအက်ဥပဒေမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။ သူသည် ဖက်ဒရယ်ဆိုင်ရာ ရွေးကောက်ပွဲများတွင် လိမ်ညာသော အလေ့အထများကို ရာဇဝတ်မှု အဖြစ်သတ်မှတ်ရန်အတွက် လိမ်ညာသော အလေ့အထများနှင့် မဲပေးသူအား ခြိမ်းခြောက်မှုများမှ ကာကွယ်ရေး အက်ဥပဒေကို စတင်မိတ်ဆက်ပေးခဲ့သည်။ အိုဗားမားသည် အီရတ်စစ်ပွဲ မြှင့်တင်မှုမှ လျှော့ချရေး အက်ဥပဒေကို ၂၀၀၇ ခုနှစ်တွင် မိတ်ဆက်ပေးခဲ့သည်။

၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် လူတစ်ဦးချင်းစီ ကမောက်ကမဖြစ်ပါက စစ်တပ်မှထုတ်ပယ်ရန် အကာအကွယ်ပေးထားသည့် ကာကွယ်ရေးဆိုင်ရာ အာဏာအပ်နှင်းသည့် အက်ဥပဒေကို ကမကထပြုခဲ့သည်။ သူသည် အီရန် စီးပွားရေးပိတ်ဆို့မှု အတည်ဖြစ်ရေး အက်ဥပဒေကို ကမကထပြုခဲ့ပြီး နိုင်ငံ၏ ပင်စင် ရန်ပုံငွေများကို ထုတ်ပယ်ရန် အက်ဥပဒေကို ကမကထပြုခဲ့သည်။ ထိုမျှသာမက အိုဗားမားသည် ပြည်နယ်ဆိုင်ရာ ကလေးများ၏ ကျန်းမာရေးအာမခံအစီအစဉ်ကို ဆီးနိတ်လွှတ်တော်မှ ပြင်ဆင်ချက်ကို လည်း ကမကထပြုဆောင်ရွက်ခဲ့သည်။ ထိုပရိုဂရမ်မှ စစ်ပွဲနှင့်ဆိုင်သော အနာတရများရရှိထားသည် စစ်သားတို့၏ မိသားစုဝင်များအတွက် အလုပ်ပြုတ်မည့်ရန်မှ ၁ နှစ်အကာအကွယ်ပေးမည့် ဥပဒေကိုလည်း ကမကထပြုခဲ့သည်။

ကော်မတီများ

အိုဗားမားသည် ဒီဇင်ဘာလ ၂၀၀၆ ခုနှစ်မှစ၍ နိုင်ငံခြားဆက်ဆံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပြည်သူ့လုပ်ငန်းနှင့် စစ်ပြန်များရေးရာ ဆီးနိတ်ကော်မတီများ တွင် တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် သူသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် စစ်ပြန်များရေးရာ ကော်မတီတို့မှ နှုတ်ထွက်ခဲ့ပြီး ကျန်းမာရေး၊ပညာရေး၊ အလုပ်သမားရေးရာ နှင့် ပင်စင်ရေးရာ နှင့် နိုင်ငံလုံခြုံရေး နှင့် အစိုးရရေးရာ ကော်မတီများတွင် တာဝန်အသစ်များကို ရယူခဲ့သည်။ သူသည် ဥရောပရေးရာ ဆိုင်ရာ ဆီးနိတ်ဆပ်ကော်မတီတွင်လည်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ ဆီးနိတ် နိုင်ငံခြားဆက်ဆံရေး ကော်မတီ၏ အဖွဲ့ဝင်အနေနှင့် အိုဗားမားသည် အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာရှအလယ်ပိုင်း နှင့် အာဖရိကတို့သို့ အစိုးရကိစ္စဖြင့် ခရီးများသွားခဲ့သည်။ သူသည် မာမွတ် အာဘတ်စ် ကို ပါလက်စတိုင်း သမ္မတမဖြစ်မီအချိန်က တွေ့ဆုံခဲ့ပြီး နိုင်ရိုဘီတက္ကသိုလ်တွင် ကင်ညာအစိုးရ၏ အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ မိန့်ခွန်းပြောခဲ့သည်။

၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲ

ဒီမိုကရက်တစ် သမ္မတလောင်း ဘာရတ်အိုဗားမားသည် ပထမအချီ စကားစစ်ထိုးပွဲအပြီးတွင် ပြိုင်ဘက်ဖြစ်သည့် ရီပတ်ပလစ်ကန် သမ္မတလောင်း မက်ကိန်းအား အသာရနေပြီဟု ဆိုနိုင်ပါသည်။ ရွေးကောက်ပွဲအစတွင် နိုင်ငံရေးကိစ္စများအား အဓိကထား ယှဉ်ပြိုင်ရမည်ဟု အများကထင်မှတ်ခဲ့ကြသော်လည်း အမေရိကန်၏ ငွေရေးကြေးရေး လုပ်ငန်း၏ အချက်အချာ​ ဝေါလ်စထရိစ်မှာ ဘဏ်များဒေဝါလီခံသည့် အရေးကိစ္စများ၊ ရေနံဈေးတက်မှုများနှင့်တကွ စီးပွားရေးပြဿနာသည် အဓိကဖြစ်ခဲ့သည်။

လက်တွေ့တွင်လည်း တိုင်းပြည်စီးပွားရေးကိုမှန်ကန်စွာ ဦးဆောင်နိုင်သူကိုသာ အမေရိကန်ပြည်သူတို့က ရွေးချယ်ခဲ့ကြသည်။ ကမ္ဘာအဝှမ်းမှ မျက်စိဒေါက်ထောက်ကြည့်နေသော ၂၀၀၈ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် အိုဗားမား အနိုင်ရရှိခဲ့သောကြောင့် အိုဘားမားသည် အမေရိကန်သမိုင်းတွင် ပထမဦးဆုံးသော အာဖရိကနွယ်ဖွား လူမည်းသမ္မတဖြစ်လာပါသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆု

ကမ္ဘာကျော် နိုဘယ်ဆုများအနက် အမြင့်ဆုံး ဂုဏ်ပြုဆုတစ်ခုဖြစ်သော ငြိမ်းချမ်းရေး နိုဘယ်ဆု ကို (၂၀၀၉)ခုနှစ်အတွက် အမေရိကန်သမ္မတ ဘာရတ်အိုဘားမားအား ၂၀၀၉-ခုနှစ်၊ အောက်တိုလာလ (၉)ရက်နေ့၌ ချီးမြှင့်ပေးအပ်လိုက်သည်။ နော်ဝေးရှိ နိုဘယ်လ်ဆု ရွေးချယ်ချီးမြှင့်ရေး ကော်မတီက သမ္မတ အိုဘားမား၏ ငြိမ်းချမ်းရေးအမြင် ထက်သန်မှုနှင့် ကမ္ဘာပေါ်တွင် နျူးကလီယားလက်နက်များ ချုပ်ငြိမ်းရေးတို့အတွက် အားထည့်ကြိုးပမ်းမှုများအား အသိအမှတ်ပြုသည့် အနေနှင့် အာဏာသက်တမ်း (၁)နှစ်ပင် မပြည့်သေးသော အမေရိကန်ခေါင်းဆောင်ကို ယခုလို ငြိမ်းချမ်းရေးဆိုင်ရာ အမြင့်ဆုံး ဆုတံဆိပ်ကို ချီးမြှင့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူသည် ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိသူများထဲတွင် (၂၉)ဦးမြောက် ဖြစ်သည်။

အိုဘားမားသည် ၎င်းသမ္မတဖြစ်လာပြီးနောက် အမေရိကန်၏ နိုင်ငံခြား ဆက်ဆံရေးမူဝါဒကို ငြိမ်းချမ်းစွာ ညှိနှိုင်းရေးအဖြစ် ပြောင်းလဲခဲ့သူဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ဦးဆောင်ကဏ္ဍမှ တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ ထို့အပြင် ၎င်း၏အာဏာသက်တမ်းတလျှောက် နိုင်ငံတကာ အရှုပ်အထွေး၊ အရေးအခင်းများကို ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် အားထုတ်တိုက်တွန်းခဲ့သူလည်း ဖြစ်သည်။ အဓိကအားဖြင့် နျူကလီးယား လက်နက်ကင်းစင်သော ကမ္ဘာမြေကို တည်ထောင်ရန် အမေရိကန်သမ္မတ၏ ကြိုးပမ်းမှုများသည် ပြင်သစ်သမ္မတ နီကိုလက်စ်ဆာကိုဇီနှင့် ဇင်ဘာဘွေနိုင်ငံ အတိုက်အခံခေါင်းဆောင်ဘ၀မှ ၀န်ကြီးချုပ် ဖြစ်လာသူ မော်ဂန် ဆဗန်နာဂီရိုင်တို့အား ကျော်ဖြတ်ကာ နိုဘယ်ဆုရှင်အဖြစ် ရောက်ရှိလာစေခဲ့သည်။ ယခုဆုအတွက် နိုဘယ်ဆုရွေးချယ်ရေး (၅)ဦးကော်မတီက ဆုံးဖြတ်အတည်ပြု ရွေးချယ်ပေးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အမေရိကန်၏ (၄၄)ဦးမြောက် သမ္မတဖြစ်လာသူ အသက်(၄၈)နှစ်အရွယ် အိုဘားမားသည် ရွှေတံဆိပ်တစ်ခု၊ Diplomaဘွဲ့တစ်ခုနှင့် ဒေါ်လာ(၁.၄)သန်း ပေးအပ်ချီးမြှင့် ခံရမည်ဖြစ်သည်။ နိုင်ငံရေး၊ နည်းပညာ၊ စာပေစသည့် နယ်ပယ်အသီးသီးမှ ထူးချွန်သူများကို ရွေးချယ်ပေးအပ်သည့် နိုဘယ်ဆုအတွက် ဆန်ခါတင်စာရင်းသည် ယခုနှစ်တွင် စံချိန်တင် ပမာဏအဖြစ် (၂၀၅)ဦးထိ ရှိလာခဲ့ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က အတည်ပြု ကြေညာသွားသည်။

ကိုးကား

www.wikimyanmar.co.cc

Comments