ဘိုးတော်ဘုရား

မင်းကွန်း စေတီကြီး တည်နေရသည့် ဒုက္ခ ဝန်ထုပ်ကြီးမှာ စေတီကြီး ပြီးစီးလျှင် ဘိုးတော်လည်း နတ်ရွာ စံလိမ့်မည်ဟု နိမိတ် တဘောင် ပေါ်ထွက်လာသော အခါမှသာ ဘုရင်က စေတီ ဆောက်လုပ်ခြင်းကို ရပ်စဲ စေတော့သည်။

ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း (၁၇၈၂-၁၈၁၉)သည် အလောင်းဘုရား၏ တတိယသားတော်ဖြစ်သည်။ မြန်မာ့သမိုင်း တွင်နန်းသက်အရှည်ဆုံး ဘုရင်များအနက်မှ တစ်ပါးဖြစ်ပြီး နန်းသက် ၃၇ နှစ်ထိ နန်းစံခဲ့သည်။ ငယ်မည်မှာ မောင်ဝိုင်းဖြစ်ကာ နန်းတက်ဘွဲ့မှာ သိရီပ၀ရ၀ိဇယာနန္တ ယသတြိ ဘ၀နာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာဖြစ်သည်။ ၄င်းလက်ထက်တွင် သမိုင်းဝင် ကမ္ဘာ့အံ့ဖွယ် တစ်ပါးဖြစ်သည့် မင်းကွန်းပုထိုးတော်ကြီးကို တည်ထားရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မြို့တော်ကို အင်းဝမှအမရပူရ နန်းသစ်ကိုတည်ပြီး ပြောင်းရွှေ့ခဲ့သည်။ ၄င်းလက်ထက်တွင် မတည်မငြိမ်ဖြစ်နေသည့် ရခိုင်ပြည်ကို အိမ်ရှေ့မင်းသားကြီး တောင်ငူစား ဦးပေါ်က သွားရောက်သိမ်းယူပြီး မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး ကိုလေးပိုင်းပိုင်းဖြတ်ကာ ရခိုင်မှ ပင့်ဆောင်လာခဲ့သည်။ အောက်ပြည်အရပ်မှ မွန်တို့ ပုန်ကန်သည်ကိုလည်း နှိမ်နှင်းရသည်။ ယိုးဒယားသို့ စစ်ချီသော်လည်း မအောင်မြင်ပေ။ ပွဲတိုင်းရှုံးသဖြင့် တပ်ကိုနောက်ချန်ကာ နေပြည်တော်သို့ ရှက်ရှက်နှင့် ပြန်လာရသည်ဟုဆိုသည်။

ဘိုးတော်ဘုရား နန်းတက်သော အခါ၌ သက်တော် ၃၈ နှစ် ရှိလေပြီ။ ဘိုးတော်ဘုရားသည် မာန့ က့ကထန်ထန် ရှိ၍ တန်ခိုးအာဏာ ရရေးကိုသာ ရှေးရှုနေရသည့် လောက အလယ်တွင် ကြီးပြင်းခဲ့ရသူ ဖြစ်သည်။ ထို့ပြင် နောင်တော် ဆင်ဖြူရှင် လက်ထက်တွင် မင်းသားတို့၏ အဆောင်ယောင် အခမ်းအနားဖြင့် နေထိုင်ခဲ့ရသူ ဖြစ်လေသည်။ ထိုကြောင့် တန်ခိုးအာဏာကို ရမက်ကြီးစွာဖြင့် လိုချင်ဇော များခဲ့သူ ဖြစ်ခဲ့လေရာ၊ ကြံတိုင်း မမြောက်သော အခါ စိတ်မချမ်းမမြေ့ ဖြစ်ရလေသည်။ စဥ့်ကူးမင်း လက်ထက်တွင် ဘိုးတော်ဘုရားသည် တဖြေးဖြေးနှင့် မင်းညီ မင်းသား အဆောင်အယောင်များ ရုပ်သိမ်းခြင်း ခံခဲ့ရလေရာ သတိ ဝိရိယ ကြီးစွာဖြင် နေထိုင် ကျင့်ကြံ ခဲ့သောကြောင့်သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်လေသည်။

ပြည်တွင်း လုပ်ငန်းများ

ဘိုးတော်ဘုရားသည် နန်းစည်းစိမ်ကို လုပ်ကြံ၍ ရသည်နှင့် အညီ ရှေးဦးစွာ ထိုနန်းစည်းစိမ် ခိုင်မြဲရေးကို စီမံ ဆောင်ရွက်လေသည်။ သူပုန် သုံးရပ် ထ့က နေခြင်းကို အလျင်အမြန် နှိမ်နင်းသည်။ ပထမ သူပုန်မှာ ညီတော် စည်သာ မင်းကြီးနှင့် မဟာသီဟသူရတို့ ကြီးမှူးသည့် သူပုန် ဖြစ်သည်။ ဒုတိယ သူပုန်မှာ မောင်မောင်၏ နောက်လိုက် မြတ်ဖုန်း ကွပ်ကဲသည့် သူပုန် ဖြစ်၍၊ ၎င်းတို့သည် နန်းတော်ကို စီးမိကြကာ ဘိုးတော်ဘုရားသည်ပင် အသက်ဘေးမှ သီသီလွတ် ခဲ့ရသည်ထိ ဖြစ်ခဲ့သည်။ တတိယ သူပုန်မှာ ၁၇၈၃ ခုနှစ်တွင် မြစ်ဝကျွန်းပေါ် ဒေသ၌ ထ့ကသော မွန်သူပုန် ဖြစ်၍ ရန်ကုန်ပင်လျှင် ခေတ္တ ကျဆုံး ခဲ့ရသေးသည်။ ဘိုးတော်ဘုရားသည် သူပုန် သုံးရပ်လုံးကို ပြင်းထန်စွာ နှိမ်နင်း အောင်မြင် ခဲ့လေသည်။


နန်းစည်းစိမ် ခိုင်လုံ စိတ်ချရသော အခါ ဘိုးတော်ဘုရားသည် စနစ်ကျသော အုပ်ချုပ်ရေး ချမှတ်ရန်၊ သို့မဟုတ် ပြည်သူ ပြည်သားတို့ထံမှ အခွန်ဘဏ္ဍာ ပိုမိုရရန်၊ အုပ်ချုပ်ရေး လုပ်ငန်းတွင် အာရုံ စူးစိုက်လာသည်။ တနိုင်ငံလုံးတွင် လူဦးရေ မည်မျှရှိကြောင်း စာရင်း ကောက်ယူစေ၍ စာရင်း မှန် မမှန်ကို ဖိဖိ စီးစီး စစ်ဆေးသည်။ သန်းခေါင်စာရင်း ကောက်ရာ၌ ၂ နှစ် ကြာမြင့်လေရာ ထိုကာလ အတွင်း ဘိုးတော်ဘုရား၏ စိတ်ကြိုက် မကျသည့် အတွက် အရာရှိ အရာခံ မြောက်များစွာ ကွပ်မျက်ခြင်း ခံရသည်။ ဘိုးတော်ဘုရား၏ စစ်တမ်းအရ ထိုခေတ်က မြန်မာနိုင်ငံတွင် မြို့ကြီးပေါင်း ၁၈၈၊ ရွာပေါင်း ၅,၈၈၅၊ မြန်မာနိုင်ငံတွင်း၌ လူပေါင်း ၂,၂၇၉,၀၀၀၊ ရှမ်းလူမျိုး မပါဝင်ဘဲ မြန်မာ မဟုတ်သော လူမျိုးစု ၈၀၀,၀၀၀၊ ရှမ်း ၁,၀၆၉,၀၀၀ ရှိသည်။ မြန်မာနိုင်ငံတွင် နှစ်ကာလ ကြာရှည်စွာ ပြည်တွင်း ပြည်ပ စစ်ပွဲများ ဖြစ်ပွားခဲ့သဖြင့် အခွန်ဘဏ္ဍာ စည်းကြပ်ရန် လည်းကောင်း၊ နယ်မြေ သတ်မှတ်ရန် လည်းကောင်း၊ လုပ်ငန်း အရပ်ရပ်တို့ အတွက် အချိန် အနည်းငယ်သာ ရခဲ့သည်။ ထိုကြောင့် စစ်တမ်းသည် အခြေအနေ အစစ်အမှန်ကို ရှင်းလင်း ထုတ်ဖော် သကဲ့သို့ ရှိခဲ့လေသည်။ ထိုမျှမက ဘိုးတော်ဘုရားသည် ပုထိုး စေတီများတွင် ရှိသမျှ ကျောက်စာတိုင်များကို အသစ်တဖန် တည်ဆောက်သော မင်းနေပြည်တော် အမရပူရသို့ ရွှေ့ပြောင်း၍ စိုက်ထူခဲ့သည်။ နိုင်ငံတွင် လယ်ယာ မြေကောင်းများစွာမှ အခွန်ဘဏ္ဍာ ယွန်းပါးခဲ့သည်မှာ တဖြည်းဖြည်း ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ဘိုးတော်ဘုရားသည် ရှေးယခင်က ပုဂံမင်းကဲ့သို့ မခံမရပ်နိုင် ဖြစ်ခဲ့လေသည်။ လယ်ယာ မြေခွန်များ အကျအန စည်းကြပ်ရန် စနစ်ကျသော အုပ်ချုပ်ရေး လိုအပ်လေသည်။ အလောင်းဘုရား လက်ထက်မှ စ၍ နိုင်ငံအလုံးသည် စုစည်းခဲ့ပြီး ဖြစ်ရာ ဘိုးတော်ဘုရား နန်းမတက်မီ ၅ နှစ်ခန့်ကပင် စစ်ရေး စစ်ရာလည်း ကင်းရှင်းခဲ့သဖြင့် သာမန် လူတန်းစားများသည် အတန်ပင့် ကယ်ဝ ချမ်းသာ ခဲ့ကြသည်။ ၁၇၈၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်လာသော ဘုန်းတော်ကြီး ဆင်ဂါမာနိုးက မြန်မာနိုင်ငံကို ပစ္စည်းဥစ္စာ့ ကယ်ဝသော နိုင်ငံအဖြစ် တွေ့ရကြောင်း မှတ်တမ်းတွင် ရေးသား ခဲ့လေသည်။


ဘိုးတော်ဘုရားသည် ဤသို့ အခြေအနေ အရပ်ရပ်နှင့် တိုင်းပြည်အလုံးကို စနစ်တကျ ရှိစေရန် ဆောင်ရွက်နေရာမှ ဆင်ခြင်တုံ ကင်းမဲ့စွာ စစ်ပွဲများ ခင်းကျင်း ပြန်တော့သည်။ ရခိုင်နယ်တွင် ပြည်တွင်းရေး မငြိမ်မသက် ဖြစ်သဖြင့် ဘိုးတော်၏ အာရုံသည် ရခိုင်ဘက်သို့ ဦးလှည့်ခဲ့လေရာ၊ ကုန်းဘောင်ဆက် မင်းတို့တွင် တွေ့ရမြဲ ဖြစ်သည့် တန်ခိုးဂုဏ်ရှိန် ကျော်ကြားလိုသော ဆန္ဒသည် တကြိမ် ပေါ်ပေါက် ပြန်လေသည်။


ရခိုင်ဒေသကို သိမ်းပိုက်ခြင်း

၁၆၆၅ ခုနှစ်တွင် ရခိုင်သားတို့သည် အပြင်းအထန် နစ်နာခဲ့သည်။ ဘင်္ဂလားတွင် မဂိုဘုရင်ခံ ရှာယစ်စတာခန်သည် ရခိုင်တို့၏ မိတ်ဆွေ ပေါ်တူဂီတို့ကို တိုက်ခိုက် နှိမ်နင်းခဲ့၍ စစ်တကောင်းကို ၁၆၆၆ ခုနှစ်တွင် သိမ်းပိုက်ခဲ့သည်။ မဂိုဘုရင် အော်ရန်ဇက်၏ လက်အောက်တွင် မဂိုနိုင်ငံ၏ တန်ခိုးအာဏာ ကျယ်ပြန့်ခဲ့ရာ ပင်လယ်ကမ်းရိုး တလျှောက်တွင် ပင်လယ်ဓားပြ အဖြစ် နှစ်ပေါင်းများစွာ အမြတ် ထုတ်ခဲ့ကြသော ရခိုင်သားတို့ကို ပိတ်ပင် တားမြစ် ခဲ့လေသည်။ ရခိုင်သားတို့ အဖို့ အခွင့်အရေး ကျဉ်းကျပ်လာသဖြင့် ပြည်တွင်း ဘက်သို့ လှည့်ကာ ဆူပူ လုယက်ခြင်း၊ အချင်းချင်း တိုက်ခိုက်ခြင်း၊ စသည်တို့ကို ပြုလာကြသည်။ ဘိုးတော်ဘုရား နန်းတက်သည့် အချိန်တွင် ရခိုင်ဒေသ တခုလုံး ဆူပူ လှုပ်ရှားလျက် ရှိလေသည။် ရခိုင်တစုသည် အမရပူရသို့ လာ၍ အကူအညီ တောင်းလေရာ၊ ၁၇၈၄ ခုနှစ်၊ နိုဝင်ဘာလတွင် အိမ်ရှေ့မင်းသား ကိုယ်တိုင် ရခိုင်သို့ စစ်ချီ တက်လေသည်။ မြန်မာ စစ်တပ်သည် ရခိုင်ဒေသကို အလွယ်တကူ သိမ်းပိုက် နိုင်ကြသည်။ ရခိုင်ရွာ အချို့တို့သည် မြန်မာ စစ်တပ်ကို အိုးစည် ဗုံမောင်းတီး၍ ကြိုဆိုကြသည်။ ရခိုင်ကို အောင်လျှင်ပင် ဘိုးတော်ဘုရားသည် ဘဝင်မြင့်၍ လာတော့သည်။


ယိုးဒယားသို့ ချီတက် တိုက်ခိုက်ခြင်း

ဘိုးတော်ဘုရားသည် ဘိုးတော် ဘေးတော်တို့ နည်းတူ မိမိ သည်လည်း ဘုန်းသမ္ဘာ ကြီးရင့်သော မင်း ဖြစ်သည်ဟု အထင်ရောက်ခဲ့လေရာ နိုင်ငံတွင် လိုအပ်သည့် အခြေအနေ အမှန်ကို တွေးဆ နားလည်မှု ကင်းစွာဖြင့် ယိုးဒယားဘက်သို့ အာရုံ ရောက်သွား ပြန်သည်။ ၁၇၈၅ ခုနှစ် အတွင်းတွင် ယိုးဒယားသို့ အကြီးအကျယ် စစ်ခင်း ချီတက်ရန် အမိန့် ထုတ်ပြန်ပြီးနောက် ဘိုးတော် မင်းတရားကြီး ကိုယ်တိုင် စစ်တပ်ကြီးကို ကွပ်ကဲ ချီတက်လေသည်။ ကျော်ဇော သတင်း ဂုဏ်ရှိန် ကြီးမားခြင်းက အလျင်စလို အငမ်းမရ လိုချင် ပြင်းပြမှု ကြီးသဖြင့် စစ်တပ်ကြီးကို အလျင် အမြန် စုဆောင်း ဖွဲ့စည်းလေရာ ပြင်ဆင်မှုမှာ ပြည့်စုံခြင်း မရှိခဲ့ပေ။ ရှေးဦး ချီနှင့်သော မြန်မာတပ်သည် အထောက်အကူ ပြည့်စုံခြင်း မရှိသဖြင့်၊ အကျအန စုရုံးထားသော၊ ယိုးဒယား တပ်မကြီး နှင့် ရင်ဆိုင်တွေ့သော အခါ၊ မရှုမလှ ပြိုကွဲလေတော့သည်။ မြန်မာ့ တပ်ဦး ကျိုးကြောင်း သတင်း ရလေသော် ဘိုးတော်ဘုရားသည် တပ်မကြီးမှ အလျင် အမြန် ဆုတ်ခွာ ခဲ့သည်။ ဘိုးတော်ဘုရား ကိုယ်တိုင် ပါဝင်ခြင်း မရှိသော်လည်း မြန်မာ စစ်သည်တို့သည် ရှေ့သို့ ဆက်လက်၍ ချီတက်မြဲ ချီတက်ကြသည်။ သို့သော် ဘိုးတော်ဘုရားသည် မြန်မာ စစ်တပ် အားလုံး တပ်ခေါက်၍ ပြန်လည် ဆုတ်ခွာလာရန် အမိန့် ထုတ်လိုက်သည်။


တိုင်းပြည်၏ အင်အားကို ဖြုန်းခဲ့ပုံ

ဘိုးတော်ဘုရားသည် စစ်မြေပြင်သို့ ထွက်၍ ကိုယ်တော်တိုင် ကွပ်ကဲ စစ်တိုက်ဖူးသည် မဟုတ်ချေ။ သို့သော် နန်းသက် တလျှောက်လုံးတွင် ယိုးဒယားသို့ အကြိမ်ကြိမ် အခါခါ မြန်မာ စစ်တပ်ကြီးကို ချီတက် တိုက်ခိုက်စေခဲ့ရာ ဘိုးတော်ဘုရား၏ ဆင်ခြင်တုံ ကင်းမဲ့မှုသည် နိုင်ငံ၏ အင်အားကို အလဟဿ ကုန်ခန်းစေခဲ့သည်။ ထို့ပြင် ဘိုးတော်ဘုရားသည် ကောင်းမှုတော်များကိုလည်း အကြီးအကျယ် တည်ဆောက်ခဲ့သည်။ ဤသို့ တည်ဆောက်ရာတွင်၊ အီဂျစ်ပြည်ရှိ ပိရမစ်များကဲ့သို့ လူအင်အားကို အဆက်မပြတ် အသုံးချရလေရာ၊ တိုင်းပြည်အလုံး ပင်ပန်း နွမ်းနယ်ကြကာ တနေ့တခြား ဆင်းရဲ ညှိုးငယ် လာကြလေသည်။ ဥပမာ ကမ္ဘာတခွင်တွင် အကြီးဆုံးသော စေတီအဖြစ် ရည်မှန်း တည်ဆောက်သည့် မင်းကွန်း စေတီကြီးသည် နေ့ရော ညပါ တည်ဆောက်ကြ ရသော်လည်း ၇ နှစ် ကြာသည့်တိုင်အောင် မပြီးစီးခဲ့ချေ။ ထိုစဉ်က အင်္ဂလိပ် သံမှူး ဟီရမ်ကောက်ကို မင်းကွန်းစေတီ တည်ဆောက်ရာ၌ နတ်တို့ ကူညီသည်ဟု မြန်မာတို့က ပြောကြားကြောင်း သိရလေသည်။ မင်းကွန်း စေတီကြီး တည်နေရသည့် ဒုက္ခ ဝန်ထုပ်ကြီးမှာ စေတီကြီး ပြီးစီးလျှင် ဘိုးတော်လည်း နတ်ရွာ စံလိမ့်မည်ဟု နိမိတ် တဘောင် ပေါ်ထွက်လာသော အခါမှသာ ဘုရင်က စေတီ ဆောက်လုပ်ခြင်းကို ရပ်စဲ စေတော့သည်။


တရုတ် မြန်မာ ဆက်ဆံရေး

ဤအရေးအခင်းများအပြင် ဘိုးတော်ဘုရား လက်ထက်၌ တရုတ် မြန်မာ ဆက်ဆံရေးသည် တမျိုးတဖုံ ပြောင်းလဲသည်ကို တွေ့မြင်ရသည်။ ဘိုးတော်ဘုရား နန်းတက်စ အချိန်တွင် တရုတ် မြန်မာ ဆက်ဆံရေးသည် တင်းမာလျက် ရှိခဲ့လေသည်။ ဆက်ဆံရေး ပြောင်းလဲပုံနှင့် ပတ်သက်သည့် အကြောင်းအရာများမှာ များမြောင် လှသည်။ သို့သော် ပြောင်းလဲလာခြင်း အတွက် ယုတ္တိ အရှိဆုံးမှာ ကိုင်းမာရှိ ရှမ်း တရုတ် ကုန်သည်များ၊ ဗန်းမော်စော်ဘွားနှင့် ယူနန်နှင့် ပီကင်းရှိ တရုတ် အရာရှိများတို့သည် ပူးပေါင်း၍ ဘိုးတော်ဘုရားနှင့် တရုတ် ဧကရာဇ် ချင်းလုံတို့ကို လည်ဆယ် လှည့်ဖြား နိုင်ကြခြင်းပင် ဖြစ်လေသည်။ လည်ဆယ် လှည့်ဖြားကြသည့် အကြောင်းအရင်းမှာ နယ်စပ်ရှိ ရှမ်းများနှင့် တရုတ် ကုန်သည်တို့သည် နယ်စပ် ကူးသန်းရောင်းဝယ်ရေး ပြန်လည် ထွန်းကားလာလျှင် အမြတ်အစွန်း များစွာ ရရှိသောကြောင့် ဖြစ်လေသည်။ တရုတ် အရာရှိများကလည်း မိမိတို့ ဧကရာဇ်ထံတွင် မြန်မာတို့သည် ၎င်းတို့၏ အမှားကို မြင်လာသဖြင့် တရုတ် သြဇာခံ အဖြစ် နေလိုသည်ဟု လှည့်ဖြား၍ မျက်နှာလို အားရ လျှောက်တင် ကြသည်။


ရှမ်းနှင့် တရုတ် လူလိမ် တစုသည် ဘုရင် နှစ်ပါးကို လှည့်ဖြားရန် မခဲယဉ်းကြောင်း တွေ့ကြလေသည်။ ၎င်းတို့သည် တရုတ် ဧကရာဇ်က စေလွှတ်သည့် ဟန်ဖြင့် သံအဖွဲ့ အတု ဖွဲ့ကာ တရုတ် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ဟူ၍ သဝဏ်လွှာများ လက်ဆောာင် ပဏ္ဏာများနှင့် ဘိုးတော်ဘုရားထံသို့ စေလွှတ်ကြသည်။ တရုတ်နိုင်ငံကို ယိုးဒယားကဲ့သို့ ဆက်ဆံ၍ မရကြောင်း သိနားလည်သော ဘိုးတော်ဘုရားသည် သံအဖွဲ့ကို ကောင်းစွာ ကြိုဆို၍ တန်းတူ နိုင်ငံများနှင့် ဆက်ဆံသကဲ့သို့ တရုတ် ဧကရာဇ်ထံသို့ အကြည်တော် သဝဏ်လွှာ ရေးကာ သံအဖွဲ့ တခုကို အပြန်အလှန် စေလွှတ်သည်။ လူလိမ် တစုသည် မြန်မာ သံအဖွဲ့ နယ်စပ် ဒေသသို့ ရောက်သော် မြန်မာတို့က ဝန်ချ တောင်းပန်ရန် လာရောက် ကြသည်ဟု တရုတ် ဧကရာဇ်ထံ လျှောက်တင်ကြသည်။ မြန်မာတို့က စေလွှတ်သည့် စကားပြန်ကို တမင်သက်သက် လမ်းခရီး၌ နောက်ချန်၍ ထားခဲ့သည်။ ပီကင်းသို့ ရောက်လျှင် ချင်းလုံကို ယခု ရောက်လာသော သံအဖွဲ့သည် ဧကရာဇ်ကို ဝန်ချ တောင်းပန်ရန် အကယ်ပင် ဖြစ်ကြောင်း နားဝင် ယုံကြည်အောင် ပြောရန် မခဲယဉ်းတော့ပေ။


မြန်မာသံအဖွဲ့ ပီကင်းသို့ ရောက်ပြီးနောက် နှစ်ဦး နှစ်ဘက် စလုံးမှ သံအဖွဲ့များ အပြန်အလှန် စေလွှတ်ရန် သဘောတူညီကြသည်။ မြန်မာတို့က တန်းတူ မဟာမိတ် နိုင်ငံအဖြစ် ဆက်သွယ် ကြသည်ဟု ယူဆကြသည်။ တရုတ်တို့ကမူ ထိုအချိန်မှ စ၍ မြန်မာ တို့သည် တရုတ် သြဇာခံ နိုင်ငံအဖြစ် နေရန် သဘောတူခဲ့ကြောင်း ယူဆ၍ နောင်အခါ အမြဲ ရေးဆိုလေ့ ရှိကြသည်။ သံအဖွဲ့များစွာ အပြန်အလှန် စေလွှတ်ရာ၌ အချို့ အဖွဲ့များသည် အစစ် အမှန် ဖြစ်သော်လည်း အချို့ အဖွဲ့များသည် အတုများ ဖြစ်လေသည်။ သံအဖွဲ့ အတုအယောင် တခုသည် တရုတ် ဧကရာဇ်၏ မြေးတော် မင်းသမီးများ ဟူ၍ တရုတ် အမျိုးသမီး သုံးဦးကို ဘိုးတော်ဘုရားထံ ဆက်သခဲ့သည်။ ထို တရုတ် အမျိုးသမီးများကို သိမ်းပိုက်ပြီးနောက် မကြာမြင့်မီ ဘိုးတော်ဘုရားသည် တရုတ်သံ အဖွဲ့ မူမမှန်ပုံကို သိမြင်လာလေသည်။ ထိုကိစ္စတွင် ဦးစီး ခေါင်းဆောင် ပြုသူ ဗန်းမော် စော်ဘွားကို ဖမ်းဆီးစေသည်။ ဟီရမ်ကောက် နေပြည်တော်သို့ အလည် ရောက်လာချိန်တွင် ဗန်းမော် စော်ဘွားမှာ အကျဉ်း ကျလျက် ရှိလေသည်။ ဘိုးတော်ဘုရားသည် ရာဇဣဏ္ဍေန္ဒ ထိခိုက်မည် စိုးသည့် အတွက် မိမိ လှည့်စား ခံရကြောင်းကို ဗိုလ်ပုံ အလယ်တွင် ထုတ်ဖော် ဝန်ခံခြင်း မပြုခဲ့ချေ။ ထိုနောက်တွင် မြန်မာတို့သည် တရုတ် နိုင်ငံသို့ သံအဖွဲ့များကို နောက်ထပ် စေလွှတ်ခြင်း မပြုတော့ပေ။


အင်္ဂလိပ် မြန်မာ ဆက်ဆံရေး

တရုတ် နိုင်ငံနှင့် ဆက်သွယ်ရေး ပြတ်စဲ ပြီးသည်နောက် မြန်မာနှင့် အနောက်တိုင်း နိုင်ငံများ ဆက်သွယ်လာခြင်းမှာ တမျိုး တဖုံ ပြောင်းလဲ လာလေသည်။ အိန္ဒိယ နိုင်ငံအတွင်းတွင် အရှေ့ အိန္ဒိယ ကုမ္ပဏီသည် ယခုအခါ၌ တန်ခိုး အကြီးဆုံး ဖြစ်လာ၍ အစစ အရာရာတွင် ကြီးစိုး လွှမ်းမိုးနိုင်သည့် အခြေသို့ ရောက်စ ပြုနေပြီ ဖြစ်လေသည်။ ဘင်္ဂလား ပြည်နယ်ကြီးသည် ထိုအချိန်၌ ဗြိတိသျှ ပိုင်နက် ဖြစ်သည်။ တဖန် မြန်မာတို့က ရခိုင်ဒေသကို မြန်မာ ပိုင်နက် အတွင်းသို့ သိမ်းသွင်းခဲ့သဖြင့် မြန်မာ နိုင်ငံသည် အရှေ့ အိန္ဒိယနှင့် အိမ်နီးချင်း ဖြစ်လာလေသည်။ အရှေ့တလွှားတွင် ဗြိတိသျှတို့သည် စီမံကိန်းသစ် တရပ်ကို အလောင်းဘုရား လက်ထက်ကပင် စတင်ခဲ့သည်။ ဗြိတိသျှတို့၏ တန်ခိုး အာဏာသည် တစတစ တိုးတက် ကျယ်ပြန့်သည့် အခြေသို့ ရောက်လာသော်လည်း ကမ္ဘာနှင့် အဝန်း ချီ၍ တန်ခိုးအာဏာ ပြိုင်ဆိုင်မှုများ ပြုလုပ်နေရသည် ဖြစ်ရာ ဗြိတိသျှတို့သည် အလောင်းဘုရား လက်ထက် အခါက ကဲ့သို့ပင် ဘိုးတော်ဘုရား လက်ထက်တွင်လည်း မိမိတို့၏ အင်အား အစစ်အမှန်ကို ထုတ်ဖော်ခြင်း မပြုသေးဘဲ နေခဲ့လေသည်။


ရခိုင်ဒေသကို မြန်မာနိုင်ငံ အတွင်းသို့ သိမ်းသွင်းပြီးနောက် ရခိုင်သားတို့သည် မငြိမ် မသက် ဖြစ်၍ လာကြသည်။ မြန်မာ အုပ်ချုပ်ရေး မည်သို့ပင် ကောင်းစေကာမူ ရခိုင်သားတို့သည် မငြိမ်မသက် ဖြစ်ကြမည်သာ ဖြစ်သည်။ သို့သော် မြန်မာ အုပ်ချုပ်ရေးကလည်း မူလ အစကပင် အကျိုး ဖြစ်ထွန်းခြင်း မရှိသဖြင့် ၁၇၉၄ ခုနှစ်တွင် ရခိုင်များသည် စတင် ပုန်ကန် ကြလေသည်။ မြန်မာ စစ်တပ်ကြီးသည် ရခိုင်သားတို့ ကောင်းစွာ နှိမ်နင်းနိုင်လေရာ ရခိုင် သူပုန်တို့သည် အရေးရှုံးနိမ့်တိုင်း သတ်မှတ်ခြင်း မရှိသော နယ်ခြားကို ဖြတ်၍ ဗြိတိသျှတို့၏ ပိုင်နက် အတွင်းသို့ ပြေးဝင်၍ ရှိကြသည်။ မြန်မာ စစ်မှူး စစ်ကဲတို့လည်း သူပုန်များကို လိုက်ရင်း နယ်ကျွံကာ ဗြိတိသျှ ပိုင်နက်အတွင်းသို့ ရောက်လေ့ ရှိကြသည်။ ပထမဦးစွာ မြန်မာတို့သည် ဗြိတိသျှ စစ်တပ်ငယ် တခုကို အုပ်ချုပ်ရသော ကာနယ် အာစကင်းနှင့် တွေ့ဆုံကြသည်။ မြန်မာတို့နှင့် ဆွေးနွေးပြီးနောက် ရခိုင် သူပုန် ခေါင်းဆောင်များကို အပ်နှင်းရန် သဘောတူညီသည်။ ဤသို့ မြန်မာတို့နှင့် ပြေလည် ငြိမ်းအေးရန် ဆောင်ရွက်ခဲ့သည့် အတွက် မြန်မာတို့သည် ဗြိတိသျှတို့၏ အင်အားကို အထင်သေး ခဲ့လေသည်။ ထိုသို့ အထင်သေး ခဲ့သည်မှာ အင်္ဂလိပ် မြန်မာ စစ်ပွဲ ဖြစ်ပွားသည့် အထိ ဖြစ်လေသည်။ ဗြိတိသျှတို့တွင် စစ်သည်အင်အား လွန်စွာ နည်းပါးသဖြင့် အောင်နိုင်ထားသော ဘင်္ဂလား နယ်မြေကို ကောင်းစွာ ကာကွယ် နိုင်ခြင်း မရှိဟု မြန်မာတို့က အထင် ရောက်ခဲ့သည်။ ဗြိတိသျှတို့က အခြေအနေ အရပ်ရပ်ကို ရေးသား ရှင်းပြသောအခါ မြန်မာတို့သည် စာပြန်ခြင်းပင် မပြုချေ။


ဗြိတိသျှ နိုင်ငံသည် ပြင်သစ်နှင့် ထပ်မံ၍ စစ်ဖြစ်ပွားပြန်ရာ ဗြိတိသျှ အာဏာပိုင်တို့က ပြင်သစ်ကို မြန်မာတို့က အကူအညီ ပေးမည်ကို လွန်စွာ စိုးရိမ် နေကြသည်။ မိမိတို့ လိုလားချက် ပြည့်ဝရန်နှင့် ဗြိတိသျှ မြန်မာ နှစ်နိုင်ငံ မှန်ကန်စွာ ဆက်သွယ်ရန် အပြင် ကူးသန်း ရောင်းဝယ်ခြင်းလည်း ပြုကြရန် ဘုရင်ခံ ဆာဂျွန်ရှိုးက ကပ္ပီတန် မိုင်ကယ်ဆိုင်းကို တပ်မှူးခန့်၍ အင်းဝသို့ စေလွှတ်လိုက်သည်။ မြန်မာ အစိုးရက ဗြိတိသျှ သံအဖွဲ့၏ လိုလားချက်များကို သင်္ကာမကင်း ရှိခဲ့သည်။ ဗြိတိသျှတို့သည် ပြင်သစ်ကို အောင်နိုင်မည်ဟု မြန်မာတို့က သဘောမပေါက်ကြချေ။ မည်သို့ဖြစ်စေ အရှေ့ အိန္ဒိယ ကုမ္ပဏီမှ စေလွှတ်သော ကိုယ်စားလှယ်များကို အရေး မလုပ်လိုကြချေ။ မိုင်ကယ် ဆိုင်းကို မြန်မာ မှူးမတ်များကို ဧည့်ဝတ် ကျေ့ပန်စွာ ပြုစုကြသော်လည်း သံအဖွဲ့၏ ရည်ရွယ်ချက် လုပ်ငန်းများကိုမူ မြန်မာ အစိုးရသည် တမင်သက်သက် မထေမဲ့မြင် ပြုကြသည်။ သို့သော် မိုင်ကယ်ဆိုင်း ပြန်လည် ထွက်ခွာသော အခါ အတော်အသင့် ကျေနပ်ဖွယ် ရှိသော ကူးသန်း ရောင်းဝယ်ရေး စာချုပ်ကို မြန်မာတို့က လက်ခံ ချုပ်ဆို ခဲ့လေသည်။ ထိုစာချုပ်ကို အခြေခံထား၍ အမြတ်အစွန်း ရနိုင်ဖွယ်ရှိကြောင်း မိုင်ကယ်ဆိုင်း၏ အစီရင်ခံချက် အရ အရှေ့ အိန္ဒိယ ကုမ္ပဏီသည် အင်းဝနှင့် ကာလကတ္တားမြို့ကြီး နှစ်မြို့ အဆက်အသွယ် မပြတ် ရှိစေရန် ရန်ကုန်တွင် ဗြိတိသျှ ကိုယ်စားလှယ်တော်ရုံး ထားရန် ဆုံးဖြတ်လိုက်သည်။


၁၇၉၆ ခုနှစ်တွင် ကပ္ပီတန် ဟီရမ်ကောက်ကို ဗြိတိသျှ ကိုယ်စားလှယ် အရာရှိအဖြစ် စေလွှတ်လိုက်လေသည်။ ဟီရမ်ကောက်သည် မိုင်ကယ်ဆိုင်းကို မနှစ်မြို့သည် သာမက အယုံအကြည်လည်း ကင်းမဲ့လေရာ မြန်မာတို့ အပေါ်၌လည်း ဤကဲ့သို့ပင် စိတ်နေ စိတ်ထားပင် ထားခဲ့လေသည်။ ထိုကြောင့် မြန်မာတို့နှင့် ဆက်သွယ်ရာ၌ ပြေပြစ်မှု မရှိ၍ ဟီရမ်ကောက်သည် အမျိုးမျိုးသော ဒုက္ခ အခက်အခဲများနှင့် ရင်ဆိုင် ခဲ့ရလေသည်။ ထိုကြောင့် ဟီရမ်ကောက်သည် အိန္ဒိယသို့ ပြန်သွားသော အခါ မိမိ မြိုသိပ် ခဲ့ရသမျှကို ဖွင့်ချကာ မြန်မာတို့သည် လူပြောင် လူရူးများသာ ဖြစ်၍ ၎င်းတို့နှင့် အစဉ်တကျ ပြေပြစ်စွာ ဆက်သွယ်ရေးမှာ ဖြစ်နိုင်မည် မဟုတ်ကြောင်း ရေးသား အစီရင် ခံလေသည်။ ကာလကတ္တားရှိ ဗြိတိသျှ ကုမ္ပဏီ အစိုးရသည် ဤ အရေးကို နားမလည်နိုင်အောင် ဖြစ်လေရာ ဟီရမ်ကောက်၏ အပြုအမူ ရိုင်းစိုင်းခဲ့ပြီဟု ထင်သဖြင့် တောင်းပန်စာ သဝဏ်လွှာ တစောင်ကို မြန်မာမင်းထံသို့ ပေးပို့သည်။ သံအဖွဲ့ စေလွှတ်ရန်မူကား မသင့်တော်ဟု ဆုံးဖြတ် လိုက်လေသည်။ ရခိုင် နယ်စပ်၌ ပဋိပက္ခမှုများ ဆက်၍ ပေါ်ပေါက်လေသည်။ ရခိုင်တို့သည် မြန်မာမင်း စိုးစံ အုပ်ချုပ်မှုကို တိုး၍သာ မကျေမနပ် ရှိခဲ့ရာ လှုပ်ရှား ထ့ကမှုများ အစဉ်မပြတ် ပေါ်ပေါက် ခဲ့လေသည်။ သူပုန်များလည်း အရေးရှုံးနိမ့်သော အခါတိုင်း ဗြိတိသျှ ပိုင်နက် အတွင်းသို့ ပြေးဝင် ကြလေသည်။ ဗြိတိသျှတို့သည် သူပုန်များ မိမိတို့၏ နယ်ထဲသို့ ပြေးဝင် ခိုလှုံမှုကို လည်းကောင်း၊ မိမိတို့ ပိုင်နက် အတွင်းတွင် စစ်စခန်း ချ၍ ပြန်လည် တိုက်ခိုက် နေကြသည်ကို လည်းကောင်း၊ တားဆီးရန် မတက်စွမ်း နိုင်ကြချေ။


ဘုရင်ခံချုပ်သစ် ဝယ်လစ္စလီသည် နယ်ချဲ့သမားဖြစ်၍၊ မြန်မာတို့က သူပုန်များကို ပြန်အပ်ရန် တောင်းဆိုသည်ကို ငြင်းပယ် လိုက်လေသည်။ သို့သော် အိန္ဒိယ၌ အရေးတကြီး ဆောင်ရွက်ရန် ကိစ္စများ ရှိသေးသဖြင့် ထိုထက်လွန်၍ မစွမ်းဆောင် နိုင်သေးချေ။ ဝယ်လစ္စလီသည် အိန္ဒိယ၌ ဗြိတိသျှတို့ တန်ခိုးအာဏာ နယ်ချဲ့ရာတွင် အောင်မြင်စွာ အသုံးပြုခဲ့သော လက်အောက်ခံ မဟာမိတ် ဖွဲ့နည်း တမျိုးကို မြန်မာနိုင်ငံ၌ သုံးရန် ဆုံးဖြတ်လေသည်။


ဤနည်းမှာ အင်အား ချိနဲ့သော နယ်များတွင် သုံးရန် ဖြစ်လေသည်။ ၎င်း နယ်များကား ဗြိတိသျှတို့၏ စစ်အင်အားကို ထိတ်လန့်ကြသည့် နယ်များသော် လည်းကောင်း၊ ပြည်တွင်းရေး ကွဲပြား ဆူပူမှုများကြောင် ဗြိတိသျှတို့၏ အကူအညီရရန် ဗြိတိသျှ တို့အလိုကျ မဟာမိတ် စာချုပ်ကို လက်ခံရန် အသင့်ရှိသော နယ်များသော်လည်းကောင်း၊ ဖြစ်ကြလေသည်။ ဗြိတိသျှ တို့အတွက် ဖြစ်ပေါ်မြဲ အခွင့်အရေးတရပ်သည် နန်းလုပွဲများ ဖြစ်လေသည်။ ဘိုးတော်ဘုရား ထီးနန်း စွန့်လွှတ်လျှင် ဖြစ်စေ၊ အနိစ္စ ရောက်လျှင် ဖြစ်စေ၊ သားငယ် တောင်ငူမင်းက အိမ်ရှေ့မင်းသား ထံမှ ထီးမွေ နန်းမွေကို တိုက်ခိုက် လုယူရန် ကြံစည်နေကြောင်း ဝယ်လစ္စလီက သတင်းရထား လေသည်။ ဝယ်လစ္စလီက အိမ်ရှေ့မင်းသားအား ဥရောပ ခြေလျင် စစ်တပ် နှစ်တပ်၊ အိန္ဒိယ မြင်းတပ်ရင်း တတပ် နှင့် အမြောက် လက်နက်များပါ ပေး၍ ကူညီလိုသည်။ အိမ်ရှေ့မင်းသား အောင်မြင်သောအခါ မြန်မာ့ နယ်မြေ၌ မြန်မာတို့ အထောက်အပံ့ဖြင့် ဗြိတိသျှ တပ်များကို အမြဲတမ်း ဆက်လက်၍ ထားရှိခြင်းဖြင့် မြန်မာတို့သည် တသက်ပတ်လုံး အင်္ဂလိပ် လက်အောက်သို့ ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်လေသည်။ ၁၈၀၂ ခုနှစ်တွင်၊ ဗိုလ်မှူးကြီး ရာထူး တိုးမြှင့် ခန့်ထားသော မိုင်ကယ်ဆိုင်းကို မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ်မြောက် စေလွှတ် လိုက်လေသည်။


မိုင်ကယ်ဆိုင်း ပေးအပ်သော အမိန့်ပြန်တမ်း အရ ဆောင်ရွက်ရမည့် အဓိက ဝတ္တရားမှာ မြန်မာတို့နှင့် မဟာမိတ် စာချုပ် ချုပ်ဆိုရေး အတွက် ကြိုးစားရန် ဖြစ်သည်။ အရှေ့ အိန္ဒိယ ကုမ္ပဏီ အဖို့လည်း နိုင်ငံရေးနှင့် ကူးသန်း ရောင်းဝယ်ရေး အကျိုးခံစားခွင့်များ ပါဝင်ရမည် ဖြစ်လေသည်။ ဤသို့ ပြုရာ၌ လက်နက် အင်အားကို အသုံးချရန် ရည်ရွယ်ခြင်း မရှိခဲ့ချေ။ သို့သော် ကုမ္ပဏီ၏ အင်အား လွန်စွာ ကြီးမား တိုးပွားလာသည့် အဖြစ်ကို မြန်မာတို့ သဘောပေါက် စေရမည် ဖြစ်လေသည်။


မြန်မာတို့သည် ဗြိတိသျှတို့၏ တိုးတက်နေသော တန်ခိုးအာဏာကို သတိမမူမိကြ သေး၍ မိုင်ကယ်ဆိုင်းကို သာမန်ပင် ဆက်ဆံခြင်း ပြုကြလေသည်။ သံအဖွဲ့ ပြန်လည် ထွက်ခွာသော အချိန်တွင် မိုင်ကယ်ဆိုင်းသည် မျှော်လင့်ထား သမျှနှင့် မကိုက်ညီကြောင်း တွေ့ရသည်။ သို့သော် မိုင်ကယ်ဆိုင်း၏ အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် ပြင်သစ်တို့ သြဇာ မှေးမှိန် ပျောက်ကွယ်စ ပြု၍ မြန်မာတို့သည် ဗြိတိသျှတို့ကို ပို၍ အထင်ကြီး လာကြောင်း ရေးသားလေသည်။ မိုင်ကယ်ဆိုင်း၏ သံအဖွဲ့ကို စေလွှတ်ခြင်းဖြင့် ဗြိတိသျှတို့ သိမြင်ရသည့် အရေးပါသော အချက်ကား ဗြိတိသျှတို့၏ အရှေ့ဘက် ပိုင်နက်များ လုံခြုံရေး အတွက် အင်းဝ၌ ကုမ္ပဏီ၏ သြဇာ ပေါက်ရောက်ရန် လိုအပ်ခြင်းပင် ဖြစ်လေသည်။


မိုင်ကယ်ဆိုင်း၏ အကြံပေးချက်ဖြင့် ဂျွန်ကင်းနင်းကို ရန်ကုန်တွင် နေထိုင်ရန် စေလွှတ် လိုက်သည်။ ကင်းနင်း၏ တာဝန်မှာ ပြင်သစ်တို့ လှုပ်ရှားမှုကို အစီရင်ခံရန် ဖြစ်လေသည်။ သို့သော် ကင်းနင်းသည် ရန်ကုန်တွင် ကြာရှည် မနေရချေ။ ရေဝန်နှင့် မသင့်မတင့် ဖြစ်သဖြင့် ၁၈၀၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်။ နောက် နှစ်ပေါင်း အနည်းငယ် အတွင်း မြန်မာနှင့် အင်္ဂလိပ် ပဋိပက္ခမှုများ တိုးပွားခြင်း မရှိခဲ့ချေ။ ဤသို့ ဖြစ်သည်မှာ ရခိုင်တို့သည် ခေတ္တ ငြိမ်သက် နေကြခြင်းကြောင့် တကြောင်း၊ အင်းဝသို့ စာချုပ်အရ ပို့ရန် ဝယ်လစ္စလီသည် စစ်တပ် တတပ်ကို ရခိုင်နယ်စပ်တွင် အဆင်သင့် တပ်စွဲ ထားစေခြင်းဖြင့်၊ နယ်စပ် အရေးကို ငြိမ်းအေး စေခဲ့ခြင်းကြောင့် တကြောင်း ဖြစ်လေသည်။


ဘိုးတော်ဘုရားသည် ထိုအချိန်က ယိုးဒယားကို တိုက်ခိုက်ရန် စစ်တပ်များ ဖွဲ့စည်း၍ နေလေသည်။ စစ်တပ်ကြီးကို ဘန်ကောက်သို့ စေလွှတ် တိုက်ခိုက်ရန် မလိုလားသဖြင့် ဘိုးတော်ဘုရားသည် တနင်္သာရီ တောင်ပိုင်းရှိ ယိုးဒယား ပိုင်နက်များကို သွားရောက် တိုက်ခိုက်စေသည်။ ယိုးဒယားတို့၏ ရန်ကို ကြောက်ရွံ့ နေရသော ကယ်ဒါနယ် စူလတန်၏ ပင့်ဖိတ်ချက်ကို မြန်မာတို့က လက်ခံပြီးလျှင် ယိုးဒယား နယ်ပယ်များသို့ သွားရောက် တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ယိုးဒယားတို့ကလည်း တနင်္သာရီနှင့် ကျိုင်းတုံကို တိုက်ခိုက်ခြင်းဖြင့် ၎င်းတို့ အတွက် အကုန်အကျ မများလှသည့် အပြင် မြန်မာတို့ ယိုးဒယား အတွင်းသို့ အလုံးအရင်းဖြင့် ဝင်လာမည့် အကြံကို ပျက်ပြားစေသည် ဟူ၍ တနင်္သာရီနှင့် ကျိုင်းတုံကို မကြခဏ ဝင်ရောက် တိုက်ခိုက်ကြသည်။ ၁၈၀၉ ခုနှစ်တွင် ကမ္ဘာ အရပ်ရပ်၌ ဗြိတိသျှတို့ အတွက် တင်းမာမှုများ တိုးပွား၍ လာခဲ့သည်။ နပိုလီယန်သည် အရှေ့တလွှားသို့ ဖြန့်ချီလေရာ ဗြိတိသျှ ဘုရင်ခံချုပ် လတ်မင်းကြီး မင်တိုသည် ဗြိတိသျှို့က ပြင်သစ် တန်ခိုးအာဏာ ကြီးမားလာမှုကို ပြိုင်ဆိုင် နှိမ်နှင်းရန် ရည်သန်ကြောင်း မြန်မာတို့ကို သတိပြုစေသည်။ ထိုကြောင့် အကြောင်းစုံကို မြန်မာတို့ သိနားလည်စေရန် လည်းကောင်း၊ ဖြစ်နိုင်လျှင်လည်း မြန်မာနှင့် ဗြိတိသျှ ပူးပေါင်းရန် လည်းကောင်း၊ ၁၈၀၉ ခုနှစ်တွင် ကပ္ပီတန် ကင်းနင်းကို တဖန် စေလွှတ်ပြန်သည်။ ကင်းနင်း သံအဖွဲ့မှာ အရေးကြီးလှသည် မဟုတ်ပေ။ သို့သော် ကင်းနင်းသည် စိတ်ဝင်စားစရာ ကောင်းသော အချက်ကြီး နှစ်ရပ်ကို မြင်တွေ့ခဲ့သည်။ ကင်းနင်းသည် မြန်မာနိုင်ငံတွင် ပြင်သစ် သြဇာ လွှမ်းမိုးလာမည့် အဖြစ်ကို အရေးမထားလောက်ကြောင်း တွေ့ရသည်။ ထို့ပြင် ကင်းနင်းကို နန်းလျာ ဥပရာဇ် ကိုယ်တိုင်က ဘိုးတော် ဘုရင်မင်းတရားသည် ဒက္ကားနှင့် စစ်တကောင်းကို တိုက်ခိုက်ရန် စိတ်ထက်သန်လျက် ရှိကြောင်း၊ နန်းတော် ခန်းမဆောင် တခုတွင် ထိုနယ် နှစ်ခုနှင့် ပတ်သက်သော မြေပုံများ၊ စာရွက်စာတမ်းများ ပြည့်နှက်နေကြောင်း၊ ပြောကြားသည်ဟု ကင်းနင်း၏ မှတ်တမ်းတွင် တွေ့ရလေသည်။ သို့သော် ကင်းနင်း လာခြင်းဖြင့် ရရှိသော ဗြိတိသျှ မြန်မာ ဖော်ရွှေစွာ ဆက်ဆံမှုသည် မကြာမြင့်မီ ပပျောက်တော့မည် ဖြစ်လေသည်။


အင်္ဂလိပ် မြန်မာ ဆက်ဆံရေး ပျက်ပြားလာပုံ

ရခိုင်အရေး။ ရခိုင်နယ်စပ်တွင် ဝယ်လစ္စလီ ချထားသော ဗြိတိသျှ စစ်တပ်ကို ရုပ်သိမ်း လိုက်ပြီးနောက် အစွမ်းသတ္တိ အပြည့်စုံဆုံး ဖြစ်သော ရခိုင် ခေါင်းဆောင် ပေါ်ပေါက်လာပြန်၍ ရခိုင်သားတို့ အပြင်းအထန် ထ့က ခြားနားကြပြန်ရာ နယ်စပ် ပြဿနာ ပေါ်ပေါက်လာပြန် သဖြင့် အင်္ဂလိပ် မြန်မာ ဆက်ဆံရေးသည်လည်း ယိုယွင်း ပျက်ပြား၍ လာလေသည်။ ရခိုင်သူပုန် ခေါင်းဆောင်ဟောင်း၏ သားဖြစ်သူ ချင်းပျံသည် အရွယ် ရောက်ပြီ ဖြစ်လေသည်။ ၁၈၁၁ ခုနှစ်တွင် သေနတ် အမြောက် အပြည့်အစုံဖြင့် ရခိုင် စစ်တပ်ကြီးကို ခေါင်းဆောင်ပြီးလျှင် နတ်မြစ်ဝကို ဖြတ်ပြီးနောက် မြန်မာ ပိုင်နက် အတွင်းရှိ ၎င်း၏ ဘိုးစဉ် ဘောင်ဆက်ပိုင် ဖြစ်ဖူးသော နယ်မြေများကို သိမ်းပိုက်လိုက်သည်။ ဗြိတိသျှရော မြန်မာတို့ပါ အရေးဆိုခြင်း၊ စုံစမ်းခြင်း စသည်တို့ကို မပြုရသေးမီပင် ချင်းပျံသည် မောင်းတောကို သိမ်းပိုက် လိုက်သည်။ ထိုနောက် မြောက်ဦးကို ဆက်လက် သိမ်းသွင်းသည်။ စစ်တကောင်းဘက်တွင် နေထိုင်ကြသော ရခိုင်သား မြောက်များစွာတို့သည် ချင်းပျံထံသို့ သွားရောက် ပူးပေါင်းကြသည်။ ဤသို့ ရခိုင်သူပုန်တို့ လှုပ်ရှားမှုကို ဗြိတိသျှတို့က မည်သို့မျှ ဟန့်တားခြင်း မပြုခဲ့ပေ။ သို့သော် ချင်းပျံက မိမိကို အသိအမှတ်ပြုလျင် ရခိုင်တိုင်းသည် ဗြိတိသျှ လက်အောက်ခံ အဖြစ် နေမည်ဟူသော စကား ကမ်းလှမ်းချက်ကိုမူ ဗြိတိသျှတို့က ငြင်းပယ် လိုက်သည်။


ဗြိတိသျှတို့ ပိုင်နက် အတွင်းမှ နေ၍ ရခိုင်သားများ ပုန်ကန်ရန် စီစဉ်ကြသည်ကို ဗြိတိသျှတို့ ဟန့်တားခြင်း မပြုခဲ့သည့် အတွက် မြန်မာတို့ မကျေမချမ်း ဖြစ်သောကြောင့် ၁၈၁၁ ခုနှစ်တွင် ကင်းနင်းကို လွှတ်၍ ဗြိတိသျှတို့၏ အခြေအနေနှင့် ဗြိတိသျှတို့၏ ဆန္ဒများကို ရှင်းလင်းပြစေသည်။ တဦးနှင့် တဦး အကြီးအကျယ် မကျေမချမ်း မဖြစ်သေး သော်လည်း ဗြိတိသျှတို့၏ လစ်လျူ ရှုခဲ့ခြင်းမှာ ထင်ရှားလှလေရာ၊ ဗြိတိသျှတို့၏ ရည်ရွယ်ချက်များနှင့် ၎င်းတို့၏ ကတိများကို မြန်မာတို့က လုံးဝ အယုံအကြည် မရှိတော့ပေ။


ဤသို့ ယုံကြည်မှု ကင်းနေသည့် အထဲတွင် ကလကတ္တား အစိုးရက အကယ်၍ ချင်းပျံကို ဗြိတိသျှတို့၏ ပိုင်နက် အတွင်း၌ ဖမ်းဆီး မိသည့်တိုင်အောင် မြန်မာတို့ထံ ပေးအပ်မည် မဟုတ်ဟု ကျေညာပြန် သဖြင့် မြန်မာတို့သည် ဗြိတိသျှတို့ အပေါ်၌ ပိုမို၍ ယုံကြည်မှု ကင်းမဲ့လာလေသည်။ ၁၈၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာတို့သည် ရခိုင် သူပုန်များကို နှိမ်နင်းရန် စစ်တပ်ကြီး တတပ် စေလွှတ်သည်။ ရခိုင်သူပုန်များ ပြိုကွဲသော အခါ ဗြိတိသျှ ပိုင်နက် အတွင်းသို့ အလုံးအရင်းဖြင့် ပြေးဝင် ခိုလှုံကြပြန်သည်။ ထိုမှနေ၍ ချင်းပျံ သည် ၁၈၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် သေဆုံးသည့် အထိ ရခိုင် ဒေသတွင်းသို့ ထပ်ခါတလဲ ဝင်ရောက် တိုက်ခိုက်လေသည်။ မကြာခဏ အရေး ရှုံးနိမ့်သော်လည်း အမြဲပင် ပြန်လည် ရောက်လာတတ်ခဲ့ရာ ဗြိတိသျှရော မြန်မာတို့ပါ ချင်းပျံကို လက်ရ ဖမ်းဆီးနိုင်ခြင်း မရှိချေ။ မြန်မာတို့သည် ဗြိတိသျှတို့ကို လုံးဝ ယုံကြည် စိတ်ချရသူများ အဖြစ် မမြင်ခဲ့ချေ။ မပြောပလောက်သော သူပုန်ကလေးတို့ကိုပင် ဟန့်တားခြင်း မပြုနိုင် ဟူ၍ ဗြိတိသျှတို့ကို အထင် အမြင် သေးခဲ့ကြသည်။ ချင်းပျံသည် ဥရောပတိုက်၌ အင်္ဂလိပ် ပြင်သစ်တို့၏ ဝါတာလူး စစ်ပွဲ ဖြစ်သည့် နှစ်တွင် ကွယ်လွန်ခဲ့သည်။ ဝါတာလူး စစ်ပွဲ ပြီးသည့်နောက် ဗြိတိသျှတို့သည် ၎င်းတို့၏ ပိုင်နက်ဖြစ်သော အိန္ဒိယနိုင်ငံကို ထိပါးလာသော ရန်သူ ဟူသမျှကို တိုက်ခိုက်ရန် မိမိတို့၏ စစ်တပ် အလုံးအရင်းကို ပုံ၍ အသုံးပြုနိုင်ပြီ ဖြစ်လေသည်။ ဤသို့ ဗြိတိသျှတို့ အဆင်သင့် ရှိနေသော အခါ၌ ၎င်းတို့ တန်ခိုး အာဏာ ပြနိုင်ရန် အခွင့်ကောင်းကို မြန်မာတို့က ပေးလိုက်သကဲ့သို့ ဖြစ်လေသည်။


ဘိုးတော်ဘုရား၏ အိမ်ရှေ့စံ နန်းလျာ ဥပရာဇ်က ဘိုးတော်ဘုရား အကြံအစည် ဟူ၍ ကင်းနင်းထံ ထုတ်ဖော့် မက်ကြားသည်မှာ မှန်ရာကို ပြောလိုက်ခြင်း ဖြစ်ပေသည်။ ဘိုးတော်ဘုရားသည် အိန္ဒိယနိုင်ငံရှိ ဗြိတိသျှတို့၏ တန်ခိုးအာဏာကို အထင်အမြင် သေးခဲ့ပေလိမ့်မည်။ သို့သော် စဥ့်ကူးမင်း လက်အောက်တွင် သတိဝိရိယ ကြီးစွာဖြင့် နေထိုင်ခဲ့ရသော အလေ့ကြောင့် ဆင်ခြင်မှုများ ရှိနေသေးသည်။ ဘိုးတော်ဘုရားသည် ဗြိတိသျှတို့၏ တန်ခိုးအာဏာ ဖြန့်ကျက်ခြင်းကို ဟန့်တားနိုင်သော ရန်အမျိုးမျိုး ရှိကြောင်း သိခဲ့၍ အိန္ဒိယ မင်းသားများနှင့် ဆောင်ရွက်မှုများ ကိုက်ညီအောင် ကြိုးစားခဲ့သည်။ အိန္ဒိယနိုင်ငံသို့ သံအဖွဲ့ များစွာကို စေလွှတ်၍ အိန္ဒိယ မင်းသားများနှင့် အဆက်အသွယ် ရရန် အားထုတ်ခဲ့သည်။ ဗြိတိသျှတို့သည် ဘိုးတော်ဘုရား၏ အကြံအစည် အလုံးစုံကို ကောင်းစွာ သိမြင်သည်။ မြန်မာတို့နှင့် မာရာတာ မင်းသားများ အဆက်အသွယ် ပြုသည်ကို သိလျှင် သိခြင်း မြန်မာ သံအဖွဲ့ကို အိန္ဒိယနိုင်ငံတွင်း၌ ဆက်လက် ခရီးသွားခွင့် မပြုဘဲ မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်သည်။


အာသံအရေး။ အိန္ဒိယ မင်းသားများနှင့် အဆက်အသွယ် ပြုရန် ဘိုးတော်ဘုရား၏ အားထုတ်မှု အောင်မြင်ခြင်း မရှိသောကြောင့် ဗြိတိသျှတို့အား ဘိုးတော်ဘုရားက တိုက်ခိုက်ရန် အကြံအစည်များကို ရပ်စဲသွား စေသော်လည်း အာသံတွင် မြန်မာတို့ တန်ခိုးအာဏာ ဖြန့်ကျက် ပြန်သဖြင့် ဗြိတိသျှတို့နှင့် ပဋိအက္ခ ဖြစ်ပွားရပြန်ကာ စစ်ဖြစ်ရန်မှာ သေချာသလောက်ပင် ဖြစ်လာလေတော့သည်။


မြန်မာတို့ ရခိုင် ဒေသမှာကဲ့သို့ အာသံနယ် အရေးတွင်လည်း ဝင်ရောက် စွက်ဖက် ခဲ့သည်။ အာသံနယ်တွင် ပြည်တွင်း စစ်ပွဲများ နှစ်ရှည်လများ ဖြစ်ပွားခဲ့ရာ အင်အား ယိမ်းယိုင်လျက် ရှိ၍ စစ်ရေး ရှုံးနိမ့်သည့် ဘက်မှ ပြင်ပ အကူအညီကို ရှာဖွေမည်မှာ မလွဲပေ။ အာသံနယ်သည် အာသံ အရှေ့စွန်းတွင် နေထိုင်ကြသော မိုမာရီယတ်တို့ သူပုန် ထ့ကရာမှ စတင်၍ မငြိမ်မသက် ဖြစ်ခဲ့သည်။ ၎င်းတို့သည် ဟိန္ဒူဘာသာသို့ ရှေးဦးဆုံး ကူးပြောင်း ကိုးကွယ်သူများ ဖြစ်ကြသော်လည်း ကရစ်ရှနာ နတ်ကြီးကို ကိုးကွယ်ကြ၍ အာသံ ဘုရင်တို့ ကိုးကွယ်သော ရှေးအယူဝါဒကို နှစ်မြို့ခြင်း မရှိချေ။ မြန်မာနိုင်ငံ၌ အလောင်းဘုရား ထွက်ပေါ်လာသည့် အချိန်တွင် မိုမာရီယတ်တို့ အပေါ်၌ အာသံ ဘုရင်က ဘာသာရေးတွင် အဓမ္မ ပြုမူလေသည်။ အာသံဘုရင် လက်ရှာမီဆင်း လက်ထက်တွင် မိုမာရီယတ်တို့ သူပုန်ထကြသည်။ ၎င်းတို့ကို နောက်ဆုံး၌ နှိမ်နင်း နိုင်ခဲ့သော်လည်း ၎င်းတို့၏ မကြာခဏ ပြန်လည်၍ သူပုန် ထ့ကမှုကြောင့် အာသံနယ်၏ စည်းရုံးရေး လျော့ရဲ၍ အင်အား ယိမ်းယိုင်ခဲ့သည်။ ဤတွင် အပြိုင်အဆိုင် အုပ်စုများ ပေါ်ပေါက်လာကာ ပြည်တွင်းစစ်ပွဲ ဖြစ်လေတော့သည်။


၁၇၉၅ ခုနှစ်၌ ပေါ်ပေါက်လာသော အာသံနယ် အရှုပ်အထွေးတွင် မြန်မာတို့ ဝင်ရောက် စွက်ဖက်လေသည်။ မြန်မာတို့သည် အာသံသို့ စစ်တပ် စေလွှတ်ပြီးလျှင် မိမိတို့ လိုလားသူကို အာဏာ ပေးအပ်ခဲ့သည်။ ၁၈၁၇ နှစ်တွင် မြန်မာတပ်ကြီး အာသံမှ ဆုတ်ခွာသည်နှင့် တပြိုင်နက် မြန်မာတို့ တင်မြှောက်ထားသူကို တဖက်က သုတ်သင်သဖြင့် မြန်မာတပ်ကြီး ရောက်လာပြန်ကာ မိမိတို့ အလိုကျ ဘုရင်ကို ပြန်လည် နန်းတင်ခဲ့သည်။


စစ်ရေး ရှုံးနိမ့်သူများသည် ရခိုင်တိုင်းမှာ ကဲ့သို့ ဗြိတိသျှ ပိုင်နက် အတွင်းသို့ ပြေးဝင် ကြသည်။ ၎င်းတို့က လက်နက်များ ဝယ်ယူ၍ လူသူ စုဆောင်းပြီးလျှင် အာသံကို သိမ်းပိုက် ထားသော မြန်မာတို့အား စစ်ဆင်ခြင်းကို ဗြိတိသျှတို့က ဟန့်တားခြင်း မပြုခဲ့ချေ။ မြန်မာတို့သည် ရခိုင်တိုင်းမှာကဲ့သို့ပင် ဗြိတိသျှတို့ ဘက်သို့ ပြေးဝင် ခိုလှုံကြသော အာသံ သူပုန်များကို ပေးအပ်ရန် တောင်းဆိုသည်။ ဗြိတိသျှတို့က ငြင်းပယ်သော အခါ မြန်မာတို့သည် မြန်မာ နယ်နိမိတ်ကို ကျော်၍ အာသံ သူပုန်များ နောက်သို့ လိုက်လံ ဖမ်းဆီးခြင်း ပြုသည်။ ထိုအခါ မြန်မာတို့ တင်မြှောက်ထားသူ ချန္ဒရကန္တ ကိုယ်တိုင်ကပင် မြန်မာတို့ကို အားထားရခြင်းမှာ အန္တရာယ် များလှသည်ဟူ၍ ဗြိတိသျှပိုင်နက် အတွင်းသို့ ပြေးဝင်ခိုလှုံကာ မြန်မာတို့ကို တိုက်ခိုက်ရန် ပြင်ဆင်လေသည်။ ထိုအချိန် အခါ၌ မြန်မာတို့တွင် အင်အား ကြီးမားလှသော တပ်ကြီး ရှိပြီဖြစ်ကာ ထိုတပ်ကို မြန်မာတို့ အားထားရဆုံးသော စစ်သူကြီး မင်းကြီး မဟာဗန္ဓုလ ကွပ်ကဲလေသည်။ ချန္ဒရကန္တကို မြန်မာတပ်ကြီးက အာသံမှ တိုက်ခိုက် နှင်ထုတ်နိုင်ခဲ့၍ ချန္ဒရကန္တကို လက်နက် ချရန် အရေးဆိုသော်လည်း လိုက်လျောခြင်း မပြုသောကြောင့် မဟာဗန္ဓုလသည် လူအချို့ စေလွှတ်၍ ချန္ဒရကန္တကို ခိုးယူ ဖမ်းဆီးခြင်း ပြုခဲ့သည်။


မဏိပူရ အရေး။ မြန်မာတို့ သိမ်းပိုက်သည်မှာ အာသံနယ် တနယ်သာ မဟုတ်ချေ။ မဏိပူရသည်လည်း အတန်ကြာကပင် မြန်မာတို့ ကျက်စားရာမြေ ဖြစ်ခဲ့လေသည်။ ၁၈၁၃ ခုနှစ်တွင် မြန်မာတို့သည် မာဂျစ်ဆင်ကို မဏိပူရ ထီးနန်းတွင် တင်မြှောက်ခဲ့ရာ အပြန်အလှန် အားဖြင့် မာဂျစ်ဆင်က ကဘောနယ်ကို မြန်မာတို့အား ပေးအပ်ခဲ့သည်။ အာသံအရေးနှင့် မဏိပူရ အရေးသည် ယခုအခါ၌ တချိန်တည်းပင် အရေးတကြီး ဖြစ်၍ လာလေသည်။


ဘိုးတော်ဦးဝိုင်းသည် နိုင်ငံတော်ကိုသာယာအောင် အုပ်စိုးတော်မူသည့်အပြင် မင်းကျင့်တရားနှင့်လည်း ပြည့်စုံတော်မူသည့်မင်းဟု ဆိုရပေမည်။ ဘိုးတော်ဦးဝိုင်းလက်ထက်တွင် ဆင်ဖြူတော် ၉ စီးရရှိကာ ကုန်းဘောင်မင်းများလက်ထက်တွင် ဆင်ဖြူအများဆုံးမင်းဖြစ်ပေသည်။ ထိုဆင်ဖြူကိုးစီးထဲတွင် နိဗ္ဗာန်ရွာမှ ရသောဆင်ဖြူတော် သည် အထင်ရှားဆုံးဖြစ်သည်။

သာဿနာရေးဆိုင်တွင် အငြင်းပွားဖွယ်ကိစ္စရပ်များ(အတင်နှင့် အရုံ)ကို ဖြေရှင်းစေပြီး မဟာယနဆန်သည့် ပွဲကျောင်းဝါဒကို နှိမ်နှင်းရန် ကြိုးပမ်းဆောင်ရွက်သော်လည်း ထိရောက်သော အောင်မြင်မှုတို့ ရရှိသည်မတွေ့ရပေ။ ထို့ပြင် အိန္ဒိယ(ဗာရာဏာသီ)သို့ သံတမန်များ စေလွတ်ပြီး ဗေဒင်နှင့် ဗြဟ္မာဏဆိုင်ရာကျမ်းများကို ယူဆောင်လာစေကာ မြန်မာဘာသာသို့ပြန်ဆိုရန် အားပေးခဲ့သည်။ ရှေး အယူအဆများနှင့် ဆန့်ကျင်ပြီး တိုးတက်သည့် အတွေးအခေါ်အယူအဆများကို သွပ်သွင်းလိုသော်လည်း အယူအစွဲကြီးသည့် ပြည်သူနှင့် လက်အောက်ခံများကြောင့် အရာမထင်ပေ(ပြက္ခဒိန်ပြောင်းခြင်းနှင့် သင်္ကြန်ရွှေ့ခြင်း)။ ထင်ရှားသည့် ပျော်တော်ဆက် သက်တော်ရှည် အမတ်ကြီးမှာ ဦးပေါ်ဦး ပြီး အခြားထင်ရှားသည့် ပုဂ္ဂိုလ်မှာ အယူတော်မင်္ဂလာဦးနိုးဖြစ်ပါသည်။ အိမ်ရှေ့မင်းသားဦးပေါ်(ရွှေတောင်မင်း)မှာ ဘိုးတော်ဘုရား အသက်ရှိစဉ်ပင် နာမကျန်းဖြစ်ကာ ကွယ်လွန်သည့်အတွက် မြေးတော်နှစ်ပါးဖြစ်သည့် စစ်ကိုင်းမင်းသားနှင့် သရက်မင်းသားတို့ အပြိုင်နန်းလျာဖြစ်လာပြီး နောက်ဆုံးတွင် စစ်ကိုင်းမင်းသား အိမ်ရှေ့အရာရကာ ဘိုးတော်ဘုရားလွန်လျှင် နန်းစံသည်။ မြန်မာ့သမိုင်းတွင် ဘကြီးတော် မင်းအဖြစ်လည်း လူသိများသည်။

ထင်ရှားသူများ

  • အိမ်ရှေ့မင်းသားဦးပေါ်
  • ဦးပေါ်ဦး
  • အယူတော်မင်္ဂလာဦးနိုး
Comments