ဦးဘဂျမ်း


ဦးဘဂျမ်း၏ပုံတူ - ရေးဆွဲသူ ဦးဖေသိန်း

ကာတွန်းဝိဇ္ဇာဦးဘဂျမ်းသည် အဖ ပိုးကုန်သည် ဦးဖောင် နဲ့ အမိ ဒေါ်မြစ်တို့မှ မအူပင်ခရိုင် ညောင်တုန်းမြို့၊ ၁၉ဝ၂ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့(၁၂၆၃-ခုနှစ် တပို့တွဲလဆန်း ၁၃ ရက်) ကြာသာပတေးနေ့ (၁၉၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်) ၌ ဖွားမြင်သည်။ မွေးချင်းခြောက်ယောက်ရှိသည့်အနက် ဦးဘဂျမ်းမှာ ပဉ္စမမြောက်ဖြစ်သည်။ ငယ်စဉ်ကတည်းက ပုံဆွဲဝါသနာ ပါခဲ့သူဖြစ်ပါသည်။

ညောင်တုန်းမြို့ အင်္ဂလိပ်-မြန်မာ ၂ ဘာသာသင်ကျောင်း၊ ရန်ကုန် ကူရှင်ကျောင်းတို့မှာ တက်ရောက်ခဲ့ပြီး ၁ဝ တန်းအောင်တဲ့အခါ ရန်ကုန်တက္ကသိုလ်ကို တက်ရောက် ပညာသင်ယူခဲ့ပါတယ်။ ပုံဆွဲဘာသာကို အပိုဘာသာအဖြစ် ယူပြီး ဆယ်တန်းအောင်ခဲ့တဲ့ ဦးဘဂျမ်းဟာ တက္ကသိုလ် ရောက်တဲ့အခါ ပန်းချီရုပ်ပုံတွေကို ပိုမိုရေးဆွဲခဲ့ရာက ကာတွန်းတွေပါရေးဆွဲပြီး တက္ကသိုလ်မဂ္ဂဇင်းတွေမှာ ထည့်သွင်းခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်တွင် ဥပစာတန်းအထိ ပညာသင်ကြား၍ ၁၉၂၉ ခုနှစ်တွင် ဘွိုင်လာအင်စပိတ်တော်ချူပ်ရုံး၌ လစာငွေ ၉၀ိ စား စာရေးအဖြစ် အမူထမ်းသည်။ လုပ်သက်တနှစ် ကျော်ရှိမှ ချူပ်ချယ်မူကို မနှစ်သက်၍ အလုပ်မှထွက်ကာ ငယ်စဉ်ကပင် ၀ါသနာထုံသော ရုပ်ပြောင်ကာတွန်းကို ရေးဆွဲသည်။

စာနယ်ဇင်းတွေမှာ ပထမဆုံး ဖော်ပြခံရတဲ့ ဦးဘဂျမ်းရဲ့ ကာတွန်းလက်ရာက ကောလိပ်ကျောင်း ထမင်းစားခန်းထဲက ထမင်းစားပွဲမှာ ကောလိပ်ကျောင်းသားတစ်ယောက် ဘလေဇာကွတ်အင်္ကျီ ချွတ်နေတာကို ဘေးမှာရှိတဲ့ကျောင်းသားက ဘာလုပ်မလို့လဲလို့မေးတော့ “ဟင်းခွက်ထဲက ကြက်သားတုံးကို ဒိုင်ဗင်ထိုး ဆယ်မလို့” လို့ ပြန်ပြောတဲ့ ကာတွန်းဖြစ်ပြီး ၁၉၂၆ ခုနှစ်ထုတ် တက္ကသိုလ်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဦးဘဂျမ်းဟာ တက္ကသိုလ်မှာ ဘီအေအောင်တဲ့အထိမနေဘဲ အိုင်အေ အထက်တန်းအထိပဲ တက်ရောက်ပြီး ကျောင်းကထွက်လိုက်ပါတယ်။ အဲဒီနောက် အတွင်းဝန်ရုံးမှာ စာရေးဝင်လုပ်ရင်း တဖက်က ပန်းချီအရေးကျင့်ပါတယ်။ နောက်ပိုင်းမှာ ကဝိမျက်မှန်မဂ္ဂဇင်း၊ ရယ်ရွှင်ဘွယ်အလင်းမဂ္ဂဇင်း၊ ရယ်ရွှင်ဘွယ်ဂျာနယ်၊ ဒဂုန်မဂ္ဂဇင်း၊ ဒီးဒုတ်ဂျာနယ် အစရှိတဲ့ ဂျာနယ် မဂ္ဂဇင်းတွေနဲ့ သူရိယ ဗမာ့ခေတ် အစရှိတဲ့သတင်းစာတွေမှာ ကာတွန်းတွေ ရေးဆွဲခဲ့ပါတယ်။

၁၉၃၄ ခုနှစ်မှာတော့ သီချင်းသရုပ်ဖော် ကာတွန်းရုပ်ရှင် ရိုက်ဖူးခဲ့တဲ့ ကာတွန်းဦးဟိန်စွန်းကို ပဲရော့ရုပ်ရှင် ကုမ္ပဏီက ကာတွန်းရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးဟိန်စွန်းက သတင်းစာတွေမှာ ကာတွန်းဆွဲနေသူ ဖြစ်ပြီး ဦးဘဂျမ်းရဲ့နာမည်ကို လူသိပ်မသိသေးတဲ့ အနေအထား ဖြစ်နေပါတယ်။ ဒါကြောင့် ဦးဟိန်စွန်းက ဦးဘဂျမ်းနဲ့ ရိုက်ဖို့အကြံပေးတဲ့အခါ ဦးဆန်နီက ၂ ယောက်တွဲပြီး ရေးဆွဲဖို့ အကြံပြုပါတယ်။ မြန်မာ့ပထမဆုံး ကာတွန်းရုပ်ရှင်ဟာ အဲဒီက စတင်ခဲ့တာ ဖြစ်ပါတယ်။ ဦးဘဂျမ်း ရေးဆွဲခဲ့တဲ့ ကာတွန်းရုပ်ရှင် ၂ ကားရှိပြီး ပထမဆုံးရုပ်ရှင်က ပေ ၈ဝဝ ကျော်ရှည်တဲ့ ‘ကြက်တောင်ကွ’ ဖြစ်ပါတယ်။ ဒုတိယရုပ်ရှင်ကတော့ ‘အသူရာ’ဇာတ်ကား ဖြစ်ပြီး ပေ ၁ဝဝဝ ကျော်ရှည်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ ကျော်ကတည်းက ပေါ်ထွက်ခဲ့တဲ့ ကာတွန်းရုပ်ရှင် ဆက်လက်ရှင်သန် ဖွံ့ဖြိုးမှုမရှိတာ၊ မြန်မာ့ရုပ်ရှင်ခေတ်ဦးက ကာတွန်းရုပ်ရှင်တွေကို ပြန်လည် ကြည့်ရှုခွင့် မရကြတာကတော့ တိုင်းပြည်ရဲ့ကံကြမ္မာလို့ပဲ ဆိုရမယ်ထင်ပါတယ်။

ရန်ကုန်ဂေဇက်သတင်းစာက သူ့ကာတွန်းများကို စတင်ဖော်ပြသည်။ အယ်ဒီတာ မစ္စတာမောင်မှိုင်းက ငွေ ၆၀ိ ထုတ်ပေးလိုက်၍ ကာတွန်း ဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုရန် စိတ်ဓါတ်ခိုင်မြဲသွားသည်။ သတင်းစာဆရာများက သူ့ကာတွန်းများကို အလုအယက်သုံး၍ ကာတွန်းဆရာအဖြစ် အောင်မြင်လာသည်။ ပန်းချီဆရာအသင်း အတွင်းရေးမှူးအဖြစ် လေးနှစ်ဆောင်ရွက်သည်။

ထိုမှတဆင့်တက်၍ ပဲရော့ရုပ်ရှင်မှ ပေ ၈၀၀ ရှည်”ကြက်တောင်ကွ”နှင့် ပေ ၁၀၀၀ ခန့်ရှိ ”အသူရာ” ကာတွန်းရုပ်ရှင်ကားများကို တီထွင် ရိုက်ကူးသည်။ ထိုအချိန်ကကာတွန်း ရုပ်ရှင်ရေးဆွဲနည်း မရှိသေး၍ မှန်ရှေ့တွင် ခါးတောင်းကျိုက်လမ်းလျှောက်ကာ အရုပ်လှုပ် ရှားပုံကို ခက်ခက်ခဲခဲ မှတ်ခဲ့ရသည်ဟု ဆိုသည်။ ဤနည်းဖြင့် ပုံပေါင်းနှစ်ထောင် ရေးဆွဲပြီး ကာတွန်းရုပ်ရှင်ကို နှစ်လခွဲအတွင်း ရိုက်ကူးနိုင်ခဲ့သည်။

ဆရာဦးဘဂျမ်းသည် ကာတွန်းရေးဆွဲရာတွင်သာမက စာအရေးအသားလည်းကောင်းသူ ဖြစ်သည်။ အထူးသဖြင့် ဟာသ၀တ္ထု ရေးသားရာတွင် ပြောင်မြောက်သည်။ သူကိုယ် တိုင်ကြီးမှူးထုတ်ဝေသော ”ရွှေမြို့တော်မဂ္ဂဇင်း”၌ သုသုအမည်ဖြင့် ”ညီမလေးကြောင့်” ၀တ္ထုကို ရေးသည်။ ရှုမ၀ နှစ်တရာပြည့်တွင် ဖော်ပြသော ”အချစ်ကြောင့်” ၀တ္ထုရှည်မှာ ဟာသဥာဏ်ရွှင်၍ ဆွဲဆောင်မူအပြည့်ရှိသော ၀တ္ထုဖြစ်သည်။

၁၉၅၀ ခုနှစ်လောက်က လက်ဖျားငွေသီးနေသော ဦးဘဂျမ်းအား ဖဆပလအစိုးရက အမြတ်တော်ကြေး ကောက်ရန် ဆင့်ဆို၍ ဦးဘဂျမ်းသည် ကာတွန်းမဆွဲဘဲ သုံးလခန့် သပိတ် မှောက်ဘူးသည်။ သူ့ကာတွန်းများကို မကြည့်ရမနေနိုင်သော လူထုက တောင်း ဆိုကြ၍ ကာတွန်းပြန်ဆွဲခဲ့သည်။

ဦးဘဂျမ်း၏ ကာတွန်းများသည် လူထုအပေါ် သြဇာကြီးမားသောကြောင့် ဖဆပလ အာဏာပိုင်ကြီးတဦးက ဦးဘဂျမ်းအား ညွှန်ကြားရေးဝန် တနေရာယူ၍ နိုင်ငံ့ဝန်ထမ်းဆောင်ဖို့ စည်းရုံးသည်။ ဦးဘဂျမ်းက သူ့အတွက်ရော တိုင်းပြည်အတွက်ပါ အကျိုးရှိမည်မဟုတ်ဟု ငြင်းဆိုခဲ့သည်။

ဆရာဦးဘဂျမ်းသည် တယောထိုးခြင်းနှင့် ကျားကစားခြင်းကို ၀ါသနာထုံသည်။ လူများရာ ပွဲလမ်းသဘင် ဧည့်ခံပွဲများသို့ သွားလေ့မရှိ၊ ထင်ရှားမူကို လိုလားသူလည်း မဟုတ်ချေ။

ဆရာဦးဘဂျမ်းသည် ၁၉၃၄-ခုနှစ်တွင် ပဲခူးမြို့သူ ဒေါ်ကြည်နှင့် အကြောင်းပါသည်။ ၁၉၄၈ ခုနှစ်တွင် သားကို ဗိုက်ခွဲမွေးရသော ဒဏ်ဖြင့် ဒေါ်ကြည်ကွယ်လွန်ရာ အလွန် စိတ်ထိခိုက်သွားရှာသည်။

ထို့ကြောင့် ဦးဘဂျမ်းဇာတ်လိုက်ကျော် ”ဦးဖျောက်ဆိပ်” သည် ရသေ့ဝတ်ပြောင်းကာ ”ရသေ့ကြီးဦးဖျောက်ဆိပ်” ဖြစ်လာရသည်။

ဦးဘဂျမ်းသည် စာနယ်ဇင်းများတွင် မိမိအာဘော်ဖြင့် ရေးသည့်ပုံပြင်များကို”ဘဂျမ်း” ဟူ၍ လက်မှတ်အပြည့်အစုံရေးထိုးပြီး မိမိအာဘော်မဟုတ်ဘဲ အခြားသူများ၏အာဘော်ကို သရုပ်ဖော်ပေးရသောအခါ ”ဘီဂျီ” ဟူ၍ အတိုကောက် လက်မှတ်ထိုးလေသည်။

နိုင်ငံခြား၌ ပညာဆည်းပူးရန် အစိုးရက စေလွှတ်မည်ဆိုသော်လည်း လိုလိုချင်ချင်မရှိ၊ ငြင်းဆန်ခဲ့လေသည်။

ဦးဘဂျမ်း၏ ကိုယ်ပိုင်ဇတ်ကောင်များမှာ ဗမာ့ခေတ်သတင်းစာတွင်ဦးဖျောက်ဆိပ်၊ ဟံသာဝတီသတင်းစာတွင် ”ချာရာဏသီ မောင်မြေဇာ”တို့ဖြစ်သည်။

ဦးဘဂျမ်းသည် ပုဂ္ဂိုလ်ရေးအရ သရော်ပြီး ရေးသားခြင်း မပြုခဲ့ပေ။ ခေတ်၊ စရိုက်၊ သဘာဝ ကို အဓိကထားကာ သရော်ခဲ့သည်။ နေ့စဉ်ထုတ်သတင်းစာများကို ဖတ်ကာ တိုင်းပြည်အတွက် ဖြစ်ပျက်နေသော အရေးအကြောင်းများကို လေ့လာအကဲဖြတ်ပြီးမှ ပုံရေးလေ့ ရှိသည်။

ဆရာဦးဘဂျမ်းသည် အစာမကြေရောဂါ၊ အနာ့ပဆုပ်ရောဂါတို့၏ဒဏ်ကြောင့် ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ကွယ်လွန်သည်။ ဦးဘဂျမ်းမရှိတော့မှ ဖဆပလအစိုးရက ၁၉၅၅ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ကို ချီးမြင့်သည်။ ကျန်ရစ်သူ တစ်ဦးတည်းသောသားလေး မောင်ကျော်ညွန့်အား ထိုဆုကို ရန်ကုန်မြို့ဂျူဗလီဟော၌ ပေးအပ်ခဲ့ သည်။ ထိုဂုဏ်ပြုပွဲတွင် ပန်းပုဦးဟန်တင်ထုထားသော ဦးဘဂျမ်း၏ကိုယ်တပိုင်း ပန်းပုရုပ်ပုံကို ပန်းချီဦးငွေကိုင်က ဖွင့်လှစ်ပေးခဲ့လေသည်။  ဦးဘဂျမ်းရဲ့ကာတွန်းတွေမှာ အကြောင်းအရာအလိုက် ဇာတ်ကောင်တွေ ဖန်တီးထားပြီး ကိုပြူး၊ မပြုံး၊ ကြွက်ဖြူလေး၊ ဘခွေး စတဲ့ ဇာတ်ကောင်တွေနဲ့ ကလေးတွေကို အများအကျိုးဆောင်ဖို့၊ အားနည်းသူကို ကူညီဖို့၊ အချင်းချင်း ချစ်ခင်ဖို့၊ စိတ်ကောင်းစိတ်မြတ်တွေ မွေးမြူဖို့ လှုံ့ဆော်အားပေးခဲ့သလို ဦးဖျောက်ဆိပ်၊ မောင်မြေဇာ၊ အဘ၊ ဂွက်ထော် စတဲ့ ဇာတ်ကောင်တွေနဲ့လည်း နိုင်ငံရေးပညာ၊ စာပေပညာ၊ လူမှုရေးပညာတို့ကို လမ်းပြပေးခဲ့ပါတယ်။ နိုင်ငံရေးသမားတွေ၊ အုပ်ချုပ်သူတွေ၊ လူထုအပေါ် အမြတ်ထုတ်နေသူတွေကို ကာတွန်းတွေနဲ့ ဗြောင်ကျကျ ဝေဖန်ခဲ့ပါတယ်။ ဦးဘဂျမ်းဟာ ကာတွန်းအပြင် သုည၊ ကာတွန်းဦးဘဂျမ်း ကလောင်အမည်တွေနဲ့ ဝတ္ထုများလည်း ရေးသားခဲ့ပါတယ်။ ဦးဘဂျမ်းဟာ မြန်မာပြည်မှာ ကာတွန်းအများဆုံး ရေးဆွဲသူ ဖြစ်တယ်လို့ မိုးကြိုးဦးအုန်းခင်က ပြောဖူးပါတယ်။ ဦးဘကလေး (ရွှေတလေး) တောင် ဦးဘဂျမ်းလောက် မဆွဲခဲ့ဘူးလို့ ဆိုပါတယ်။

အနုပညာရှင်တစ်ယောက်အနေနဲ့ ဦးဘဂျမ်းရဲ့ အထူးခြားဆုံး ဂုဏ်အင်္ဂါက ငွေမမက်ခြင်းဖြစ်တယ်လို့ ဆရာ မင်းယုဝေက ရေးသားထားပါတယ်။ ဦးဘဂျမ်းဟာ ငွေရဖို့ ကာတွန်းဆွဲတာမဟုတ်ဘဲ တိုင်းပြည်အတွက် ကာတွန်းဆွဲနေတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ရေးဆွဲခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ လွတ်လပ်ရေးရပြီးစမှာ အစိုးရပိုင်း အာဏာရပုဂ္ဂိုလ်ကြီးတစ်ဦးက ဦးဘဂျမ်းကို ရာထူးကြီးကြီးတစ်ခု ပေးဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါကို ဦးဘဂျမ်းက အစိုးရအလုပ် လုပ်ရင် အစိုးရရဲ့ ဟာကွက်ကို ကာတွန်းနဲ့ သတိမပေးနိုင် ဖြစ်လိမ့်မယ်၊ သူ့အနေနဲ့ ပြည်သူလူထုဘက်က အမြဲရပ်တည်ရမယ်ဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။ ဂျပန်ခေတ်အတွင်း ပြန်ကြားရေးဌာနမှာ ဝင်ရောက်လုပ်ကိုင်တုန်း သံဖြူဇရပ်မှာ ဆောက်လုပ်နေတဲ့ ထိုင်း-မြန်မာ မီးရထားလမ်းအတွက် ချွေးတပ်ထဲဝင်ရင် လခ၊ ရိက္ခာ၊ ဆေးဝါး၊ အဝတ် ကောင်းကောင်းရမယ်လို့ လှုံ့ဆော်တဲ့ လက်ကမ်းကြော်ငြာ ဆွဲပေးခဲ့ပေမယ့် တနေ့မှာ ဘူတာဘက်ရောက်တုန်း ဒုက္ခရောက်နေတဲ့ ချွေးတပ်သားတွေကို တွေ့ရလို့ စိတ်ထိခိုက်ပြီး ပြန်ကြားရေးဌာနမှာ ဆက်မလုပ်တော့ဘဲ ညောင်တုန်းကို ပြန်ခဲ့တဲ့အကြောင်း ကာတွန်းဆရာကြီး ဦးဟိန်စွန်းက ပြောပြပါတယ်။

ရန်ကုန် လမ်းမတော် ၁၃ လမ်း အောက်ဘလောက်ကို ဦးဘဂျမ်းလမ်းလို့ အမည်ပေးထားပြီး တန်ဆောင်တိုင် မီးထွန်းပွဲတော်မှာ ကာတွန်းလက်ရာတွေပါဝင်တဲ့ ကာတွန်းမီးထွန်းပွဲတွေကို နှစ်စဉ်ပြုလုပ်လေ့ ရှိပါတယ်။ ဒီကာတွန်းမီးထွန်းပွဲနဲ့ ပတ်သက်ပြီး ဦးဟိန်စွန်းက ၁၃ လမ်းမှာ မူလ ကတည်းက ရိုးရိုး မီးထွန်းပွဲ ရှိခဲ့ကြောင်း၊ ၁၉၃၄ ခုနှစ် နိုဝင်ဘာလ ‘ကြက်တောင်ကွ’ ကာတွန်းရုပ်ရှင်ကား စပြတဲ့နှစ်မှာ သတင်းစာတိုက်တွေက ပယ်လိုက်တဲ့ သူနဲ့ ဦးဘဂျမ်းတို့ရဲ့ ကာတွန်းတွေနဲ့ စတင်ပြုလုပ်ခဲ့ကြောင်း၊ သူတို့ ၂ ယောက်တည်းရဲ့လက်ရာ မီးပုံးတွေ ထွန်းခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီနှစ်က စပြီး နောက်ပိုင်းနှစ်တွေမှာပါ ဆက်တိုက်ပြုလုပ်ခဲ့ရာက ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ အနာပဆုပ်ရောဂါ၊ အစာမကြေရောဂါ တို့ကြောင့် ဦးဘဂျမ်း ကွယ်လွန်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ လမ်းကလေးမှာ အာဏာပိုင်တွေ တားမြစ်ပိတ်ပင်တဲ့ နှစ်တွေကလွဲလို့ နှစ်စဉ် ကာတွန်းမီးထွန်းပွဲ ဆက်လက်ပြုလုပ်ခဲ့ကြပြီး ဦးဘဂျမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဦးဘဂျမ်းလမ်းလို့ ကာတွန်းပညာရှင်၊ စာပေအနုပညာရှင်တွေက အမည်ပေးထားပါတယ်။

ဦးဘဂျမ်းဟာ မြန်မာပြည်နဲ့ ပြည်သူလူထုအတွက် သူ့ရဲ့ပညာနဲ့ ကျေးဇူးပြုခဲ့သူ ဖြစ်တာကြောင့် ဒီလို ကာတွန်းမီးထွန်းတဲ့ အစဉ်အလာဖြစ်ခဲ့တဲ့ လမ်းကလေးကို ‘ဦးဘဂျမ်းလမ်း’ လို့ အများသူငါ ခေါ်တွင်ကြစေဖို့ တရားဝင် အမည်ပေးသတ်မှတ်နိုင်မယ်ဆိုရင် ကောင်းလေစွ လို့ မျှော်လင့်မိပါတယ်။ 

 ဘ၀နိဂုံး

၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အနာပဆုပ်ရောဂါ၊ အစာမကြေရောဂါ တို့ကြောင့် ဦးဘဂျမ်း ကွယ်လွန်ခဲ့သည်။

မသေသော ဦးဘဂျမ်း

သူ၏ ပြောင်မြောက်သော အနုပညာ ဂုဏ်ကို တသက်သက် အောက်မေ့ နေကြရ ပေတော့မည်။

ကြီးပွားရေးမဂ္ဂဇင်းနှင့် လူထုဂျာနယ်ပါ ကိုပြူး မပြုံးတို့၏ မွေးသဖခင်၊ ကြွက်ဖြူကလေး၏ ဘကြီး၊ ဂွတ်ထော်၏ ဦးလေး၊ ဦးဖျောက်ဆိပ်၊ နယ်လီဖျောက်ဆိပ်နှင့် မောင်မြေဇာ တို့ကို အသက်သွင်းခဲ့သူ အသက် (၄၈) နှစ် အရွယ်ရှိ ကာတွန်းဝိဇ္ဖာ ဦးဘဂျမ်းသည် (၁၃၁၄) ခုနှစ် တပေါင်းလဆန်း (၆) ရက် (၁၈ ၊ ၂ ၊ ၅၂) နေ့က ရန်ကုန် အနောက်ပိုင်း (၁၃) လမ်း အိမ်နံပတ် (၃၇) ၌ ကွယ်လွန် အနိစ္စ ရောက်ရှာပြီ ဖြစ်၍ (၂ဝ) ရက်နေ့တွင် ရန်ကုန်မြို့ တာမွေသုသာန်၌ ဖုတ်ကြည်း သင်္ဂြီုဟ်ပါသည်။

ဤသို့ဖြင့် မြန်မာ့ အနုပညာသည် ကာတွန်း ရုပ်ပြောင် ဆရာကြီး တစ်ဦးသည် ဘဝဇာတ်ကို သိမ်းသွား ရှာလေပြီ။ ဦးဘဂျမ်း သည်သာ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် မဟုတ်လေဘဲ ပညာကို တန်ခိုးကြီးကြီး ပေး၍ ပြည်သူ့ ကျန်းမာရေးကို အစိုးရက တကယ် တာဝန် ယူသော တိုင်းပြည် တပြည်ပြည်တွင် မွေးဖွားခဲ့သော် ဦးဘဂျမ်း ကဲ့သို့သော ပညာရှင် တဦး ဤမျှ အသက် တိုကောင်းမျှ တိုပေမည်။ အသက် ရှည်ခွင့် ရှည်ထိုက်သော အကြောင်းများ မဆုံးပါး သေးလျှင် ပြည်သူ့ အစိုးရက နည်းကုန် လမ်းကုန် အစွမ်းကုန် ကြိုးစား၍ ကုသ ပေးနေ လိမ့်မည်ပင် ထင်မိသည်။ ယခု ကဲ့သို့ ကိုယ့် ကျန်းမာရေးကို ကိုယ်လွတ်စွာ စောင့်ရှောက်ခွင့် ပြုမည် မထင်။ ဤကဲ့သို့ မကွယ်လွန်မီ မကျန်းမာစ အနေက အေးချမ်း ငြိမ်သက်စွာ အနားယူ ထိုက်သေးသည်။ သင့်လျော်သော နေ၊ ရေ၊ လေနှင့် တကွ ဆေးဝါး၊ အစာ အပြည့် အစုံနှင့် နားနေ ရဦးမည် ဆိုလျှင်လည်း အလုပ်သမား တို့၏ အနားယူ စခန်း ကြီးများတွင် ယူစေ ဦးမည်ပင် ဖြစ်လေသည်။ သို့သော် ယခုကား ပြည်သူ တို့၏ စိတ်နှလုံးကို ရွှင်ပြုံး စေ၍ ချမ်းမြေ့ မှုကို ပေးရှာသော အနုပညာ သည်ကြီး တယောက်မှာ "ဘုရား ရဟန္တာတို့ သော်မှ မလွန် ဆန်နိုင်သည့် (၉၆) ပါးသော ရောဂါ ဝေဒနာ တို့ဖြင့် ဘဝ တပါးသို့ ပြောင်းသွား ကွယ်လွန် ရှာခဲ့လေပြီ" တကား။

ဝဲ မှ ယာ - ဦးဘမော် (အကို)၊ ဦးဘသော် (အကိုကြီး) နဲ့ ကာတွန်း ဦးဘဂျမ်း၊ ပုံ - ဂျူနီယာဝင်း ဘလော့ စာမျက်နှာမှ

ဦးဘဂျမ်းသည် သူ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိအရ ကာတွန်းပညာကို သန္ဓေပါ၊ အထုံရှိသူ ပါရမီရှင်ပင် ဖြစ်လေသည်။ သို့ရာတွင် ထိုကိုယ်ရေး အတ္ထုပ္ပတ္တိကို ဖတ်ရသည်မှာပင် ကြေကွဲစရာ ကောင်းလှပေသည်။ စီးကရက် တပြား (၂) လိပ် တန်သည့် ခေတ်က မြေဖြူ (၄) ချောင်းကို တပြားပေး၍ အိမ်နီးချင်းတို့၏ အိမ်ထရံကိုသော်မှ ချမ်းသာ မပေးဘဲ ပုံရေး ကျင့်ခဲ့သည်ဟု ဆိုရှာ လေသည်။

ထို့နောက် ကြီးပြင်းလာသော အခါ၌လည်း အတွင်းဝန် ရုံးစာရေး အလုပ်ကို စွန့်ပယ်၍ ငတ်ပြတ်သည် ကိုလိုနီနိုင်ငံမှ ပညာရှင် ဘဝကို လှလှကြီး ခံယူခဲ့သည်ဟု သူက ဆိုပါသည်။

ဦးဘဂျမ်း၏ ကာတွန်းလက်ရာ

ဦးဘဂျမ်းသည် ကိုလိုနီ ပညာရေးမှ ပေါက်ဖွားခဲ့သည့် မြင်းကျိုးမ၏ သား အဿတိုရ် ဖြစ်လေသည်။ ထို့ကြောင့်ပင် အရင်းရှင် စနစ်၊ နယ်ချဲ့ စနစ်အောက်ရှိ ပြည်သူတို့၏ ဘဝ သံသရာတွင် ကိုးရိုးကားရား၊ ကမောက်ကမများ ဖြစ်ချင်တိုင်း ဖြစ်ပျက် နေကြသည်များကို ဆိတ်ငြိမ်သော ထောင့်တထောင့်မှ နေ၍ လှလှကြီး ဝအောင် သရော်၍ သွားနိုင်သူ ပြည်သူ့ သားကောင်း တယောက် ဖြစ်ပေသည်။ ဤတွင် ဦးဘဂျမ်းသည် သူနှင့်အတူ ပြည်သူတို့ ကျင်လည်ရသည့် ဘဝ သံသရာသည် ထိုစနစ်ဆိုးကြောင့် ဤမျှ ကမောက်ကမ နိုင်ရသည် ဟူ၍ကား မသိရှာ။ သူသင်ခဲ့ရသည့် ကျောင်းကလည်း ထိုအချက်ကို လုံးလုံးကြီး ဖုံးကွယ် ထားသော ကျောင်း ဖြစ်ပေသည်။ ထို့ကြောင့် တခါတရံ ဦးဘဂျမ်းသည် ပြည်သူတို့၏ ကမောက်ကမ လောက၏ တရားခံနှင့် ထိုလောကမှ ရုန်းကန်ရေး လမ်းစဉ်များကို မျက်ချည် ပြတ်၍ သွားရှာသည်။ ထိုအချိန်တွင် လူငယ် အချို့က "ဆရာဟာ ကျွန်တော်တို့ကို သိပ်အုပ်ရာ ကျနေပါတယ် ဆရာ" ဟု သူ့အား ချစ်မေတ္တာနဲ့ပင် ဝေဖန် ခဲ့ကြဖူးသည်။ ထိုအခါ ဦးဘဂျမ်းက ရိုးသားပွင့်လင်း ရင်းနှီး ချစ်ခင်စွာပင် "ငါကတော့ ငါမြင်သလောက် ရေးတာပဲကွ၊ နို့ပေမဲ့ မင်းတို့ မြင်သလို ငါမြင်အောင်လည်း ပြောကြဦး" ဟု ပြန်ပြောသည်ကို ကြားဖူး ပေသည်။

မည်သို့ပင် ဆိုစေ ဦးဘဂျမ်းကို ကျွန်ုပ်တို့က မျိုးချစ် ပုဂ္ဂိုလ် တဦး၊ တာဝန် ကျေပွန်သော ပြည်သူ့ သားကောင်း တယောက်၊ တည်ကြည် ရိုးသား၍ အညှဉ်းဆဲခံ ပြည်သူတွေ ကိုသာ ချစ်ခင်စွာနှင့် စေတနာ ကောင်းထားသော အနုပညာသည်ကြီး ဟူ၍ပင် မြင်နေပါသည်။

သူ့ပညာတွင် ဦးဘဂျမ်းသည် နှစ်ဦး မပေါ်သေးသော ပညာသည် ပါပေ။ တက်သက်စ စုတ်ချက်များ ရှိသော်လည်း ဦးဘဂျမ်း၏ အရည်အသွေးကို မီဖို့ မနည်း ကြိုးစားရ ဦးမည်ပင် ဖြစ်ပါသည်။ ဦးဘဂျမ်း၏ စုတ်တံသည် "ကျွန်တော့် မျက်စိ အောက်မှာ မျက်စိ နောက်စရာ ကိုးရိုး ကားရားတော့ လာမလုပ်နဲ့၊ စုတ်ချက်ဖျားမှာ ကားခနဲ နေသွားရမယ်" ဟု မဆိုသော်လည်း ဆိုဘိ သကဲ့သို့ ထင်ရ ပေသည်။

ဦးဘဂျမ်းသည် ယခု ဖစပလ အစိုးရကို ဝေဖန်ရာ၌ အတိုက်အခံ အဖွဲ့များထက် ပိုမို သေးသည်။ သူမြင်သမျှကို တချက်မျှ ချမ်းသာပေးဘဲ ထောက်မညှာပင် ဝေဖန် သရော် ခဲ့သည်။ တခါက လာဘ်ပေး လာဘ်ယူ ပပျောက်ရေး အတွက် ကာတွန်းများ ဆွဲခိုင်းလို၍ ဝန်ကြီးချုပ် သခင်နုက ဦးဘဂျမ်းအား သူ့အိမ်သို့ လာပါရန် ခေါ်ယူသည်ဆို၏။ ထိုအခါ ဦးဘဂျမ်းက ရိုးသားစွာပင် မြင်းလှည်းကလေးဖြင့် ဝင်ဒါမီယာ ဝန်ကြီးများ ရိပ်သာသို့ သွားခဲ့လေသည်။ သံဆူးကြိုးနှင့် သေနတ်ကိုင် အစောင့်ကြီးတွေ ချထားသည့် အိမ်နှင့် ခပ်ဝေးဝေးရှိ တံခါးတွင် မြင်းလှည်းကို ရပ်ထားခဲ့ပြီး ဝန်ကြီးချုပ် အိမ်သို့ ခြေကျင် ဆင်း၍ လာခဲ့သည်။ ဝန်ကြီးချုပ်က "ခင်ဗျား ဘာနဲ့ လာသလဲ" ဟု မေးရာ မြင်းလှည်းဖြင့် လာကြောင်း ဦးဘဂျမ်းက ဖြေသည်။ ဝန်ကြီးချုပ်က "ခင်ဗျား မြင်းလှည်းကလေး ပြန်လွှတ် လိုက်ပါဗျာ" ဟု ပြောသဖြင့် ဦးဘဂျမ်းက "ဘာလဲဗျ၊ အိပ်ရာလိပ် ပြန်ယူ ရတော့မှာလား" ဟု ရယ်မော၍ မေးသည်ဟု ကြားရသည်။ အဓိပ္ပာယ်မှာ ပုဒ်မ (၅) များ ခေတ်စား လှချိန် ဖြစ်သဖြင့် ထောင်ထဲ သွင်းတော့မည် လောဟု သရော်ခြင်း ဖြစ်သည်။ ထိုစဉ်က ဦးဘဂျမ်း ဆွဲပေးသည့် ကိုယ့်မုတ်ကိုယ် ထမ်း၍ တရကြမ်း ပြေးရသည့် ခေတ်သစ် ငရဲခန်းများကို ယနေ့တိုင် မြင်ယောင်၍ နေကြ သေးသည်။

ဦးဘဂျမ်း၏ ကာတွန်း ရုပ်ပြောင် များ အသက်ဝင်ပုံ ကိုမူ ပန်းချီပညာကို ဝေဖန် နိုင်သူ မဆိုထားဘိ၊ လမ်းပေါ်မှ မည်သူက မဆို ကောင်းကောင်းကြီး သိခဲ့သည်။ ဤမျှ ဘာကြောင့် အသက်ပါရ သနည်း။ ကိုပြုး မပြုံး သည်လည်းကောင်း၊ ဦးဖျောက်ဆိပ် သည်လည်းကောင်း၊ မောင်မြေဇာ သည်လည်းကောင်း မြန်မာ ပြည်သူတို့က မိမိတို့နှင့် အေးအတူ ပူအမျှ ခံစား စံစားနေရသည့် သက်ရှိ ပြည်သူ တယောက်ကဲ့သို့ ထင်မှတ်လျက် ရှိရခြင်းသည် အဘယ့်ကြောင့် နည်းဟု တွေးမိ ကြပေလိမ့်မည်။ သူ့ အရုပ် ကလေးများကို သက်ရှိလူသား ပြည်သူတို့နှင့် ဘဝတူတူ ထင်မှတ် ရခြင်းသည် ဦးဘဂျမ်း၏ ပြည်သူ့ ဘဝကို ရိုးသားစွာ ကျင်နာမှု Sincere ဖြစ်မှုကြောင့်ဟု တထစ်ချ ဆိုဝံ့သည်။

ဦးဘဂျမ်းသည် ကာတွန်းဆရာ ဆိုသော်လည်း စာပေ အရေးအသားတွင် ညံ့သူ မဟုတ်ပေ။ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထု တို့ကို မရေးသော်လည်း ရေးသမျှသည် ကောင်းသည်ချည်း ဖြစ်သည်။ ထို့ကြောင့် သူ့ ကာတွန်းများကို စာထည့်သည့် အခါ၌ စာကလေး ဆယ့်လေး ငါးလုံးနှင့် ထိရောက်အောင်၊ မိအောင် ဖော်ပြနိုင်ခြင်း ဖြစ်သည်။ သူ့ကာတွန်း မျက်နှာထား သရုပ်ဖော်ပုံကို အခြားသူများ အတုခိုး ခက်သည့် နည်းတူ သူ့စကားလုံး သုံးပုံကိုလည်း တူနိုင်သူ ပေါ်ပေါက်ဖို့ မလွယ်။

ချာလီ ချက်ပလင်သည် အထောင်းအထု အကန်အကျောက် များကို ခံရသည့် လူ့နင်းပြား ဘဝကို သရုပ်ဖော်ရာ၌ သူမတူအောင် စွမ်းဆောင်နိုင်သည့် တယောက် တည်းသော ရုပ်ရှင် ပညာသည် ဖြစ်သကဲ့သို့ ဦးဘဂျမ်း ကလည်း လူနေမှု စနစ်ဆိုး၊ အုပ်ချုပ်ရေး စနစ်ဆိုးများ အောက်တွင် ဖြစ်ပျက် နေသော ပြည်သူ တို့၏ ဘဝ သံသရာ ပျက်ချော်ချော် ကရောကမည် များကို ထောက်၍ ထောက်၍ ပြနိုင်သည့် တယောက် တည်းသာ ရှိသော ကာတွန်း ဝိဇ္ဇာကြီး ဖြစ်ပါသည်။

ဦးဘဂျမ်း၏ ပြည်သူ တို့၏ ဘဝ ရုပ်လုံးဖော် ကာတွန်းများမှာ ပြောင်းလဲ နေသော ခေတ် အမျိုးမျိုး၏ ကြေးမုံပြင်များ ဖြစ်သဖြင့် အရုပ်ဖြင့် ဖော်သည့် သမိုင်းကြောင်း အနေဖြင့် သိမ်းဆည်း မှတ်တမ်း တင်နိုင်စေရန်၊ မူပိုင် ရှိသူများက ရေးဆွဲ ထည့်သွင်းသည့် နေ့စွဲနှင့်တကွ စုပေါင်း၍ စာအုပ်များ အဖြစ် ရိုက်နှိပ် စေလိုပေသည်။

ဦးဘဂျမ်း သေသော်လည်း ကိုပြူး မပြုံး၊ ကြွက်ဖြူကလေး ဂွတ်ထော်နှင့် ဦးဖျောက်ဆိပ်၊ မောင်မြေဇာ တို့ကား မသေ။


ဦးဘဂျမ်းလမ်း မီးထွန်းပွဲ

တန်ဆောင်တိုင်ပွဲတော်တွင် မြန်မာပြည်အနှံ့အပြား၌မီးပုံးများချိတ်ဆွဲခြင်းစသည့် မီးပုံးအလှဆင်ခြင်းများပြုတတ်ကြရာ လမ်းမတော်မြို့နယ် ၁၃လမ်း၊ ပြည်သူတို့အခေါ်မှာ (ဦးဘဂျမ်းလမ်း) တစ်လျှောက်တွင်မူ မီးပုံးများအပြင် ဦဘဂျမ်း၏လက်ရာကာတွန်းများနှင့် သတိရအောင်းမေ့ဖွယ်ရာများကို ဖေါ်ပြခင်းကျင်းလေ့ရှိသည်။ 

ကိုးကား

  1. [မောင်ဗိုလ်မွှေးရေးသားသော ဦးဘဂျမ်းကာတွန်း တစေ့တစောင်းစာအုပ်၊ အလင်္ကာကျော်စွာ ကာတွန်းဝိဇ္ဇာဦးဘဂျမ်း၏ ဟာသရသကာတွန်းများစာအုပ်နှင့် ဘထွေးရေးသားသော ကာတွန်း ဦးဘဂျမ်းနှင့် သူတို့အမြင်စာအုပ်များမှ ]
  2. နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည် ဖော်ပြပါသည်
  3. လူထုဂျာနယ်၊ အမှတ်-၃၅၊ ၁၉၅၃ မတ် (၁) ရက်
  4. လူထုဒေါ်အမာရဲ့ 'လွမ်းသူ့စာ' စာအုပ်မှ "မသေသော ဦးဘဂျမ်း" ဆောင်းပါး (၂ဝဝ၃ ဖေဖော်ဝါရီလ)
Comments