ဦးနိုင်အောက်

မွန်သူဌေးကြီးနိုင်အောက်သည်သာမန်လူများစိတ်ကူးတောင်မယဉ်ရဲသောအင်္ဂလိပ်ကုမ္ပဏီနှင့်စီးပွါးရေးအရ ယှဉ်ပြိုင်ရဲသောသူတစ်ဦးအဖြစ် အမည်ကျော်ကြားခဲ့သူတစ်ဦးဖြစ်သည်။ အောက်မြန်မာပြည်တွင်သာမက  ကရင်နီပြည်နယ် ထိုင်းနိုင်ငံဇင်းမယ်နယ်အထိ သစ်ကုန်သည်သူဌေးကြီးအဖြစ် နာမည်ကြီးခဲ့သူတစ်ဦးဖြစ်သည်။ သို့ရာတွင်သူဌေးကြီးတစ်ဦးအဖြစ်ဖြတ်သန်းခဲ့သောသူ၏သမိုင်းကြောင်းမှာလည်းစိတ်ဝင်စားစရာအလွန်ကောင်းလှပေသည်။ အလွန်ဆင်းရဲသောကျွဲနွားကျောင်းသားဘ၀မှ ကြိုးစားရုန်းကန်ခဲ့ပြီးမှ ပစ္စည်းဥစ္စာကြွယ်ဝလာသူလည်းဖြစ် သည်။

မွန်သူဌေးကြီးဦးနိုင်အောက်(နဲာအံက်)
          ဦးနိုင်အောက်ကို ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ဂွမ်ကျေးရွာအုပ်စု ရွာသိမ်ဇနပုဒ်ဖြစ်သည့် ခရဲရွာတွင် ဖွါးမြင်ခဲ့သည်။ မွေးချင်း(၅)ဦးအနက် တတိယမြောက်သားဖြစ်သည်။ မိဘများမှာ ဆင်းရဲလွန်း၍ငယ်စဉ်ကကျောင်း မနေရပေ။ ခရဲရွာနှင့်မနီးမဝေး မဲခရက်မွန်ဘုန်းကြီးကျောင်းတွင် မွန်စာပေနှင့်ဂဏန်းသင်္ချာကို သင်ယူခဲ့သည်။ မဲခရက်ကျောင်းရှိ ကုန်းတွင်ကျွဲနွားအငှါးကျောင်းခဲ့ရသည်။ ယခုအခါမဲခရက်ကုန်းတွင် လူအိမ်ခြေမရှိသော်လည်း ဦးနိုင်အောက်ဆောက်လုပ်လှူဒါန်းထားသော ကျောင်းဆောင်ဟောင်းနှင့်စေတီတစ်ဆူရှိနေဆဲဖြစ်သည်။ ပါးစပ် ရာဇ၀င်အရ ဤကုန်းမြေတွင်ဦးနိုင်အောက် အိမ်မက်အရရွှေအိုးတစ်လုံးတူးဖေါ်ရသည်ဟု ခရဲကျေးရွာ သက်ကြီး ရွယ်အိုများမှ ပြောဆိုနေသော်လည်း အတည်ပြု၍မရသေးပေ။ (ဤကား စကားချပ်)

          အရွယ်ရောက်သောအခါ သံလွင်မြစ်ကမ်းနဘေး ကဒိုးကော့နှပ်ကျေးရွာအုပ်စု သံခပိုင်(သြင်ခပိုင်)ရွာသူ မိရွှေမှုတ်နှင့် အကြောင်းပါခဲ့သည်။ လယ်သူရင်းငှါးအဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။ မိရွှေမှုတ်ကွယ်လွန် သောအခါ အလုပ်ကိုကြိုးစားလုပ်ကိုင်သူဖြစ်သည့်အားလျော်စွာ ယောက္ခမမှ ခယ်မဖြစ်သူမိရွှေရုပ်နှင့် အိမ်ထောင် ထပ်မံချပေးခဲ့သည်။ အသက်(၃၅)နှစ်အရွယ်တွင် ကဒိုးကော့နှပ်ကျေးရွာသစ်ကုန်သည်ကြီးနိုင်ထောထံတွင် အလုပ် သမား(ယခင်အခေါ်ကူလီ) အဖြစ်အလုပ်ပြောင်းလဲလုပ်ကိုင်ခဲ့သည်။ အလုပ်ကိုအပတ်တကုပ်ကြိုးစား လုပ်ကိုင်သူဖြစ်သည့်အားလျော်စွာ မကြာမီအလုပ်သမားခေါင်းဆောင်အဖြစ် သစ်ကုန်သည်ကြီးနိုင်ထောမှ ယုံကြည်စွာခန့်အပ်ခဲ့သည်။ လုံးလ၀ိရိယအားစိုက်လုပ်ကိုင်ရင်း ငွေကြေးတစစစုဆောင်းခဲ့သည်။ ထိုအချိန်တွင် ဒုတိယဇနီးထပ်မံကွယ်လွန်ပြန်သဖြင့် ကဒိုးကော့နှပ်ရွာသူ မိဇာအုပ်နှင့်ထပ်မံအိမ်ထောင်ပြုခဲ့ပြန်သည်။

          အသက်(၅၀)အရွယ်တွင် သစ်ကုန်သည်ကြီးနိုင်ထောထံ ခေါင်းခွဲခေါ် သစ်ခေါင်းအလုပ်ကိုခွဲပေးရန်တောင်းခံ ခဲ့ပြီး ကိုယ်ပိုင်အလုပ်ကိုခွဲ၍လုပ်ကိုင်ခဲ့သည်။ ဦးထော်မှလည်း ရိုးသား၍ကြိုးစားသော ဦးနိုင်အောက်ကို တူသားသဖွယ်ချစ်ခင်ပြီး ၄င်းပိုင်ဆိုင်သောသစ်လုပ်အကွက်များကိုခွဲပေးခဲ့သည်။ ဦးနိုင်အောက်သည် ကရင်နီနယ် သစ်တောများတွင်သစ်လုပ်ပိုင်ခွင့်ရရှိခဲ့ပြီးကြိုးစား၍လုပ်ကိုင်ခဲ့ပြီး စီးပွါးရေးမှာလည်းဒီရေအလားတိုးတက်ခဲ့သည်။
ထိုစဉ်က ကရင်နီပြည်နယ်အစိုးရနှင့် အင်္ဂလိပ်အစိုးရတို့အကြား သစ်တောပိုင်ဆိုင်မှုအတွက် အငြင်းပွါးနေချိန် ဖြစ်သောကြောင့် အခက်ခဲဖြစ်နေသေးသော်လည်း နောက်ပိုင်းဦးနိုင်အောက်၏ ရိုးသားကြိုးစားမှုကို အသိ မှတ်ပြုလာပြီး အခက်ခဲများကိုကျော်ဖြတ်လာနိုင်ခဲ့သည်။ သစ်လုပ်ငန်းများသာမက အင်္ဂလိပ်တပ်မှ အ၀တ် အထည်နှင့် အခြားအသုံးအဆောင်ပစ္စည်းများကိုလည်းဝယ်ယူပြီး ကယားပြည်နယ် ကန္တရ၀တီ လွိုင်ကော် ဘော်လခဲ ကြယ်ကြီးဖိုး နောင်ပုလဲ ငွေတောင်သို့ ကူးသန်းရောင်းဝယ်ဖေါက်ကားခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံ ဇင်းမယ်ဒေသရှိ သစ်တောကြိုးဝိုင်းများကိုအခွန်ဆောင်ပြီး ဆင်ကောင်ရေ(၄၀)ကျော်ဖြင့်လုပ်ဆောင်ခဲ့ရာ လုပ်ငန်းအောင်မြင်မှု များစွာရှိလာခဲ့သည်။ တတိယမြောက်ဇနီးကွယ်လွန်သောအခါ ဘုရား၊စေတီ၊ တန်ဆောင်း၊ သိမ်၊ကျောင်း ဇရပ်များ ကိုဆောက်လုပ်လှူဒါန်းကာကုသိုလ်ကောင်းမှုပြုလုပ်ခဲ့သည်။ (၁၈၇၈)ခုနှစ်တွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံကျောင်း တိုက်တွင်သီတင်းသုံးနေသော မွန်ဆရာတော်ဦးပညာဓမ္မကို ပင့်ဆောင်တော်မူပြီး ပရိယတ္တိသာသနာ ပြန့်ပွါးစေရန်အတွက် ကျောင်းတိုက်၊စာသင်တိုက်များကိုဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုအချိန်တွင် တတိယဇနီး ကွယ်လွန်ပြီး စတုတ္ထဇနီးဖြစ်သူ ကဒိုးကော့နှပ်ရွာသူမိဗျုနှင့်ထပ်မံအိမ်ထောင်ပြုခဲ့သည်။

          ဦးနိုင်အောက်သည် မျိုးချစ်စိတ်ပြင်းထန်သူဖြစ်သလို မဟုတ်မခံတတ်သောစိတ်ရှိသူတစ်ဦးလည်းဖြစ်သည်။ ထိုကာလတွင် ချစ်တီးကုလားများ ဘာဘူကုလားများမှ ငွေချေးလုပ်ငန်းများ ဆန်စပါးအရောင်ဝယ်လုပ်ငန်းများကို လုပ်ကိုင်ပြီး တိုင်းရင်းသားများအပေါ် ခေါင်းပုံဖြတ်အမြတ်ကြီးစားနေသည်ကိုမရှုဆိတ်နိုင်ပေ။ လယ်သမားများ သက်သာစေရန်ရန် ငွေချေးငှားလုပ်ငန်းနှင့်စပါးရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ အစပထမတွင်အရှုံးပေါ် ခဲ့သော်လည်း နောက်ပိုင်းတွင် အောင်မြင်မှုရရှိလာခဲ့သည်။ ဦးနိုင်အောက်သည်ခေတ်ပညာမတတ်သော်လည်း ကြိုးစားမှု ၀ိရိယကြီးမှု စည်းကမ်းရှိမှု အမျှော်အမြင်ကောင်းမှုတို့ကြောင့် လုပ်ငန်းအောင်မြင်ခဲ့သည်။ မည်သို့ချမ်းသာပါစေ ပလွှားမှုမရှိ။ ရိုးရိုးကုတ်ကုတ်နှင့် သာမန်လူလိုသာနေထိုင်ခဲ့သည်။ ရှေးလူကြီးများ၏ အဆိုအရ အမြဲတမ်းမော်လမြိုင်ခါးတိုအက်ျီနှင့် ပုဆိုးဖြူကိုသာဝတ်ဆင်လေ့ရှိသည်ဟုဆိုသည်။

          ထိုခေတ်ကာလတွင် သံလွင်မြစ်တစ်ကြော၌ ဧရာဝတီဖလိုတီ အင်္ဂလိပ်ကုမ္ပဏီကသာ ရေကြောင်းခရီးကို လွှမ်းမိုးကြီးစိုးနေသည်။ အဆိုပါရေကြောင်းခရီးသွား မီးသင်္ဘောများကိုဝယ်ယူပြီး စီးပွါးရေးအရယှဉ်ပြိုင်ရန်စိတ်ကူး ပေါက်ခဲ့ပြီး (၁၉၀၀)ခုနှစ်တွင် သွေးသားရင်းဖြစ်သူ သူဌေးကြီးနိုင်ရွှေလှေးအကူအညီဖြင့် စကော့တလန်နိုင်ငံ မက်ကီးအင်ဘက်စတား သင်္ဘောကုမဏြီမှ နှစ်ထပ်သင်္ဘော(၇)စီးနှင့် တစ်ထပ်သင်္ဘော(၂)စီးကို ကျပ်ငွေ (၄၉၀၀၀၀)အကုန်ကျခံ၍ ၀ယ်ယူခဲ့သည်။ မုတ္တမသင်္ဘောကျင်းတစ်ခုကို ကျပ်တစ်သိန်းအကုန်ကျခံ၍ တည် ဆောက်ခဲ့သည်။ ထို့နောက် ဧရာဝတီဖလိုတီ အင်္ဂလိပ်ကုမ္ပဏီနှင့် ယှဉ်ပြိုင်ကာ သံလွင်မြစ်တကြောရှိရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့သည်။ ဦးနိုင်အောက်ပိုင်သင်္ဘောအမည်များမှာ(၁) အောင်သီတာ (၂)အောင်မင်္ဂလာ(၃)အောင်မာလာ(၄) အောင်ဒီပါ(၅) အောင်စင်္ကြာ(၆) အောင်သိန်း(၇) အောင်တင် (၈)အောင်ဇေယျနှင့် အောင်နိဗ္ပာန်တို့ဖြစ်သည်။ ဧရာဝတီဖလိုတီသင်္ဘောကုမ္ပဏီနှင့် အပြိုင်အဆိုင်သင်္ဘောခလျော့ ယူပြေးဆွဲခဲ့သည်။ နောက်ဆုံးသင်္ဘောခမယူဘဲ ပုဝါတစ်ပိုင်လက်ဆောင်ပေးခဲ့သည်အထိဖြစ်သွားခဲ့သည်။ နောက်ဆုံးအရင်းအနှီးများပြားသော အင်္ဂလိပ်ကုမ္ပဏီကိုမယှဉ်နိုင်တော့ဘဲ သင်္ဘောပြေးဆွဲခြင်းကိုရပ်နားခဲ့ရသည်။ သင်္ဘောကိုလည်း  ဧရာဝတီဖလိုတီကုမ္ပဏီကို ကျပ်ငွေ(၆)သိန်းဖြင့်အပြီးအပိုင်ရောင်းချခဲ့သည်။ ထိုအခါသံလွင်မြစ် တစ်ကြောဝယ်  ဧရာဝတီအင်္ဂလိပ်ကုမ္ပဏီကသာပြိုင်ဘက်မရှိ မင်းမူသွားခဲ့သည်။ ထိုခေတ်ထိုအခါက  အင်္ဂလိပ် ကုမ္ပဏီကို ပြိုင်ဝံ့သူမှာအလွန်ရှားပါးလှကား ဦးနိုင်အောက်၏ယှဉ်ပြိုင်ရဲသောသတ္တိကိုချီးကျူးကြသည်။ ရင်းနှီး မြုပ်နှံမှုများပြားပြီးအစိုးရမှနောက်ခံပေးထားသော အင်္ဂလိပ်ကုမ္ပဏီကိုယှဉ်ပြိုင်ရာတွင်ရှုံးနိမ့်ခဲ့သော်လည်း နယ်ချဲ့ အရင်းရှင်စံနစ်စီးပွါးရေးလုပ်ငန်းကို တုပပြိုင်ရဲသောသတ္တိမှာ နည်းနည်းနောနောမဟုတ်ချေ။
 
   ဦးနိုင်အောက်၏နောက်ဆုံးဇနီးမှာမိငြိမ်းမေဖြစ်ပြီး သားသမီးတစ်ဦးမှမထွန်းကားခဲ့ချေ။ ၄င်း၏အမွေကို သွေးသားရင်းဖြစ်သူကိုစံနစ်တကျလွှဲပြောင်းအပ်နှံခဲ့သည်။
ဦးနိုင်အောက်သည် ငယ်စဉ်ကဆင်းရဲသား ကျွဲကျောင်းသား လယ်သမား သစ်အလုပ်သမားဘ၀မှ ရုန်းကန်ကြိုးစားကာ သိန်းပေါင်းရာကျော်ချမ်းသာသောသူဌေးတစ်ဦးအဖြစ်ထင်ရှားယုံမက ဗြိတိသျှပိုင်ဧရာဝတီ သင်္ဘောကုမ္ပဏီနှင့် စီးပွါးပြိုင်ရဲသော မွန်အမျိုးသားလုပ်ငန်းရှင်တစ်ဦးအဖြစ် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။

ကွယ်လွန်ခြင်း

 ဦးနိုင်အောက်သည်အသက်(၈၁)နှစ်အရွယ်(၁၉၁၃)ခုနှစ်ဇွန်လ(၃၀)ရက်တနင်္လာနေ့နေ့လည်(၁၂)နာရီခွဲကျော်ကျော်တွင်
ကွယ်လွန်သွားခဲ့သည်။ သူ၏ဂုဏ်သတင်းကို နောင်လာနောက်သားများအမှတ်ရစေရန် ပုံတူကျောက်ရုပ်တစ်ခုကို ကဒိုးကော့နှပ်ဘုန်းကြီးကျောင်းဝင်းအတွင်း (၁၉၂၇)ခုနှစ်အောက်တိုဘာ(၁၅)ရက်တွင် ထုလုပ်စိုက်ထူခဲ့သည်။ ပုံတူရုပ်ထုအောက်တွင်
          ကော့နှပ်ရွာနေ ကောင်းမှုပုညရှင်ကြီးဖြစ်သော သစ်ကုန်သည်၊ဆန်စက်ပိုင်ရှင်၊မြန်မာပြည်မီးသင်္ဘော သူဌေးကြီးဦးနာအောက်သည် သက္ကရာဇ်(၁၂၇၅) နယုန်လဆုတ်(၁၂)ရက်နေ့(၁၂)နာရီ(၃၅)မိနစ်အချိန်တွင် ကွယ်လွန်လေသည်။ဟူသောစာတမ်းရေးထိုးထားသည်။

        

ကိုးကား
-မောင်ဇေယျာရေး မြန်မာလူကျော်(၁၀၀) ပထမအုပ်။
-ကျောင်းသုံးမြန်မာဖတ်စာအုပ်။
-နိုင်အောက်အထုပ္ပထ္တိ၊ မွန်ဘာသာ။
-မွန်မဂ္ဂဇင်းများ။
Comments