အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သီဟနာဒိကာနံ ယဒိဒံ ပိဏ္ဍောလဘာရဒွါဇော။ (အံ-၁၊ ၂၄)

ရှေးဆုတောင်း

အရှင်ပိဏ္ဍောလဘာရဒွါဇ အလောင်းတော်သည် ပဒုမုတ္တရ ဘုရားလက်ထက်တော်ဝယ် ဟံသာဝတီမင်းနေပြည်တော်ဝယ် မဟာသာလသူဌေးမျိုး၌ဖြစ်၍ တနေ့သောအခါ ကျောင်းတော်သို့သွားရောက်ကာ တရားနာယူစဉ် ဘုရားရှင်က ရဟန်းတပါးကို “ရဲရဲတောက် မဂ်ဖိုလ်စကား ပြောကြားကြသော ရဟန်းတို့တွင် အမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူသည်”ကို တွေ့မြင်ရ၍ ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလျှင်ပြီးလျှင် ထိုရာထူးကို ဆုပန်ခဲ့လေသည်။

ဆုံးဘဝတွက်ဧတဒဂ်ရလျက်ထေရ်ပိဏ္ဍော

အရှင်မြတ်အလောင်းတော်သည် ဂေါတမဘုရား လက်ထက်တော်ဝယ် ရာဇဂြိုဟ်မင်း နေပြည်တော်၌ ပုဏ္ဏားမျိုးဖြစ်ကာ တချိန်သောအခါ တရားတော်ကို နာယူရ၍ ဘုရားရှင်ထံတော်မှာ ရဟန်းပြုလေသည်။ ဣန္ဒြိယဘာဝနာတရား ပွားများကြိုးကုတ် အားထုတ်တော်မူ၍ အရဟတ္တဖိုလ်သို့ ရောက်ရှိခဲ့လေသည်။

အရှင်ပိဏ္ဍောလဘာရဒွါဇသည် အရဟတ္တဖိုလ်ရောက်သောနေ့၌ပင် (ရဟန္တာဖြစ်သော နေ့၌ပင်) သံကောက် (သော့)ကို ယူ၍ ကျောင်းတကျောင်းမှ တကျောင်းသို့, ပရိဝုဏ်တခုမှ ပရိဝုဏ်တခုသို့ သွား၍ “မဂ်ဖိုလ်၌ ယုံမှားရှိသူသည် ငါ့ကို မေးလော့”ဟု ခြင်္သေ့ကဲ့သို့ ရဲရင့်စွာ ကျုံးဝါးလျက် လှည့်လည်သတတ်၊ ဘုရားရှင်၏ ရှေ့တော်မှာပင် “အရှင်ဘုရား ဤသာသနာတော်၌ ပြုဖွယ်ကိစ္စသည် တပည့်တော်အား အထွတ်အထပ်ရောက်ပါပြီဘုရား”ဟု ရဲရင့်စွာ လျှောက်ထားလေသည်။ ထို့ကြောင့် ခြင်္သေ့ကဲ့သို့ ရဲရင့်စွာ ကျုံးဝါးမြွက်ဆိုနိုင်ကုန်သော ဘုရားရှင်၏ တပည့်တို့တွင် “အမြတ်ဆုံး” ဖြစ်သည်။ (အံ-ဋ္ဌ၊ ၁-၁၅၃-၁၅၄)

ကိုးကား

မင်္ဂလာသတင်းစဉ် - http://www.mawluu.com/
Comments